အီရန်ဟာ တရုတ်လုပ် သင်္ဘောဖျက် ဒုံးကျည်တွေကို ဝယ်ယူနိုင်ဖို့ နီးစပ်နေကြောင်း သတင်းတွေ ထွက်ပေါ်လာပါတယ်။
Reuters သတင်းဌာနက အီရန် အစိုးရ အာဏာပိုင်တွေဟာ CM-302 ခရုစ်ဒုံးကျည်တွေ ဝယ်ယူရေးကိစ္စ တရုတ်နဲ့ ဆွေးနွေးမှုတွေ ဆက်တိုက် တိုးတက်မှု ရရှိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။
အဲဒီ ဒုံးကျည်တွေဟာ စူပါဆောနစ် မြန်နှုန်းနဲ့ ပျံသန်းနိုင်ပြီး ရန်သူ သင်္ဘောတွေကို ဖျက်ဆီးပစ်နိုင်ဖို့ တည်ဆောက်ထားတာပါ။ သီအိုရီတွေအရ ဒီဒုံးကျည်တွေဟာ အမေရိကန်ရဲ့ လေယာဉ်တင် သင်္ဘောကြီးတွေကိုပါ ဖောက်ခွဲ နှစ်မြှုပ်ပစ်နိုင်စွမ်းမျိုး ပိုင်ဆိုင်ထားကြောင်းလည်း ခန့်မှန်းမှုတွေ ရှိနေပါတယ်။
Reutersရဲ့ အဆိုအရ အဲဒီ လက်နက် အရောင်းအဝယ်အတွက် ညှိနှိုင်းမှုဟာ လွန်ခဲ့တဲ့ ၂ နှစ်ကတည်းက စတင်ခဲ့ပြီး အခုတော့ အပြီးသတ် အောင်မြင်မှုရဖို့ နီးကပ်လာနေပြီလို့ သိရပါတယ်။ အီရန်ဟာ မနှစ်တုန်းက အစ္စရေးနဲ့ ဖြစ်ပွားခဲ့တဲ့ ၁၂ ရက် စစ်ပွဲအပြီးမှာ အဲဒီဒုံးကျည်တွေ ဝယ်ယူနိုင်ရေးကို ပိုပြီး အရှိန်မြှင့် အားထည့်လာတယ်လို့လည်း ဆိုပါတယ်။

Public Service Announcement
CM-302တွေဟာ တရုတ်ရဲ့ အစွမ်းထက် လက်နက်တွေအဖြစ် ရည်ညွှန်းခံရပေမယ့် လက်တွေ့ စစ်ပွဲတွေမှာတော့ တစ်ခါမှ အသုံးမချရသေးပါဘူး။
အီရန်နဲ့ အမေရိကန်ကြား စစ်ရေးတင်းမာနေပြီး အီရန်ကမ်းလွန်မှာ လေယာဉ်တင် သင်္ဘောဦးဆောင်တဲ့ အမေရိကန် တိုက်ရေယာဉ်အုပ်တွေ ဖြန့်ကျက် နေရာယူထားချိန်မှာ Reutersရဲ့ သတင်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
လောလောဆယ်မှာ USS Abraham Lincoln လေယာဉ်တင် သင်္ဘောကြီးဟာ အီရန်နိုင်ငံတောင်ပိုင်းက အာရေဗျ ပင်လယ်ထဲမှာ ရှိနေပြီး USS Gerald R Ford လေယာဉ်တင် သင်္ဘောကြီးကလည်း အရှေ့အလယ်ပိုင်းဒေသဆီ ဦးတည် ခုတ်မောင်းနေကြောင်း အမေရိကန် စစ်တပ်က အတည်ပြုထားပါတယ်။
CM-302တွေကို လေယာဉ်တင်သင်္ဘောဖျက် ဒုံးကျည်တွေလို့လည်း ခေါ်ဝေါ်လေ့ရှိပါတယ်။ အီရန်ဟာ တရုတ်ဆီက ဒုံးကျည် အရေအတွက် ဘယ်လောက်များများ ဝယ်ယူဖို့ ကြိုးစားနေသလဲ ဆိုတာကိုတော့ Reutersက ဖော်ပြမထားပါဘူး။ ပြီးတော့ အရောင်းအဝယ်ကိစ္စ သဘောတူညီမှု ရခဲ့ရင်တောင် အီရန်ကို ဘယ်အချိန်မှာ ပို့ဆောင်ပြီး လက်တွေ့ တိုက်ပွဲဝင်အဆင့် ရောက်လာအောင် ဘယ်လောက် အချိန်ယူရမလဲ ဆိုတာကိုလည်း မသိရသေးပါဘူး။
CM-302ဟာ တရုတ်ရဲ့ YJ-12 သင်္ဘောဖျက် ခရုစ်ဒုံးကျည်တွေရဲ့ ပြည်ပတင်ပို့ဖို့ ထုတ်လုပ်ထားတဲ့ ဗားရှင်းဖြစ်ပါတယ်။ အဲဒီ ဒုံးကျည်တွေဟာ ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းဖို့အတွက် ပင်လယ် ရေမျက်နှာပြင်အထက် ခပ်နိမ့်နိမ့် ပျံသန်းနိုင်ပြီး မိုင်ပေါင်း ၁၈၀ လောက်ထိ ခရီးပေါက်နိုင်တယ်လို့ ယုံကြည်ရပါတယ်။ အသံထက် နှစ်ဆခွဲကနေ လေးဆထိ မြန်အောင် ပျံသန်းနိုင်စွမ်းရှိတဲ့ အဲဒီ ဒုံးကျည်တွေကို တရုတ်ရေတပ်၊ လေတပ်၊ ပါကစ္စတန်နဲ့ အယ်လ်ဂျီးရီးယား ရေတပ်တွေက အသုံးပြုနေပါတယ်။
စစ်ရေးသုတေသီ တချို့က အဲဒီ ဒုံးကျည်တွေဟာ ကြားဖြတ်ဟန့်တား ပစ်ချဖို့ အရမ်းခက်ခဲပြီး တကယ်လို့ အီရန်ကသာ ဒေသတွင်းက သင်္ဘောတွေကို စူပါဆောနစ် ဒုံးကျည်တွေနဲ့ တိုက်ခိုက်နိုင်တဲ့ စွမ်းရည်မျိုး ပိုင်ဆိုင်လာရင် စစ်ရေး အခင်းအကျင်း ချိန်ခွင်လျှာမှာ အပြောင်းအလဲတွေ အများကြီး ဖြစ်သွားနိုင်ကြောင်း သတိပေးထားပါတယ်။
ကိုးကား: Telegraph
ဓာတ်ပုံ – Getty Images

















































