ရွှေပြည်စိုး/People’s Spring
၅နှစ်နီးပါးကြာ အိပ်ပျော်နေတဲ့ ကာလနဂါးတွေဟာတစ်ခုသောတနင်္ဂနွေမနက်နေမြင့်ချိန်မှာ ရုတ်တရက်တရေးနိုးလာပါတယ်။
အရပ်သားပြည်သူအသက်တွေ သေကြေ၊ အိမ်ယာတွေဖျက်ဆီးခံရတဲ့သတင်းတွေ မနက်မိုးလင်းကနေ ညသန်းခေါင်သန်းလွဲအထိ နေ့စဉ်ဆူညံပွက်လောရိုက်နေတာတောင်မနိုးတဲ့ မြန်မာပြည်က ကာလနဂါးတသိုက်ဟာ စစ်ကောင်စီတပ်ဝါဒဖြန့်ချိရေးသမားတစ်ယောက် လူမှုကွန်ရက်ပေါ်မှာရေးလိုက်တဲ့စာတစ်ကြောင်းကြောင့်ဩဂုတ်လ၂၄ရက်၊တနင်္ဂနွေနေ့မနက်၉နာရီခန့်မှာတရေးနိုးလာတာပါ။
အလိမ်အညာတွေတစိုက်မတ်မတ်ရေးနေတဲ့ စစ်ကောင်စီ ဝါဒဖြန့်ချီရေးသမားတစ်ယောက်က”နှစ်ပေါင်း၁၂၅နှစ်သက်တမ်းရှိပြီးဖြစ်သောကမ္ဘာ့အမွေအနှစ်ဂုတ်ထိပ်တံတားကြီးအား ပလောင်သောင်းကျန်းသူများချိုးဖျက်စီးသွားခဲ့ပါပြီ” လို့ တနင်္ဂနွေ မနက်ခင်းမှာ လူမှုကွန်ရက်ပေါ် ရေးတင်လိုက်ပါတယ်။

Public Service Announcement
အဲဒီလိုရေးတင်ပြီးမိနစ်ပိုင်းအကြာမှာပဲကာလနဂါးတွေ အုံနဲ့ကျင်းနဲ့နိုးထလာပါတော့တယ်။အိတ်မှုန်စုန်မွှားနဲ့ကာလနဂါးတွေက ဘာမှသေချာမသိဘဲ ” မြန်မာတွေရဲ့နှလုံးသားကို ရိုက်ချိုးလိုက်တဲ့ TNLAတော့ မဟာအမှားကြီးလုပ်မိပြီ” လို့ ဆိုသူကဆို “ပြတ်ပြတ်သားသား တုံ့ပြန်ပေးပါအဘ”လို့ ပြောသူကပြောနဲ့တနင်္ဂနွေနေ့ဟာတော်တော်လေးက က သောင်းကနင်းဖြစ်ခဲ့ပါတယ်။ အများစုကတော့စစ်တပ်ထောက်ခံသူနဲ့ စစ်တပ်ဝါဒဖြန့် အကောင့်တွေဖြစ်ပါတယ် ။ဒါပေမယ့် သာမာန်ပြည်သူတချို့လည်းပါဝင်ပါတယ် ။
ကာလနဂါးဆိုတာ ဒဏ္ဏာနာရီလာနဂါးဖြစ်ပါတယ်။ကာဠနဂါးလို့လည်း ဆိုကြပါတယ်။ဘုရားတစ်ဆူပွင့်မှ တစ်ကြိမ်နိုးတဲ့အထိ အအိပ်ကြီးတဲ့နဂါးအဖြစ် အိပ်ရာဝင်ပုံပြင်အဖြစ်ရောဘာသာရေးယုံကြည်မှုအရပါ ပုံတိုပတ်စ ပြောကြပါတယ်။ တစ်ခုခုကို မသိချင်ယောင်ဆောင်သူ၊ အိပ်ချင်ယောင်ဆောင်သူကို ကာလနဂါးအဖြစ် အရွဲ့တိုက်ပြောဆိုသုံးနှုန်းကြပါတယ်။
ဒီဘက်ခေတ်မှာတော့ စစ်ကောင်စီကျူးလွန်တဲ့ရာဇဝတ်မှုတွေကို မသိချင်ယောင်ဆောင်ဖုံးကွယ်ထားပြီး ပကတိအရှိတရားကို မမြင်ချင်အောင်ဆောင်နေတဲ့ ဝါဒဖြန့်ချိရေးသမားတွေနဲ့ သူတို့ နောက်လိုက်တွေဟာ ခေတ်သစ်ကာလနဂါးတွေလို့ကျွန်တော်ကသတ်မှတ်ပါတယ်။
စစ်ကောင်စီဟာ ၂၀၂၁ခုနှစ် ဖေဖော်ဝါရီလ၁ရက်နေ့ကစပြီး အာဏာသိမ်းပြီးနောက်ပိုင်း ၅နှစ်နီးပါးကြာလာတဲ့အထိ အရပ်သားပြည်သူ၇,၁၀၀ကျော်ကို သတ်ဖြတ်ခဲ့ပါတယ်။အဲဒီထဲမှာကလေးငယ် ၈၀၀ ကျော် အမျိုးသမီး ၁၇၀၀ ကျော်ပါဝင်ပါတယ်။ဒါအပြင် စစ်တပ်ကပြည်သူ၃၀,၀၀၀နီးပါးကိုဖမ်းဆီးခဲ့ပြီး ၁၇၀ ကျော်ကို သေဒဏ်ချမှတ်ထားပါတယ်။ ဒီစာရင်းက နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့် ရှောက်ရေးအသင်း (AAPP)ရဲ့ သြဂုတ်လနှောင်းပိုင်းနောက်ဆုံးထုတ်ပြန်ထားတဲ့စစ်တမ်းဖြစ်ပါတယ်။ ဒါအပြင် မြန်မာဘုရင်တွေရဲ့ အထင်ကရနန်းတော်ဖြစ်တဲ့ မန္တလေးနန်းတွင်းမှာ စစ်ဌာနချုပ်တည်ထားပါတယ်။ မြောက်ဦးရှေးဟောင်းယဉ်ကျေးမှုဇုန်၊ ဟန်လင်း၊ ပုဂံညောင်ဦး နဲ့ မင်းကွန်းဒေသက ရှေးဟောင်းယဥ်ကျေးမှုအဆောက်အအုံတွေကို တိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။ တောင်ပေါ်နဲ့မြေပြန့်ဒေသမကျန် နှစ်ပေါင်းရာချီသက်တမ်းရှိတဲ့ ရှေးဟောင်းအဆောက်အအုံတွေကိုလည်း ဖျက်ဆီးထားပါတယ်။ ဒီလိုရာဇဝတ်မှုတွေကျူးလွန်တာကို မမြင်ချင်အောင်ဆောင်ပြီးအိပ်ပျော်နေတဲ့ကာလနဂါးတွေဟာ ဂုတ်ထိပ်တံတားကို TNLAက မိုင်းခွဲဖျက်ဆီးတယ်ဆိုတဲ့ ဝါဒဖြန့်သတင်းကို ကြားကြားချင်းပဲ အုံလိုက်ကျင်းလိုက်နိုးလာကြတာပါ။
အာဏာရှင်ကြိုးဆွဲရာကနေသူတွေ နေရာယူထားတဲ့ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA(ဗဟို)အပါအဝင် ဘာသာရေးအဖွဲ့အစည်းတွေ၊စစ်တပ်ဆွေမျိုးတွေ ကြီးစိုးထားတဲ့ မြန်မာနိုင်ငံသဘင်အစည်းအရုံး(ဗဟို)အပါအဝင် ဖျော်ဖြေရေးအဖွဲ့အစည်းတွေအပြင် စစ်ကောင်စီလက်အောက်ခံလူ့အခွင့်အရေးကော်မရှင်ကပါ ဂုတ်ထိပ်တံတားကိုအကြောင်းပြုပြီး အိပ်ယာနိုးလာခဲ့ကြပါတယ်။ ထုံးစံအတိုင်း နှုတ်တိုက်ကျက်၊ အာဂုံဆောင်ထားတဲ့ ” ဂုတ်ထိပ်တံတားဖျက်ဆီးခံရခြင်းဟာ အကြမ်းဖက်လုပ်ရပ်ဖြစ်ကြောင်း” စစ်ကောင်စီရဲ့ဝါဒဖြန့်ချိရေးစာမျက်နှာတွေကတစ်ဆင့် နေဝင်ချိန်ပြိုတဲ့ ကျီးငှက်များလို စူးစူးဝါးဝါး အော်ဟစ်ကြပါတော့တယ်။
ကာလနဂါးတွေရဲ့ဒီလုပ်ရပ်ဟာ ဝါဒဖြန့်ချိမှုထက်ပိုတဲ့ ပစ်မှတ်တစ်ခုကိုဦးတည်နေပါတယ်။၁၂၅ နှစ်သက်တမ်းရှိပြီဖြစ်ကိုလိုနီခေတ်လက်ကျန် ဂုတ်ထိပ်တံတားဟာ ရှမ်းပြည်နယ်၊ နောင်ချိုမြို့နဲ့ကျောက်မဲမြို့ကိုဆက်သွယ်ထားတဲ့ မန္တလေး-လားရှိုးရထားလမ်းပေါ်မှာရှိပါတယ်။ ရှိုမြောင်နဲ့တောင်ကြောကို ဖြတ်ဖောက်ထားတဲ့ မြန်မာနိုင်ငံမှာအမြင့်ဆုံး ဒီတံတားဟာ ကမ္ဘာသိဂုတ်ထိပ်တံတားအဖြစ် လူသိများပါတယ်။ ဂုတ်ထိပ်တံတားရှိရာ နောင်ချိုမြို့ကို ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ TNLA၊DPLAနဲ့ ပူးပေါင်းတပ်တွေ ၂၀၂၄မှာသိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး ၂၀၂၅ ဇူလိုင်လထဲမှာတော့ စစ်ကောင်စီကပြန်လည်သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီနောက် နောင်ချိုမြို့နယ်ထဲအပြင် ဂုတ်ထိပ်တံတားပတ်ဝန်းကျင်မှာလည်း တိုက်ပွဲတွေဆက်ဖြစ်ခဲ့ပါတယ်။
နောင်ချိုရဲ့ ဟိုဘက်က ကျောက်မဲမြို့ကိုလည်း ဦးတည်ပြီးစစ်ပြင်နေပါတယ်။ ကျောက်မဲမြို့နယ်ထဲက အဓိကအချက်အချာကျတဲ့ နောင်ပိန်တိုက်နယ်ကိုအပြင်းအထန်တိုက်ခိုက်နေပါတယ်။ အရပ်သားသေဆုံးမှုတွေလည်းများပြားနေပါတယ်။ ဒီအရပ်သားတွေဟာ TNLA တပ်ဖွဲ့ဝင်တွေဖြစ်တယ်လို့ စစ်လော်ဘီတွေက သတင်းအမှားထုတ်နေပြီး ရှေ့ဆက်ပြီးစစ်ရေးဖော်ဆောင်ဖို့အတွက် လူထုကို လှည့်ဖျားဖို့နဲ့ လက်အောက်ခံတပ်ဖွဲ့ဝင်တွေကို မြှောက်ပင့်ပေးဖို့ ဂုတ်ထိပ်တံတားကို အသုံးချလိုက်တာဖြစ်ပါတယ်။ စဉ်းစားဆင်ခြင်နိုင်စွမ်းနည်းပါးတဲ့ ကာလနဂါးတွေဟာ ဂုတ်ထိပ်တံတားကို TNLAက ဖျက်ဆီးလိုက်ကြောင်း အထောက်အထားမရှိဘဲ ပြောတာကို စက္ကန့်ပိုင်းအတွင်းယုံကြည်သွားကြပါတယ်။
“ဂုတ်ထိပ်တံတားကိုဖျက်ဆီးတဲ့TNLAဟာ သမိုင်းတရားခံဖြစ်သွားပြီ” လို့ ကာလနဂါးတသိုက်က အော်ဟစ်နေချိန်မှာပဲစစ်ကောင်စီပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဂုတ်ထိပ်တံတား ဖောက်ခွဲဖျက်ဆီးခံရတဲ့အတွက် ပြင်းထန်တဲ့လက်တုံ့ပြန်မှုတွေလုပ်သွားမယ်လို့ အဲဒီနေ့မှာပဲ ဆိုပါတယ်။ အဓိကက ဒါကို စစ်ကောင်စီကပုံဖော်ချင်တာဖြစ်ပါတယ်။
“နောင်ချိုကနေကျော်ပြီး ကျောက်မဲနဲ့ရှမ်းမြောက်မှာ အရပ်သားပစ်မှတ်တွေကိုမရှောင် ဗုံးကြဲတိုက်ခိုက်ဖို့အတွက် TNLAကို ပုံဖျက်လိုက်တာပဲ။ အောက်တန်းကျကျ တိုက်ခိုက်မယ့်အကွက်”လို့ ရှမ်းမြောက်မှာ နေထိုင်သူတစ်ဦးကသုံးသပ်ပါတယ်။
စစ်ကောင်စီဟာလူထုကိုလှည့်ဖျားဖို့နဲ့လက်အောက်ခံတပ်ဖွဲ့ဝင်တွေကို မြှောက်ပင့်ပေးဖို့ ဂုတ်ထိပ်တံတားကို ဘာကြောင့်အသုံးချလိုက်တာလဲဆိုတာကို ရှမ်းပြည်နယ်မြောက်ပိုင်း နိုင်ငံရေးအခြေအနေကို တီးမိခေါက်မိဖို့လိုပါတယ်။ ကာလနဂါးတွေ အစာမကြေတဲ့ သတင်းစကားအချို့ကို ဒီမှာ စာဖတ်ချိန် တစ်မိနစ်စွန်းစွန်းစာ အတိုချုန်း ပြောပေးပါမယ်။ ခပ်သွက်သွက်ဖတ်ဖို့တော့ မေတ္တာရပ်ခံလိုပါတယ်။
၂၀၂၃ အောက်တိုဘာလ၂၇ရက်နေ့ကနေစတင်ခဲ့တဲ့ ၁၀၂၇ စစ်ဆင်ရေးနဲ့အတူ မြောက်ပိုင်းမဟာမိတ်သုံးအဖွဲ့က ရှမ်းပြည်နယ်မြောက်ပိုင်းကမြို့နယ်တွေကို ဆက်တိုက်သိမ်းယူခဲ့ပါတယ်။ စစ်တပ်သမိုင်းမှာ အကြီးအကျယ်အရှက်ရစေခဲ့တဲ့ စစ်ဌာနချုပ် သိမ်းပိုက်ခံရမှုအဖြစ် ၁၀၂၇နဲ့အတူ MNDAAက လားရှိုးမြို့အခြေစိုက် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)ကို သိမ်းယူခဲ့ပါတယ်။စစ်ဗိုလ်ချုပ်တွေကိုလက်ပြန်ကြိုးတုတ်ဖမ်းဆီးပြခဲ့တယ်။
စစ်ကောင်စီရဲ့တိုင်းအဆင့်ထိပ်တန်းအရာရှိတွေဟာ တော်လှန်ရေးရဲဘော်တွေ ရှေ့မှာ ဒူးထောက်လက်မြောက်ခဲ့ရပါတယ်။နေဝင်းနီလိုနာမည်ပြောင် ဟိတ်ကြီးဟန်ကြီးပေးထားခဲ့တဲ့ ရမခဟာ MNDAA ကြောင့်ပဲ ကြက်ဥကြော်ဖြစ်သွားပြီလို့ လှောင်ပြောင်ခံရတဲ့အထိ စစ်ကောင်စီအရှက်ရခဲ့ပါတယ်။ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မူဆယ်မြို့ကလွဲလို့ ကျန်မြို့နယ်အားလုံးကို မဟာမိတ်တွေက သိမ်းပိုက်ခဲ့ပါတယ်။တစ်နိုင်ငံလုံးရဲ့အဓိကနယ်စပ်ကုန်သွယ်ရေးဝင်ပေါက်ဖြစ်တဲ့ ရှမ်းမြောက်ကို ပြန်လည်ရယူနိုင်ဖို့ စစ်ကောင်စီက နည်းမျိုးစုံကြိုးစားနေခဲ့ပါတယ်။ စစ်ရေးအရမယှဥ်နိုင်တဲ့စစ်ကောင်စီဟာ တရုတ်အစိုးရကို ဒူးထောက်ပြီး ရှမ်းမြောက်ကမြို့တွေကို လက်ဝါးဖြန့်ပြီးပြန်တောင်းနေခဲ့ပါတယ်။တရုတ်အစိုးရရဲ့မျက်နှာသာပေးမှုနဲ့အတူ ပြီးခဲ့တဲ့ ဧပြီလမှာ လားရှိုး မြို့ ပေါ် ကွက်ကွက်ကလေးကိုပြန်ရသွားခဲ့ပါတယ်။ မူဆယ်ကိုလည်းမြို့ပေါ်ကိုသာထိန်းချုပ်ထားနိုင်ပြီး အဓိကကုန်သွယ်ရေးစခန်းနေရာတွေဖြစ်တဲ့ ၁၀၅ မိုင်ကုန်သွယ်ရေးဇုန်နဲ့ ကျင်ဆန်းကျော့ဂိတ်၊ လားရှိုးနဲ့မူဆယ်ကြားက ကွတ်ခိုင်၊ နမ့်ဖက်ကာ၊ သိန္နီမြို့၊ လားရှိုးနဲ့နောင်ချိုကြားက ကျောက်မဲ၊ သီပေါမြို့တွေကို ခြေချလို့မရတဲ့အပြင် ရှမ်းမြောက်ရဲ့နောက်ထပ် ကုန်သွယ်ရေး လမ်းကြောင်းတစ်ခုဖြစ်တဲ့ လားရှိုး – သိန္နီ-ကွမ်းလုံ-ချင်းရွှေဟော်- လောက်ကိုင်လမ်းကြောင်းကိုလည်း မျက်စတောင်ပစ်လို့မရခဲ့ပါဘူး။
ရှမ်းမြောက် ကုန်သွယ်ရေးကနေ စားကွက်ပျောက်သွားတဲ့အတွက်မြို့တွေကိုပြန်ထိန်းချုပ်နိုင်ဖို့လိုအပ်တဲ့စစ်ကောင်စီဟာ တရုတ်အကူအညီနဲ့ ပြီးခဲ့တဲ့ ဇူလိုင်လလယ်မှာ နောင်ချိုကို ပြန်သိမ်းယူခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း ကွတ်ခိုင်၊ သီပေါ၊ ကျောက်မဲမြို့နဲ့ ကျောက်မဲမြို့နယ်ထဲက နောင်ပိန်တိုက်နယ်၊ မိုင်းငေါ့မြို့နယ်ခွဲတွေကို ဗုံးကြဲခဲ့ပါတယ်။ မြို့တချို့ကိုလည်း စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီး လူသတ်လိုင်စင်ယူထားပါတယ်။စစ်ရာဇဝတ်မှုတွေကို ဆက်ပြီးကျူးလွန်ဖို့နဲ့ ဖုံးကွယ်ဖို့အတွက် ဂုတ်ထိပ်တံထားကို အသုံးချလိုက်တာဖြစ်တယ်လို့ နောင်ချိုစစ်မျက်နှာမှာ လက်ရှိတိုက်ပွဲဝင်နေတဲ့ ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော်(DPLA) တပ်ဖွဲ့ဝင်တစ်ဦးကဆိုပါတယ်။ ဒါက ရှမ်းမြောက်ရဲ့ ၁၀၂၇ စစ်ဆင်ရေးအလွန် ဒီကနေ့အထိ နိုင်ငံရေးနဲ့စစ်ရေးအခြေအနေဖြစ်ပါတယ်။
ကာလနဂါးတွေ မျက်စိမှိတ်ယုံခဲ့တဲ့ ဝါဒဖြန့်ချိရေးသမားရဲ့ အလွဲတချို့ကို ပြောပြပါမယ်။ ဂုတ်ထိပ်တံတားကို TNLA က မိုင်းခွဲဖျက်ဆီးသွားတယ်လို့ အရင်ဆုံးပြောပါတယ်။ ပြောပြီး သိပ်မကြာခင်မှာပဲပျက်စီးနေတဲ့နေရာရဲ့မလှမ်းမကမ်းအထိ ရောက်နေကြောင်း ရုပ်သံနဲ့ဖော်ပြလာပါတယ်။ အဲဒီရုပ်သံမှာဆိုရင် TNLAက ဝိုင်းပြီးလက်စားချေဖို့ တိုက်တွန်းနေပါတယ်။ အများစုကတော့ စစ်တပ်ထောက်ခံတဲ့သူတွေ နဲ့ စစ်တပ်ဝါဒဖြန့်ချီရေးအကောင့်တွေပဲဖြစ်ပါတယ် ။
နောက်ပြီး ရှေ့တန်းစစ်မျက်နှာပြင်ဆိုပြီး စစ်တပ်အမာခံဝါဒဖြန့်သူက ဝမ်းလျားမှောက်သွားပြပါတယ်။ သူတစ်ယောက်တည်းဝမ်းလျားမှောက်နေတာဖြစ်ပြီး ရိုက်ကူးတဲ့သူက မတ်တပ်ရပ်အနေအထားဖြစ်ပါတယ်။ ရိုက်ကူးရေးလုပ်နေသူရဲ့ဖုန်းကိုသူ လက်လှမ်းယူတဲ့အနေအထားကသိသာပါတယ်။ဒါ့အပြင်သူတစ်ယောက်တည်းဝမ်းလျားမှောက်ပြီးသွားပြနေတာကို ၂မိနစ် ၅၂စက္ကန့်ကြာတဲ့ ရုပ်သံရဲ့ ၂မိနစ်၂၈စက္ကန့်ကို ကြည့်ရင် လိမ်ထားတာပေါ်လွင်ပါတယ်။ သေနတ်ကိုင်ပြီးမတ်တပ်ရပ်လမ်းလျှောက်လာသူတစ်ဦး သူ့ဘေးမှာ ရှိနေတာပါ။ ဝမ်းလျားမှောက်ပြီးသွားနေပေမယ့် သူစီးထားတဲ့ဖိနပ်ခွာကအသစ်အတိုင်းမြင်ရပါတယ်။ ဒါကယုတ္တိလုံးဝမရှိဘူးလို့ အမေရိကန်စစ်တပ်မာတာဝန်ထမ်းဆောင်နေတဲ့ မြန်မာနိုင်ငံသားတဦးက ထောက်ပြသုံးသပ်ထားပါတယ်။
“ဒီတံတားကြီးက မြန်မာနိုင်ငံသားတွေပိုင်တယ်။ ကမ္ဘာရှည်ဟောင်းအမွေအနှစ်ဖြစ်တယ်။ ပလောင်သောင်းကြမ်းသူတွေ ရက်စက်ယုတ်မာတယ် ” ဆိုတဲ့ သွေးထိုးလှုံ့ဆော်တာတွေသူက ပြောသွားပါတယ်။
ဗိုလ်ချုပ်ဇော်မင်းထွန်းလိုပဲသူကလည်း “မကြာခင်မှာ အတိုးရောအရင်ရောပေါင်းပြီးလက်စားချေမယ်”လို့ကြိမ်းဝါးသွားပါတယ်။အဲဒီရုပ်သံအောက်မှာတော့ တရေးနိုးကာလနဂါးတွေတော်တော်များများ ရှိနေကြပါတယ်။
ဂုတ်ထိပ်တံတားကိုအကြောင်းပြပြီး လူထုနဲ့တော်လှန်ရေးအင်အားစုတွေကြားကို သွေးခွဲဖို့ကြိုးစားခဲ့တဲ့စစ်ကောင်စီဟာ ဩဂုတ်လ၂၅ရက်ညမှာပဲ ရှေးဟောင်းယဉ်ကျေးမှုဇုန်ဖြစ်တဲ့ မြောက်ဦးမြို့ကို ဗုံးကြဲခဲ့ပါတယ်။ မြောက်ဦးမြို့ ဒိုင်းကျီရပ်ကွက်ကို ဗုံးကြဲတာဖြစ်ပြီးကလေးငယ်တွေအပါအဝင် အရပ်သား၁၂ဦးသေဆုံး၊ ၂၀ဦးထက်မနည်းဒဏ်ရာရခဲ့ပါတယ်။ဒီတိုက်ခိုက်မှုဟာ သိပ်ကိုဆိုးရွားရက်စက်လွန်းတယ်လို့ ရခိုင်တိုင်းရင်းသားအရေးတက်ကြွလှုပ်ရှားသူ စာရေးဆရာ ဝေဟင်အောင်က ဓာတ်ပုံမှတ်တမ်းတွေနဲ့ဖော်ပြခဲ့ပါတယ်။ဒိုင်းကျီရပ်ကွက်ဟာ မြောက်ဦးမြို့ကို အာရက္ခတပ်တော်(AA) မသိမ်းယူခင် ၂၀၂၂ ထဲမှာ ရှေးဟောင်းယဉ်ကျေးမှုအဆောက်အအုံကာကွယ်ရေးဆိုပြီး စစ်ကောင်စီအရာရှိတွေ အစည်းအဝေးပြုလုပ်ခဲ့တဲ့နေရာဖြစ်ပါတယ်။
ဒါပေမယ့် ဂုတ်ထိပ်တံတားအရေးမှာ တရေနိုးလာတဲ့ကာလနဂါးတွေဟာရှေ့းဟောင်းမြို့တော်မြောက်ဦးက လူအစုလိုက်အပြုံလိုက် ဗုံးကြဲသတ်ဖြတ်ခံရရမှုမှာတော့ တရေးပြန်အိပ်သွားဖွယ်ရှိပါတယ်။ သူတို့ဘာမှမပြောကြတော့ပါဘူး။ စစ်အာဏာရှင်ကလိုအပ်လာတဲ့ တစ်ချိန်ချိန်မှာတော့ပြန်နိုးကောင်နိုးလာနိုင်ပါတယ်။
