Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ပြုပြင်ပြောင်းလဲရေးဝါဒီ ဒီမိုကရေစီ အင်အားစုတွေ အသာစီး ရခဲ့တဲ့ ထိုင်းရွေးကောက်ပွဲ

မေလ ၁၄ ရက် ရွေးကောက်ပွဲမှာ အအောင်မြင်ဆုံးအဖြစ် ထွက်ပေါ်လာတာကတော့ MFPဖြစ်ပြီး အောက်လွှတ်တော်ထဲမှာ အမတ်နေရာ ၁၄၇ ခုထိ ရရှိမယ့် အလားအလာတွေ တွေ့နေရပါတယ်။ အဲဒီထဲမှာ ၁၁၂ နေရာက ရွေးကောက်ပွဲမှာ အနိုင်ရတာဖြစ်ပြီး PRစနစ်နဲ့ ၃၅ နေရာ ထပ်ရမယ့် သဘောပါ။ ဖျူထိုင်း ပါတီကလည်း ရွေးကောက်ပွဲ အနိုင်ရမှုကနေ ၁၁၂ နေရာ၊ PRစနစ်ကနေ ၂၇ နေရာ အနိုင်ရမယ်လို့ ယူဆရပါတယ်။

ပြုပြင်ပြောင်းလဲရေးဝါဒီ ဒီမိုကရေစီ အင်အားစုတွေ အသာစီး ရခဲ့တဲ့ ထိုင်းရွေးကောက်ပွဲ
ပြုပြင်ပြောင်းလဲရေးဝါဒီ ဒီမိုကရေစီ အင်အားစုတွေ အသာစီး ရခဲ့တဲ့ ထိုင်းရွေးကောက်ပွဲ

တရားဝင် ရလဒ်တွေ တိတိကျကျ မထုတ်ပြန်သေးပေမယ့် ထိုင်းရွေးကောက်ပွဲမှာ ပြုပြင်ပြောင်းလဲရေးဝါဒီ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေ အသာစီး ရသွားပြီ ဆိုတာကတော့ ထင်ရှား မြင်သာလာခဲ့ပါပြီ။

မဲအားလုံးနီးပါးကို ရေတွက်ပြီးချိန်မှာ အတိုက်အခံ ဒီမိုကရေစီ အင်အားစုတွေဖြစ်တဲ့ မုဗ်ဖော်ဝပ်ပါတီ (MFP)နဲ့ ဖျူထိုင်းပါတီ (PTP)တို့ဟာ အောက်လွှတ်တော် အမတ်နေရာတွေ အများဆုံး ရွေးချယ်ခံထားရတာ တွေ့ရပါတယ်။ ကနဦး စစ်တမ်းတွေအရ MFPနဲ့ PTPတို့ဟာ အောက်လွှတ်တော် အမတ်နေရာ ၅၀၀ ထဲမှာ အောက်ထပ် နေရာပေါင်း ၂၈၆ ခုအတွက် အာမခံချက် ရရှိနေပြီလို့ သိရပါတယ်။

ဒါပေမဲ့ လက်ရှိ ဝန်ကြီးချုပ်၊ အာဏာသိမ်းစစ်တပ် ခေါင်းဆောင်ဟောင်း ပယာရွတ်သ် ချန်အိုချာ လက်ထက်က ခန့်အပ်ထားခဲ့တဲ့ အထက်လွှတ်တော်အမတ် ၂၅၀ ရဲ့ သဘောထားက ဘယ်ဖက်ကို ယိမ်းမလဲ ဆိုတာက မသေချာသေးပါဘူး။ ထိုင်းမှာ အထက်လွှတ်တော် အမတ် ၂၅၀ နဲ့ အောက်လွှတ်တော် အမတ် ၅၀၀ တို့က မဲပေးပြီး ဝန်ကြီးချုပ်သစ်ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ရွေးကောက်ပွဲဟာ အောက်လွှတ်တော် အမတ်နေရာ ၄၀၀ အတွက် ယှဉ်ပြိုင်ရတာဖြစ်ပြီး လက်ကျန် နေရာ ၁၀၀ ကိုတော့ အချိုးကျ ကိုယ်စားပြု (PR)စနစ်နဲ့ ခွဲဝေ သတ်မှတ်မှာ ဖြစ်ပါတယ်။

မေလ ၁၄ ရက် ရွေးကောက်ပွဲမှာ အအောင်မြင်ဆုံးအဖြစ် ထွက်ပေါ်လာတာကတော့ MFPဖြစ်ပြီး အောက်လွှတ်တော်ထဲမှာ အမတ်နေရာ ၁၄၇ ခုထိ ရရှိမယ့် အလားအလာတွေ တွေ့နေရပါတယ်။ အဲဒီထဲမှာ ၁၁၂ နေရာက ရွေးကောက်ပွဲမှာ အနိုင်ရတာဖြစ်ပြီး PRစနစ်နဲ့ ၃၅ နေရာ ထပ်ရမယ့် သဘောပါ။ ဖျူထိုင်း ပါတီကလည်း ရွေးကောက်ပွဲ အနိုင်ရမှုကနေ ၁၁၂ နေရာ၊ PRစနစ်ကနေ ၂၇ နေရာ အနိုင်ရမယ်လို့ ယူဆရပါတယ်။

အဲဒီပါတီနှစ်ခုဟာ မဟာမိတ်အဖြစ် လက်တွဲပြီး ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းလိမ့်မယ်လို့ ကျယ်ကျယ်ပြန့်ပြန့် ထင်ကြေးပေး ခံထားရပါတယ်။ ပြီးတော့ ပါတီနှစ်ခုစလုံးကို လူငယ်တွေက ဦးဆောင်နေပြီး တော်ဝင် မိသားစု၊ စစ်ဗိုလ်ချုပ်တွေနဲ့ ပလဲနံပ သင့်နေတဲ့ လက်ရှိ ကွန်ဆာဗေးတစ် အစိုးရကို ဖြုတ်ချဖို့ အားထုတ်နေကြသူတွေ ဖြစ်ပါတယ်။

မဲအားလုံးရဲ့ ၉၉ ရာခိုင်နှုန်း ရေတွက်ပြီးချိန်ထိ ထွက်ပေါ်လာတဲ့ အခြေအနေတွေအရ ဒီမိုကရေစီ အင်အားစုတွေဟာ ရွေးကောက်ပွဲကြို ကာလတွေတုန်းက ခန့်မှန်းချက်တွေထက် သာလွန်အောင် စွမ်းဆောင်နိုင်ခဲ့ကြကြောင်း နိုင်ငံရေး အကဲခတ်တွေက တညီတညွတ်တည်း ဝန်ခံကြပါတယ်။

အထူးသဖြင့် ၂၀၀၁ ခုနှစ်နောက်ပိုင်း ထိုင်းမှာ ကျင်းပသမျှ ရွေးကောက်ပွဲတိုင်းမှာ မဲအများဆုံး ရခဲ့တဲ့ PTPထက် ပိုသာအောင် စွမ်းဆောင်ပြသွားတဲ့ MFPရဲ့ တိုးတက်မှုကို ချီးကျူးနေကြပါတယ်။ ရွေးကောက်ပွဲ မတိုင်ခင်တုန်းက MFPဟာ PTPနောက် ဒုတိယ နေရာမှာသာ ရှိမယ်လို့ ခန့်မှန်း ခံထားရပါတယ်။

PTPရဲ့ ခေါင်းဆောင်လည်းဖြစ်၊ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှီနာဝပ်ထရာရဲ့ သမီးလည်းဖြစ်တဲ့ ပေတွန်တန် ရှီနာဝပ်ထရာက MFPရဲ့ အောင်မြင်မှုအတွက် ဝမ်းသာမိကြောင်း ပြောပေမယ့် လောလောဆယ်မှာတော့ ညွန့်ပေါင်း အစိုးရ ဖွဲ့စည်းရေး ကိစ္စတွေ ဆွေးနွေးဖို့ စောလွန်းနေသေးကြောင်း မှတ်ချက် ပေးခဲ့ပါတယ်။

MFPရဲ့ ခေါင်းဆောင် ပီတာ လင်ဂျာရိုအန်ရတ်က PTPနဲ့ ပူးပေါင်းရေး အလားအလာကို လိုလားတဲ့ သဘောမျိုး ပြသထားပေမယ့် လွှတ်တော် အမတ်နေရာ အများဆုံးရတဲ့ ပါတီရဲ့ ခေါင်းဆောင်ဖြစ်တဲ့ သူကသာ ဝန်ကြီးချုပ် ဖြစ်သင့်တယ် ဆိုတာမျိုး အရိပ်အမြွက် မှတ်ချက်ပေးခဲ့ပါတယ်။

MFPဟာ ရွေးကောက်ပွဲကြို မဲဆွယ်မှု ကာလတွေရဲ့ နောက်ပိုင်းမှာ တဟုန်ထိုး လူကြိုက်များလာတာ ဖြစ်ပါတယ်။ အထူးသဖြင့် လူငယ် မဲဆန္ဒရှင်တွေကို စုစည်းနိုင်ခဲ့ပြီး မဲရုံတွေမှာလည်း လူငယ်တွေက MFPအတွက် အင်တိုက်အားတိုက် လာရောက် မဲပေးခဲ့ကြပါတယ်။ မှတ်တမ်းတွေအရ အခုရွေးကောက်ပွဲမှာ ပထမဆုံးအကြိမ် မဲပေးတဲ့ လူငယ် ၃.၃ သန်းလောက်ရှိပြီး အများစုဟာ MFPကို ရွေးချယ်ခဲ့တယ်လို့ ယုံကြည်ရပါတယ်။

MFPက သူတို့သာ အစိုးရ ဖွဲ့ခွင့်ရရင် ဘုရင်စနစ်နဲ့ စစ်တပ်ရဲ့ လုပ်ပိုင်ခွင့်ဆိုင်ရာ ကဏ္ဍတွေ အပါအဝင် ထိုင်းနိုင်ငံမှာ အရိုးစွဲနေတဲ့ စနစ်ဟောင်းတွေကို အကြီးစား ပြောင်းလဲမှုတွေ ပြုလုပ်သွားမယ်လို့ ကတိပြုထားပါတယ်။ အဲဒီထဲမှာ ဘုရင်နဲ့ တော်ဝင် မိသားစုကို ပုတ်ခတ်စော်ကားရင်၊ ဝေဖန်ရင် ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ချမှတ်ခံရမယ်လို့ သတ်မှတ်ထားတဲ့ ဥပဒေတွေ ပြင်ဆင်ရေး ကိစ္စလည်း ပါဝင်ပါတယ်။ ထိုင်းမှာ တော်ဝင်မိသားစုကို ဝေဖန် စော်ကားမိရင် အမြင့်ဆုံး ထောင်ဒဏ် ၁၅ နှစ်ထိ ပြစ်ဒဏ် ချမှတ်ခံရနိုင်ပြီး အဲဒီ ဥပဒေကို ကွန်ဆာဗေးတစ် အစိုးရက အတိုက်အခံ ဒီမိုကရေစီရေး တက်ကြွ လှုပ်ရှားသူတွေကို ဖိနှိပ်ရာမှာ လိုသလို ခြယ်လှယ် အသုံးချခဲ့ကြောင်း စွပ်စွဲမှုတွေလည်း ရှိနေပါတယ်။

PTPကတော့ ထိလွယ်ရှလွယ် ကိစ္စမျိုးလို့ ဆိုရမယ့် အဲဒီဥပဒေ ပြင်ဆင်ရေးအတွက် ကတိပြုမထားပေမယ့် လွှတ်တော်မှာ အဆိုတင်သွားမယ်လို့တော့ ပြောကြားထားပါတယ်။

MFPနဲ့ PTPတို့ဟာ လာမယ့် သီတင်းပတ်တွေအတွင်း ဝန်ကြီးချုပ် အရိုက်အရာအတွက် ညှိနှိုင်းမှုတွေအပြင် နောက်ထပ် ပါတီငယ်တွေနဲ့ မဟာမိတ် ဖွဲ့ဖို့အတွက်ပါ ဆွေးနွေးမှုတွေ ဆက်တိုက် လုပ်ဆောင်ရင်း အလုပ်များကြဖွယ် ရှိနေပါတယ်။ ထိုင်းမှာ လွှတ်တော် အမတ်စုစုပေါင်း ၇၅၀ အနက် အနည်းဆုံး ၃၇၆ ဦးက ထောက်ခံသူဟာ ဝန်ကြီးချုပ် နေရာကို ရရှိလာမှာ ဖြစ်ပါတယ်။