Connect with us
close

Hi, what are you looking for?

LuduNwayOo

သတင်း

Federal Wings ဒရုန်းတပ်ဖွဲ့က ယခုနှစ်ဝက်အတွင်းစစ်ဆင်ရေး ၂၈၀ကျော် ပြုလုပ်၊ စစ်ကောင်စီတပ် ၅၀ဦးခန့်သေ အများအပြားဒဏ်ရာရဟု အသိပေး

Federal Wings နှင့် ပူးပေါင်းစစ်ဆင်ရေးဆောင်ရွက်လိုသော တော်လှန်ရေးတပ်ဖွဲ့များအတွက် ဒရုန်းတပ်ဆင်ရေးနှင့် ဒရုန်းအင်အားဖြည့်တင်းရေးလိုအပ်ချက်များကို ပြည်သူလူထုအင်အားဖြင့် ကူညီဖြည့်ဆည်းသွားနိုင်ရန် စီစဉ်လျက်ရှိကြောင်း အသိပေးသည်။

(Federal Wings ဒရုန်းတပ်ဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်။ဓာတ်ပုံ - Federal Wings)
(Federal Wings ဒရုန်းတပ်ဖွဲ့မှ ရဲဘော်များအား တွေ့ရစဉ်။ဓာတ်ပုံ - Federal Wings)

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၆)၊ တပ်မဟာ(၃)နှင့် စစ်ကိုင်းတိုင်းဒေသအချို့၌ တိုက်ပွဲဝင်နေသည့် Federal Wings ဒရုန်းတပ်ဖွဲ့အနေဖြင့် ယခု ၂၀၂၃ ပထမ (၆)လတာအတွင်း စစ်ကောင်စီတပ်ကိုတိုက်ခိုက်သည့် ဒရုန်းပျံသန်းစစ်ဆင်မှုပေါင်း (၂၈၁)ကြိမ်ဖြင့် တိုက်ပွဲဝင်နိုင်ခဲ့ကြောင်း ယနေ့ ထုတ်ပြန်သည်။

အဆိုပါ စစ်ဆင်ရေးများအတွင်း ဗုံးသီးအမျိုးအစားစုံ (၆၈၀)ခန့် အသုံးပြုခဲ့ တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်ဖွဲ့ဝင် (၅၀)ခန့် ထိခိုက်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိမှုအမြောက်အများရှိခဲ့ကြောင်း စစ်မြေပြင်သတင်းများအရ သိရသည်ဟု ဖော်ပြသည်။

“ဒရုန်းတိုက်ခိုက်မှုတွေဟာ ရှေ့တန်းစစ်မျက်နှာပြင်အတွက်တင်မဟုတ်ဘဲ နောက်တန်းတပ်ရင်းတွေအထိ ခြိမ်းခြောက်နိုင်နေပါပြီ။ တိုက်ခိုက်မှုပြုလုပ်ခဲ့တာတွေလည်း အများအပြားရှိခဲ့ပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေ ထိရောက်တာကြောင့်လဲ ဒရုန်းတိုက်ခိုက်မှုတွေအားကောင်းတဲ့ဒေသတွေဆီက စစ်ကောင်စီတပ်စွဲထားတဲ့နေရာတွေဟာ ဒရုန်းရန်ကနေကာကွယ်ဖို့ အသေအချာပြင်ဆင်လာကြတာတွေ့ရပါတယ်။ ဒရုန်းဂျန်ပါတွေကစလို့ ကတုတ်ကျင်းနက်နက်တွေအထိ ပြင်ဆင်လာကြပါတယ်။ စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်ကိုယ်တိုင်တောင်မှ ဒရုန်းနဲ့ပါတ်သက်လို့ ထုတ်ဖော်ပြောဆိုရတဲ့အထိ ဖြစ်လာတာကိုတွေ့ရမှာပါ”ဟု Federal Wings ပြောရေးဆိုခွင့်ရှိသူက People’s Springနှင့် အမေးအဖြေကဏ္ဍ၌ ပြောကြားထားသည်။

ယခုနှစ်ဝက်အတွင်း Federal Wings တပ်ဖွဲ့ဝင် တစ်ဦး ကျဆုံးပြီး ၆ဦးဒဏ်ရာရခဲ့ပြီး ၂ဦးမှာဆေးကုသမှု ခံယူနေဆဲဖြစ်သည်ဟု အသိပေးသည်။

၂၀၂၃ပထမ (၆) လတာကာလအတွင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၏ ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်တွင် Federal Wings (၁၈၀၁) ဒရုန်းတပ်ရင်းကို တရားဝင်ဖွဲ့စည်းနိုင်ခဲ့ကြောင်း အသိပေးထားပြီး ပင်မအခြေပြုဒေသများဖြစ်သည့် ကရင်ဒေသတွင်သာမက စစ်ကိုင်းတိုင်းအတွင်း စစ်ဆင်ရေးများစတင်နိုင်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်သည်။

“စစ်ကိုင်းမှာတိုက်ပွဲဝင်နေတဲ့အနေအထားက စမ်းသပ်ကာလမှာပဲရှိသေးတယ်လို့ပြောရပါမယ်။ အင်အားပြည့် နေရာအနှံ့စစ်ဆင်ရေးတွေဆောင်ရွက်နိုင်ဖို့ ကြိုးစားနေပါတယ်။ မြန်ဆန်နိုင်ဖို့အတွက် ငွေကြေးအင်အားတွေလိုအပ်နေတာကြောင့် ပြည်သူလူထုရဲ့ပူးပေါင်းထည့်ဝင်မှုတွေ အဓိကလိုအပ်နေပါတယ်”ဟု Federal Wings ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

Federal Wings နှင့် ပူးပေါင်းစစ်ဆင်ရေးဆောင်ရွက်လိုသော တော်လှန်ရေးတပ်ဖွဲ့များအတွက် ဒရုန်းတပ်ဆင်ရေးနှင့် ဒရုန်းအင်အားဖြည့်တင်းရေးလိုအပ်ချက်များကို ပြည်သူလူထုအင်အားဖြင့် ကူညီဖြည့်ဆည်းသွားနိုင်ရန် စီစဉ်လျက်ရှိကြောင်း အသိပေးသည်။

ထိုအစီအစဉ်ဖြင့် ယခုရက်ပိုင်းအတွင်း Federal Wings နှင့် Cobra (Campaign) Federal Wings နှင့် KNDF/B-15 (Campaign)၊ Federal Wings နှင့် ယောဒေသ ဒရုန်းလက်ရုံးတပ်ဖွဲ့ (Campaign) စသည့် ပူးပေါင်း Fundraising အစီအစဉ် (၃) ခုအား စတင်သွားမည်ဖြစ်၍ ပါဝင်အားဖြည့်ကူညီပေးနိုင်ကြပါရန် ပြည်သူလူထုအားမေတ္တာရပ်ခံထားသည်။

အာဏာရှင်စစ်တပ်အား အနိုင်ယူတိုက်ခိုက်ရန်အင်အားမှာ လွတ်လပ်ရေးကိုမြတ်နိုးသောပြည်သူလူထုထံကသာ မြစ်ဖျားခံလာရသည်ဖြစ်သဖြင့် အင်အားအပြည့်ဖြင့် ဆက်လက်တိုက်ပွဲဝင်သွားနိုင်ရန်မှာ ပြည်သူလူထုကိုသာ အားကိုးအားထားပြုရမည်ဖြစ်ပါသည်ဟုလည်း Federal Wings က ထုတ်ပြန်သည်။

Federal Wings အနေဖြင့် ၂၀၂၂အတွင်းကလည်း စစ်ဆင်ရေး ၄၃၀ကျော်တွင် ပါဝင်တိုက်ခိုက် ခဲ့ရာ စစ်ကောင်စီတပ်မှ ၂၀၀ဦးခန့် သေဆုံးပြီး ရာနဲ့ချီ ဒဏ်ရာရခဲ့ကြောင်း Federal Wings ပြောရေးဆိုခွင့်ရှိသူက ပြောကြားထားသည်။