Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ကိုဗစ်ကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ် အခြေအနေ သတ်မှတ်ထားမှု WHO ရုပ်သိမ်း

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတုန်းက ကပ်ရောဂါကြောင့် သေဆုံးသူ အရေအတွက်ဟာ အပတ်စဉ် ၁ သိန်းကျော်ထိ ရှိခဲ့ပြီး အမြင့်ဆုံး အဆင့်ကို ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အခုနှစ် ဧပြီလ ၂၄ ရက်ထိ အခြေအနေအရ အပတ်စဉ် သေဆုံးသူ ဦးရေဟာ ၃၅၀၀ အောက်ထိ ကျဆင်းသွားပြီလို့ WHOက ဆိုပါတယ်။

ကိုဗစ်ကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ် အခြေအနေ သတ်မှတ်ထားမှု WHO ရုပ်သိမ်း
ကိုဗစ်ကို ကမ္ဘာလုံးဆိုင်ရာ ကျန်းမာရေး အရေးပေါ် အခြေအနေ သတ်မှတ်ထားမှု WHO ရုပ်သိမ်း

ကိုဗစ်ရောဂါကို ကမ္ဘာ့ ကျန်းမာရေးဆိုင်ရာ အရေးပေါ် အခြေအနေ သတ်မှတ်ထားမှုကနေ ပြန်လည် ရုပ်သိမ်းလိုက်ကြောင်း ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ကြေညာပါတယ်။

ကပ်ရောဂါ သတ်မှတ်ကာလ အဆုံးသတ်နိုင်ရေးအတွက် အခု ဆုံးဖြတ်ချက်ဟာ အရေးကြီးတဲ့ ခြေလှမ်းတစ်ရပ်လို့လည်း ဆိုနိုင်ပါတယ်။ ကိုရိုနာ ဗိုင်းရပ်စ် တစ်မျိုးကြောင့် ဖြစ်ပွားတဲ့ အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါကို WHOရဲ့ အမြင့်ဆုံးအဆင့် ကပ်ရောဂါ သတိပေးချက် သတ်မှတ် ကြေညာခဲ့တာ လွန်ခဲ့တဲ့ ၃ နှစ်က ဖြစ်ပါတယ်။ အခုတော့ ကိုဗစ်ဟာ အဲဒီလို အဆင့်မျိုး သတ်မှတ်ထားရမယ့် ကျန်းမာရေး ပြဿနာကြီး မဟုတ်တော့ဘူးလို့ WHOက ပြောပါတယ်။

၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလတုန်းက ကပ်ရောဂါကြောင့် သေဆုံးသူ အရေအတွက်ဟာ အပတ်စဉ် ၁ သိန်းကျော်ထိ ရှိခဲ့ပြီး အမြင့်ဆုံး အဆင့်ကို ရောက်ခဲ့ပါတယ်။ ဒါပေမဲ့ အခုနှစ် ဧပြီလ ၂၄ ရက်ထိ အခြေအနေအရ အပတ်စဉ် သေဆုံးသူ ဦးရေဟာ ၃၅၀၀ အောက်ထိ ကျဆင်းသွားပြီလို့ WHOက ဆိုပါတယ်။

အဲဒီ သေဆုံးမှု အရေအတွက်က များပြားနေသေးတယ်လို့ ဆိုနိုင်ပေမယ့် ကပ်ရောဂါရဲ့ အဆိုးဆုံး အဆင့်ကိုတော့ ကျော်လွှားနိုင်ခဲ့ပြီလို့ WHOက ဆုံးဖြတ်ခဲ့ပါတယ်။ WOရဲ့ အကြီးအကဲ ဒေါက်တာ တက်ဒ်ရော့စ် အက်ဒ်ဟာနွမ် ဂျီဘရီယီးဆက်စ်က လူ့သမိုင်းမှာ အဆိုးဆုံး ကပ်ရောဂါ တခုဖြစ်တဲ့ ကိုဗစ်ကြောင့် သေဆုံးသူ ဦးရေကို ၇ သန်းကျော်လို့ တရားဝင် ကြေညာထားပေမယ့် စာရင်း မကောက်ယူနိုင်တဲ့ ဦးရေတွေပါ ပေါင်းရင် အဲဒီထက် ၃ ဆများပြီး အသေအပျောက် သန်း ၂၀ လောက်ထိ ရှိခဲ့နိုင်တယ်လို့ ပြောပါတယ်။

ကိုဗစ်ကို ကမ္ဘာလုံးဆိုင်ရာ အရေးပေါ် ကျန်းမာရေး အခြေအနေအဖြစ် ဆက်ပြီး သတ်မှတ်ဖို့ သင့်မသင့် WHOရဲ့ ပညာရှင်တွေ ၁၅ ကြိမ်မြောက် အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း၊ အခုအခါမှာတော့ ကိုဗစ်ဟာ နိုင်ငံတကာ စိုးရိမ်ရတဲ့ ကျန်းမာရေး ပြဿနာ အဆင့်ကနေ လျှော့ချသင့်ပြီလို့ အများစုက အကြံပြုခဲ့ပြီး သူ့အနေနဲ့လည်း လက်ခံကြောင်း၊ ဒါကြောင့် ကိုဗစ်ဟာ ကမ္ဘာလုံးဆိုင်ရာ အရေးပေါ် ကျန်းမာရေး အခြေအနေ အဆင့်မှာ မရှိတော့ဘူးလို့ ကြေညာလိုက်ကြောင်း ဒေါက်တာ ဂျီဘရီယီးဆက်စ်က ပြောကြားသွားပါတယ်။

အမြင့်ဆုံးအဆင့် သတိပေးချက်ကနေ လျှော့ချလိုက်တယ် ဆိုပေမယ့်လည်း ကိုဗစ်ဟာ လူသားတွေအတွက် လုံးဝ အန္တရာယ် မရှိတော့ဘူးဆိုတဲ့ အဓိပ္ပါယ်မျိုး အတွေးမမှားဖို့တော့ သူက သတိပေးခဲ့ပါသေးတယ်။ တကယ်လို့ ရောဂါ ကူးစက်မှုတွေ ဆိုးဆိုးရွားရွား မြင့်တက်လာပြီး သေပျောက်နှုန်းတွေ ပြန်တက်လာရင် အခြေအနေတွေ ပြောင်းလဲကောင်း ပြောင်းလဲသွားနိုင်တယ်လို့ ဒေါက်တာ ဂျီဘရီယီးဆက်စ်က ဆိုပါတယ်။

WHOဟာ ကိုဗစ်ကို နိုင်ငံတကာအဆင့် အစိုးရိမ်ရဆုံး ကျန်းမာရေး ကပ်ဘေးအဖြစ် ၂၀၂၀ ပြည့်နှစ်၊ ဇွန်လမှာ ကြေညာခဲ့ပါတယ်။ ကပ်ရောဂါကို ချိုးနှိမ် ဟန့်တားရာမှာ ကာကွယ်ဆေးတွေ အောင်အောင်မြင်မြင် တီထွင်နိုင်ခဲ့မှုက အရေးအကြီးဆုံး ခြေလှမ်းတစ်ခု ဖြစ်ခဲ့ပြီး နောက်ထပ် လူ့အသက် သန်းပေါင်းများစွာ ဆုံးရှုံးနိုင်ခြေကို ဟန့်တားပေးခဲ့ပါတယ်။