လွန်လွန်ကဲကဲ ရွာသွန်းတဲ့ မိုးတွေကြောင့် ဟောင်ကောင်မှာ ရာသီဥတု အရေးပေါ် အခြေအနေ ကြေညာချက်ကို အမြင့်ဆုံးအဆင့် ထုတ်ပြန်ခဲ့ရသလို ကျောင်းတွေ၊ ရုံးတွေ၊ ဆေးရုံတွေကိုပါ ပိတ်ထားစေခဲ့ရပါတယ်။
ဩဂုတ် ၅ ရက်နေ့ မနက်ပိုင်းကတည်းက ဟောင်ကောင် အပါအဝင် တရုတ် တောင်ပိုင်းက မြို့ကြီးတချို့မှာ တိမ်မည်းတွေ လွှမ်းခြုံပြီး မိုးသည်းသည်းထန်ထန် ရွာချခဲ့ပါတယ်။ ပြီးတော့ ဟောင်ကောင်မှာလည်း မိုးကြိုးတွေပစ်၊ လျှပ်စီးတွေ လက်နေပြီး မြေနိမ့်ဧရိယာတွေမှာတော့ ကားတွေပါ ရေနစ်တဲ့ထိ ရေကြီးရေလျှံတာတွေ ကြုံခဲ့ရပါတယ်။
မနက်ပိုင်းကစလို့ ဟောင်ကောင်မှာ ပျမ်းမျှ တစ်နာရီကို မိုးရေချိန် ၉၀ မီလီမီတာနှုန်းလောက်စီ ရွာသွန်းနေပါတယ်။ ဒါကြောင့် ဟောင်ကောင်ရော၊ အနီးမှာရှိတဲ့ ကွမ်ဒေါင် ပြည်နယ်ထဲမှာပါ ရုံးတွေ၊ ကျောင်းတွေ၊ ဆေးရုံတွေ ပိတ်ထားရတဲ့ အရေးပေါ် ကြေညာချက်တွေကို ကမန်းကတမ်း ထုတ်ပြန်ခဲ့ရတာ ဖြစ်ပါတယ်။
အာရှရဲ့ အဓိက နည်းပညာ ရပ်ဝန်းတွေထဲက တစ်ခုဖြစ်တဲ့ ထိုင်ဝမ်မှာတော့ အိမ်တော်တော်များများဟာ အိမ်ရှေ့ လှေကားရင်းထိ ရေမြုပ်တဲ့ အခြေအနေမျိုးကို ကြုံခဲ့ရပါတယ်။

Public Service Announcement
လူမှုကွန်ရက်ပေါ် ပျံ့နှံ့လာတဲ့ ဗီဒီယိုတွေမှာတော့ ကုန်းဆင်းနေရာတွေမှာ ရေတွေ ဒလဟော စီးဆင်းနေတာတွေကိုပါ တွေ့ရပါတယ်။ ဟောင်ကောင် မိုးလေဝသ ဌာနက အဲဒီလို သည်းကြီးမည်းကြီး မိုးရွာမှုဟာ ညနေပိုင်းထိ ဆက်ရှိနေနိုင်တယ်လို့ သတိပေးချက် ထုတ်ပြန်ခဲ့ရပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က တရုတ်တောင်ပိုင်းနဲ့ မြို့တော် ဘေဂျင်းတဝိုက်မှာ လူအများအပြား သေဆုံးတဲ့ ရေကြီး ရေလျှံမှုတွေ ကြုံတွေ့ခဲ့ရပြီးတဲ့နောက် အခုတစ်ခါ ဟောင်ကောင်မှာပါ လွန်လွန်ကဲကဲ အဆင့်မျိုး မိုးတွေ ရွာသွန်းခဲ့တာ ဖြစ်ပါတယ်။
ဟောင်ကောင်၊ ကွမ်ဒေါင်နဲ့ မကာအိုတို့မှာ ရာသီဥတု သတိပေး ကြေညာချက်ကို အမြင့်ဆုံး အနီရောင်အဆင့် ထုတ်ပြန်ထားပြီး တရုတ်တောင်ပိုင်း ဒေသတွေက လေယာဉ်ကွင်းတွေမှာလည်း ရာသီဥတုကြောင့် ပုံမှန် ခရီးစဉ်တွေရဲ့ ၂၀ ရာခိုင်နှုန်းလောက်ကို ဖျက်သိမ်းခဲ့ရကြောင်း ကြေညာပါတယ်။
တရုတ်နဲ့ ထိုင်ဝမ်ရေလက်ကြား ခြားပြီး တည်ရှိရာ ထိုင်ဝမ်နိုင်ငံမှာလည်း ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က မိုးသည်းသည်းထန်ထန် ရွာပြီး ရုတ်တရက် ရေကြီးမှုတွေကြောင့် လူ ၄ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ကိုးကား: CNA
