Connect with us
close

Hi, what are you looking for?

LuduNwayOo

နိုင်ငံတကာ

နံပါတ်တစ် ခေါင်းဆောင် သေဆုံးကြောင်း သတင်းကို အိုင်အက်စ် အတည်ပြု၊ ဆက်ခံသူ နာမည်ကို ကြေညာ

အိုင်အက်စ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက Telegramကနေတဆင့် ဒီကိစ္စကို အသံဖိုင်ပေးပို့ အတည်ပြုခဲ့ပေမယ့် အဘူဟူစိန် သေဆုံးခဲ့တဲ့ ဖြစ်စဉ် အသေးစိတ်ကိုတော့ တိတိကျကျ မှတ်ချက် ပေးမသွားပါဘူး။

နံပါတ်တစ် ခေါင်းဆောင် သေဆုံးကြောင်း သတင်းကို အိုင်အက်စ် အတည်ပြု၊ ဆက်ခံသူ နာမည်ကို ကြေညာ
နံပါတ်တစ် ခေါင်းဆောင် သေဆုံးကြောင်း သတင်းကို အိုင်အက်စ် အတည်ပြု၊ ဆက်ခံသူ နာမည်ကို ကြေညာ

သူတို့ရဲ့ နံပါတ်တစ်ခေါင်းဆောင် သေဆုံးသွားခဲ့ပြီး ဖြစ်တယ်လို့ ကမ္ဘာကျော် အကြမ်းဖက်အဖွဲ့ အိုင်အက်စ်က အတည်ပြု ကြေညာခဲ့ပါတယ်။

အဘူဟူစိန် အယ်လ် အယ်လ်ဟူစိန်နီ အယ်လ်ကူရာရှီဟာ ပြီးခဲ့တဲ့ လပိုင်းအတွင်း ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်းမှာ တခြား လက်နက်ကိုင် အဖွဲ့အစည်း တစ်ခုနဲ့ ဖြစ်ပွားတဲ့ တိုက်ပွဲတစ်ခုမှာ သေဆုံးခဲ့ကြောင်း ဩဂုတ် ၃ ရက်မှာ အိုင်အက်စ်က ထုတ်ပြန်ပါတယ်။ တစ်ဆက်တည်းမှာပဲ အိုင်အက်စ်ရဲ့ ခေါင်းဆောင်သစ်အဖြစ် အဘူဟားဖ်စ် ဟာရှီမီ အယ်လ်ကူရာရှီကို ခန့်အပ်ကြောင်း အတည်ပြုသွားပါတယ်။

ဆီးရီးယားက အစ်ဒ်လစ်ဘ် ဒေသမှာ တာဟ်ရာ အယ်လ်ရှမ် တပ်ဖွဲ့တွေနဲ့ ရင်ဆိုင်တိုက်ပွဲ ဖြစ်ပွားချိန်မှာ ခေါင်းဆောင်ဟောင်း အဘူဟူစိန် သေဆုံးခဲ့တာလို့ အိုင်အက်စ်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ တာဟ်ရာ အယ်လ်ရှမ်ဟာ ဆီးရီးယား ပြည်တွင်းစစ် ကာလမှာ ပေါ်ပေါက်လာတဲ့ အစ္စလာမ်မစ် လက်နက်ကိုင် အင်အားစုတစ်ခု ဖြစ်ပါတယ်။

အိုင်အက်စ်ရဲ့ ပြောရေးဆိုခွင့်ရ အရာရှိ တစ်ဦးက Telegramကနေတဆင့် ဒီကိစ္စကို အသံဖိုင်ပေးပို့ အတည်ပြုခဲ့ပေမယ့် အဘူဟူစိန် သေဆုံးခဲ့တဲ့ ဖြစ်စဉ် အသေးစိတ်ကိုတော့ တိတိကျကျ မှတ်ချက် ပေးမသွားပါဘူး။

တူရကီ သမ္မတ ရာဂျစ်တာယစ်ပ် အာဒိုဝမ်က တူရကီ အထူး ထောက်လှမ်းရေး တပ်ဖွဲ့တွေဟာ အဘူဟူစိန်ကို သုတ်သင် ရှင်းလင်းနိုင်ခဲ့ကြောင်း ဧပြီလထဲမှာ ထုတ်ပြန် ကြေညာဖူးပါတယ်။ ဒါပေမဲ့ အိုင်အက်စ်က ထုတ်ပြန်တဲ့ အသံဖိုင်ထဲမှာတော့ တကယ်တမ်းမှာ သူတို့ရဲ့ ခေါင်းဆောင်ဟာ တူရကီ ကြေညာခဲ့သလို အက်ဖရင် ဒေသထဲမှာ တူရကီတပ်တွေ လက်ချက်နဲ့ သေဆုံးတာ မဟုတ်ဘဲ ဒေသခံ အစ္စလာမ်မစ် တပ်တွေနဲ့ တိုက်ခိုက်ရင်း သေဆုံးပြီး နောက်မှသာ ရုပ်အလောင်းက တူရကီဆီ လွှဲပြောင်း ရောက်ရှိသွားခဲ့တာလို့ ပြောပါတယ်။

အိုင်အက်စ်က တာဟ်ရာ အယ်လ်ရှမ်ဟာ ကိုယ်တိုင်က အစ္စလာမ်မစ် အစွန်းရောက် အဖွဲ့အစည်း တစ်ခုဖြစ်ပေမယ့် တူရကီ အစိုးရအတွက် အလုပ်လုပ်ပေးနေတယ်လို့လည်း စွပ်စွဲသွားခဲ့ပါတယ်။ အမေရိကန်နဲ့ ဥရောပ သမဂ္ဂတို့ဟာ တာဟ်ရာ အယ်လ်ရှမ်ကို အကြမ်းဖက် အဖွဲ့အစည်း တစ်ခုအဖြစ် သတ်မှတ်ထားပါတယ်။

အိုင်အက်စ်ဟာ ဆီးရီးယားနဲ့ အီရတ်မှာ နိုင်ငံရေး မငြိမ်မသက် အခြေအနေတွေကို အမြတ်ထုတ်ပြီး ၂၀၁၄ ခုနှစ်က လျင်လျင်မြန်မြန် အင်အားကြီးထွားလာခဲ့ပါတယ်။ အဲဒီနောက် အိမ်နီးချင်း နှစ်နိုင်ငံထဲက အဓိက မြို့ကြီးတွေ အပါအဝင် နယ်မြေ အမြောက်အမြားကို သိမ်းပိုက်ပြီး ကိုယ်ပိုင် အစ္စလာမ်မစ်နိုင်ငံတစ်ခု ထူထောင်ကြောင်း ကြေညာခဲ့ပါတယ်။

အိုင်အက်စ်ဟာ ကမ္ဘာ့သမိုင်းမှာ အင်အား အတောင့်တင်းဆုံး အကြမ်းဖက် အုပ်စုတစ်ခုအဖြစ် ရပ်တည်ခဲ့ပြီးမှ အမေရိကန် အပါအဝင် နိုင်ငံတကာ တပ်တွေရဲ့ စုပေါင်း ဖြိုခွင်းမှုတွေကြောင့် ပြန်လည် ယုတ်လျော့ ပြိုကွဲသွားခဲ့ပါတယ်။ အီရတ်မှာတော့ အိုင်အက်စ်ကို ၂၀၁၇ ခုနှစ်မှာ ဖြိုခွင်းနိုင်ခဲ့ပြီး နောက်ထပ် ၂ နှစ်အကြာမှာ ဆီးရီးယားက အိုင်အက်စ် ခြေကုပ်နယ်မြေတွေ အကုန်လုံး လွတ်မြောက်လာပါတယ်။ အိုင်အက်စ်ဟာ အရင်လို အရှိန်အဝါမျိုး မရှိတော့ပေမယ့် ကမ္ဘာ့ဒေသ တချို့မှာ အကြမ်းဖက်ဆဲလ်တွေ ဖြန့်ကျက် လှုပ်ရှားနေဆဲ ဖြစ်ပါတယ်။