Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

ပြည်တွင်းက ဆူပူ ဆန္ဒပြမှုတွေကြောင့် ဂျာမနီ ခရီးစဉ်ကို ဖျက်သိမ်းလိုက်ရတဲ့ ပြင်သစ် သမ္မတ

မာခရွန် ဦးဆောင်တဲ့ အစိုးရ အတွက်တော့ လူကြိုက်နည်းတဲ့ ပင်စင် မူဝါဒကြောင့် ကြုံခဲ့တဲ့ ဆန္ဒပြပွဲတွေအပြီး နောက်တစ်ခါ အလားတူ မလိုလားစရာ အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။

ပြည်တွင်းက ဆူပူ ဆန္ဒပြမှုတွေကြောင့် ဂျာမနီ ခရီးစဉ်ကို ဖျက်သိမ်းလိုက်ရတဲ့ ပြင်သစ် သမ္မတ
ပြည်တွင်းက ဆူပူ ဆန္ဒပြမှုတွေကြောင့် ဂျာမနီ ခရီးစဉ်ကို ဖျက်သိမ်းလိုက်ရတဲ့ ပြင်သစ် သမ္မတ

ပြည်တွင်းမှာ အဓိကရုဏ်းဆန်ဆန် ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေတာကြောင့် ပြင်သစ် သမ္မတ အီမန်နျူရယ်လ် မာခရွန်ရဲ့ ဂျာမနီ ခရီးစဉ်ကို ဖျက်သိမ်းလိုက်ရပါတယ်။

ပါရီမြို့တော်မှာ ရဲတပ်ဖွဲ့က အသက် ၁၇ နှစ်အရွယ် လူငယ် တစ်ဦးကို ပစ်သတ်ခဲ့တဲ့ ဖြစ်စဉ်အပြီး ပြင်သစ်နိုင်ငံအနှံ့ မြို့ကြီးတွေမှာ ၅ ညဆက်တိုက် ဆူပူ ဆန္ဒပြမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဇူလိုင် ၁ ရက် ညတုန်းကဆိုရင် မာဆေးလ်မြို့မှာ ရဲတပ်ဖွဲ့နဲ့ ဆန္ဒပြသူတွေကြား ရန်ပွဲတွေပါ ပေါ်ပေါက်ခဲ့ပါတယ်။

ရဲတွေက ဇူလိုင် ၁ ရက် ညပိုင်းထိ ဆူပူဆန္ဒပြသူ ၁၃၁၁ ဦးကို ဖမ်းဆီး ထိန်းသိမ်းခဲ့ရကြောင်း ပြောပါတယ်။ နာဟယ်လ်အမ် ဆိုတဲ့ လူငယ်ဟာ ရဲတပ်ဖွဲ့ရဲ့ စစ်ဆေးမှုကို ခံရချိန် ကားမောင်းပြေးရာကနေ အနီးကပ် ပစ်ခတ် ခံရပြီး သေဆုံးခဲ့တာပါ။ အဲဒီ ဖြစ်ရပ်ဟာ ပြင်သစ် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အုံကြွမှုတွေကို နိုးထလာစေခဲ့ပါတယ်။

မူလက ပြင်သစ် သမ္မတ မာခရွန်ဟာ အနောက်ဥရောပ မဟာမိတ် ဂျာမနီ နိုင်ငံဆီ သွားရောက်ဖို့ စီစဉ်ထားပေမယ့် အဲဒီ ခရီးစဉ်ကို ဖျက်သိမ်းလိုက်ရပါတယ်။ ဂျာမန် သမ္မတ ဖရန့်ခ် ဝေါ်လ်တာ စတိန်မီရာက မာခရွန်ဟာ သူ့ဆီ ဖုန်းဆက်ပြီး ဇူလိုင် ၁ ရက်မှာ စတင်မယ့် ခရီးစဉ်ကို ရွှေ့ဆိုင်းဖို့ ခွင့်တောင်းခဲ့ကြောင်း အတည်ပြုသွားပါတယ်။

ဒီအခြေအနေကတော့ မာခရွန်အတွက် မျက်နှာပျက်စရာ ဒုတိယ ထိုးနှက်ချက်လို့ ဆိုနိုင်ပါတယ်။ နှစ်ဆန်းပိုင်းတုန်းကလည်း ဗြိတိန် ဘုရင် ချားလ်စ်ဟာ ပြင်သစ်ကို တရားဝင် ခရီးစဉ် လာရောက်ဖို့ စီစဉ်ခဲ့ပေမယ့် ပြင်သစ်မှာ အစိုးရရဲ့ ပင်စင်မူဝါဒသစ်ကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေ ပြင်းထန်နေတာကြောင့် ခရီးစဉ်ကို ဖျက်သိမ်းခဲ့ရဖူးပါတယ်။

မာခရွန်က အခုကိစ္စမှာ ရဲတွေရဲ့ လုပ်ရပ်ဟာ လွန်ကဲခဲ့တာ မှန်ပေမယ့် ဆူပူသောင်းကျန်းသူတွေက ဒီပစ်ခတ်မှုကို အကြောင်းပြုပြီး အမြတ်ထုတ်နေကြောင်း ဝေဖန်သွားပါတယ်။ ပြင်သစ်နိုင်ငံ အနှံ့မှာ ဆူပူ ဆန္ဒပြသူတွေက ကားတွေ၊ ဆိုင်ခန်းတွေနဲ့ တခြားပစ္စည်းတွေကို မီးရှို့ခဲ့သလို မီးငြှိမ်းဖို့ ကြိုးစားတဲ့ မီးသတ်ဝန်ထမ်းတွေကိုတောင် ရန်ပြုတဲ့ ဖြစ်ရပ်တွေ ပေါ်ပေါက်ခဲ့ပါတယ်။

အခု သီတင်းပတ်ကုန်မှာတော့ နာဟယ်လ်ရဲ့ နာရေး အစီအစဉ်ကို ပါရီ ဆင်ခြေဖုံးက သူနေထိုင်ရာ နန်တာရီ ရပ်ကွက်မှာ ကျင်းပခဲ့ပြီး လူအများအပြား တက်ရောက်ခဲ့ပါတယ်။ ကွယ်လွန်သူရဲ့ မိသားစုက တရားမျှတမှုကို အမြန်ဆုံး ဖော်ထုတ်ပေးနိုင်ဖို့ လိုလားကြောင်း ပြောကြားခဲ့ပါတယ်။

မာခရွန် ဦးဆောင်တဲ့ အစိုးရ အတွက်တော့ လူကြိုက်နည်းတဲ့ ပင်စင် မူဝါဒကြောင့် ကြုံခဲ့တဲ့ ဆန္ဒပြပွဲတွေအပြီး နောက်တစ်ခါ အလားတူ မလိုလားစရာ အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတာ ဖြစ်ပါတယ်။