ဖေဖော်ဝါရီ−၂၅ ၊၂၀၂၆။ဒလပန်း/People’s Spring
အာဏာသိမ်းစစ်တပ်ရဲ့ ဒရုန်းကြောင့် ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် (DKBA)တပ်ဖွဲ့ဝင် သုံးဦးသေဆုံးခဲ့ရတဲ့ဖြစ်ရပ်ဟာ မတော်တဆဖြစ်တာလို့ DKBA အမှတ်(၁)ကွပ်ကဲရေး နည်းဗျူဟာမှူး ဗိုလ်မှူးကြီး စောတရီးထူးက ပြောပါတယ်။
“ တခြားကိစ္စ ပြောချင်တာမရှိဘူး။သူတို့သွားတာ ကျွန်တော်တို့ မသိရဘူး။ဒါဟာ မတော်တဆလို့ ပြောရမှာပေါ့။ထွေထွေထူးထူးတော့ ပြောဖို့မရှိဘူး။အဲဒီနေရာက စစ်မြေပြင်ဖြစ်တယ်။စစ်ဖြစ်နေတဲ့ နေရာဖြစ်တော့ သွားတော့ ဒီလိုကတော့ ဖြစ်မှာပဲ။ဒီလိုကိစ္စက ဖြစ်တက်တယ်” လို့ ဗိုလ်မှူးကြီးစောတရီးထူးက ပြောပါတယ်။
DKBA တပ်ဖွဲ့ဝင်သုံးဦးသေပြီး အရာရှိ တစ်ဦး ဒဏ်ရာရတယ်လို့ သတင်းရပါတယ်။

Public Service Announcement
ကရင်ပြည်နယ်၊မြဝတီမြို့တောင်ဘက်က ဖလူး-မဲကနယ် လမ်းပိုင်းတနေရာမှာ ဖေဖော်ဝါရီ ၂၄ ရက်က စစ်တပ်ရဲ့ ဒရုန်းနဲ့ကြဲမှုကြောင့် DKBAတပ်ရဲ့ အရာရှိတစ်ဦး ဒဏ်ရာရပြီး ရဲဘော် သုံးဦး သေဆုံးခဲ့ရတာ ဖြစ်ပါတယ်။
” တပ်ဖွဲ့ဝင်ပဲ အရာရှိတော့ မဟုတ်ဘူး။ရွာကနေ မြဝတီကို စျေးသွားမလို့။သွားရင်းနဲ့ အဲဒီနေရာက စစ်မြေပြင် ဖြစ်တဲ့အတွက် အဲဒီလို ဘယ်လိုပြောမလဲ ဆိုတော့ စစ်မြေပြင်ဆိုတော့ ရန်သူမိတ်ဆွေခွဲ ခြားလို့ မသိတော့ ဖြစ်သွားတာပေါ့။အဲဒီမှာ ပြည်သူတွေလည်းပါတယ်။ကျွန်တော်တို့ ရဲဘော်က သုံးယောက် ပြည်သူက နှစ်ယောက်။ထိတာ(ဒဏ်ရာရတာ)ခြောက်ယောက်။တပ်ဖွဲ့ဝင်အရာရှိ တစ်ယောက်ပါတယ်။ကျန်တဲ့ငါးယောက်က ပြည်သူ” လို့ ဗိုလ်မှူးကြီး စောတရီးထူးက လူထုနွေဦးကို ပြောပါတယ်။
ဒါအပြင် ဒီဖြစ်စဥ်အပေါ် DKBAက တုံ့ပြန်ဖို့ မရှိဘူးလို့ သူက ဆက်ပြောပါတယ်။DKBA ဟာစစ်တပ်နဲ့အပစ်ရပ်လက်မှတ်ထိုးထားပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်ဖိတ်ခေါ်တဲ့ငြိမ်းချမ်းရေးဆွေးနွေးပွဲတိုင်းကိုတက်ရောက်နေတဲ့ စစ်တပ်နဲ့ နီးကပ်တဲ့အဖွဲ့ဖြစ်ပါတယ် ။တဖက်မှာ အမေရီကန်နိုင်ငံသားတွေကို ဦးတည်ပြီးတော့ အွန်လိုင်ငွေလိမ်လုပ်ငန်းတွေလုပ်တာကြောင့်ဆိုပြီး အမေရီကန်အစိုးရက DKBA နဲ့ခေါင်းဆောင်တွေကို အရေးယူဒဏ်ခတ်ထားပါတယ်။
သေဆုံးသွားတဲ့ DKBA တပ်ဖွဲ့ဝင်တွေကို ဒီကနေ့ မှာ မီးသဂြိုလ်တယ်လို့ ဒေသခံသတင်းရင်းမြစ်က ဆိုပါတယ်။
“ သေဆုံးထိခိုက်တဲ့ အရပ်သားတွေက ဘယ်သူမှန်းမသိသေးဘူး” လို့ သူက ပြောပါတယ်။
မဲကနယ်-ဖလူး-ကျောက်ခက်တောလမ်းအနီးဝန်းကျင် ရသေ့ဂူ၊ ဖလူး၊ မင်းလက်ပံကျေးရွာတွေဘက်မှာ စစ်ကောင်စီတပ်က နယ်မြေစိုးမိုးထိန်းချုပ်ဖို့အတွက် စစ်ရေးလှုပ်ရှားတာတွေ ရှိနေတာပါ။
ဒါအပြင် ဒရုန်းနဲ့တိုက်ခိုက်တာ၊လေယာဉ်နဲ့ ဗုံးကြဲတာတွေရှိနေတာကြောင့် သွားလာရာမှာ အထူးသတိပြုကြဖို့၊ အထူးသဖြင့် အဲဒီလမ်းပိုင်းကို အသုံးပြုတာကို ရှောင်ရှားသွားလာကြဖို့လည်း ဒေသခံအချင်းချင်းကြား သတိပေးတာတွေလည်း ရှိနေပါတယ်။
DKBA ဟာ ဦးသိန်းစိန်အစိုးရလက်ထက်က တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ်(NCA)လက်မှတ်ထိုးခဲ့တဲ့အဖွဲ့ဖြစ်ပြီး နေပြည်တော်မှာ အာဏာသိမ်းစစ်ကောင်စီနဲ့လည်း တွေ့ဆုံဆွေးနွေးမှု ရှိခဲ့တာအပြင် ရွေးကောက်ပွဲကို ထောက်ခံတယ်လို့ တရားဝင်ထုတ်ပြန်ထားတဲ့ အဖွဲ့ဖြစ်ပါတယ်။

















































