close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

တိုက်လေယာဉ် ပျက်ကျမှုကို အသေးစိတ် စုံစမ်းဖို့ မလေးရှား ဝန်ကြီးချုပ် အမိန့်ပေး

လေဆိပ်ထဲကို တိုက်လေယာဉ် ပျက်ကျခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အသေးစိတ် စုံစမ်းစစ်ဆေးဖို့ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က လေတပ်ကို အမိန့်ပေးခဲ့ပါတယ်။

လေဆိပ်ထဲကို တိုက်လေယာဉ် ပျက်ကျခဲ့တဲ့ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အသေးစိတ် စုံစမ်းစစ်ဆေးဖို့ မလေးရှား ဝန်ကြီးချုပ် အန်ဝါ အီဘရာဟင်က လေတပ်ကို အမိန့်ပေးခဲ့ပါတယ်။

ဩဂုတ် ၂၁ ရက် ညပိုင်းက ဖာဟန်ပြည်နယ်မှာရှိတဲ့ ကူယန်တန်မြို့က ဆူလ်တန်ဟာမက်ရှား လေဆိပ်မှာ မလေးရှား တော်ဝင်လေတပ်ရဲ့ F/A-18D Hornet အမျိုးအစား တိုက်လေယာဉ်တစ်စီး ပျက်ကျသွားခဲ့တာ ဖြစ်ပါတယ်။ ဒါဟာ အမေရိကန်လုပ် F/A-18Dတွေ မလေးရှား လေတပ်မှာ စတင် အသုံးပြုခဲ့တဲ့ ၁၉၉၇ နောက်ပိုင်း အဲဒီတိုက်လေယာဉ်တွေ ပါဝင်ပတ်သက်တဲ့ ပထမဆုံး အကြီးစား ထိခိုက်ပျက်စီးမှုလည်း ဖြစ်လာပါတယ်။

နှစ်ယောက်စီး တိုက်လေယာဉ်ရဲ့ လေယာဉ်မှူးတွေဟာ လေထီးနဲ့ ခုန်ထွက်နိုင်ခဲ့သလို မြေပြင်ပေါ်မှာလည်း အထိအခိုက် အသေအပျောက် မရှိခဲ့ပါဘူး။

အန်ဝါက ဖြစ်စဉ်ရဲ့ အကြောင်းရင်းကို ဂဃနဏ ကွဲပြားအောင် သိနိုင်ဖို့၊ အလားတူ အခြေအနေတွေ ထပ်မကြုံအောင် လုံခြုံရေး စံနှုန်းတွေကို ဆန်းစစ် တိုးမြှင့်ဖို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ညွှန်ကြားထားတယ်လို့ လူမှုကွန်ရက် မီဒီယာ Xမှာ ရေးသားထားခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

လေယာဉ်မှူး နှစ်ဦးကလည်း ဒဏ်ရာအနည်းငယ် ရရှိထားတာကြောင့် သူတို့ အမြန်ဆုံး ပြန်သက်သာ ပျောက်ကင်းဖို့ ဆုတောင်းပေးကြောင်း အန်ဝါက ဆိုပါတယ်။

အခင်းဖြစ်ပွားရာ ဆူလ်တန်ဟာမက်ရှား လေဆိပ်ဟာ လေတပ် အခြေစိုက်စခန်း တစ်ခုနဲ့ ပူးတွဲ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ တိုက်လေယာဉ်ဟာ ပြေးလမ်းက ပျံတက်တဲ့ အချိန်မှာ မတော်တဆမှု ဖြစ်ပွားခဲ့တာလို့ ဖာဟန်ပြည်နယ် ရဲတပ်ဖွဲ့ အကြီးအကဲ ယာဟာယာ အော့သ်မန်က ပြောပါတယ်။

မလေးရှား လေတပ်ဟာ F/A-18D တိုက်လေယာဉ် စုစုပေါင်း ၈ စီးကို McDonnell Douglas ကုမ္ပဏီဆီကနေ ၁၉၉၇ မှာ ဝယ်ယူထားပါတယ်။ အဲဒီကုမ္ပဏီဟာ အခုတော့ အမေရိကန် လေကြောင်းနည်းပညာ လုပ်ငန်းစုကြီး Boeingနဲ့ ပေါင်းစည်းသွားပြီ ဖြစ်ပါတယ်။

အရင်ကလည်း မလေးရှားလေတပ်ရဲ့ အဲဒီ တိုက်လေယာဉ်တွေဟာ ပြေးလမ်းချော်တာမျိုး၊ အရေးပေါ် ဆင်းသက်ရတာမျိုး ပြဿနာတချို့ ကြုံခဲ့ဖူးပေမယ့် ပျက်ကျတဲ့ထိ ဆိုးဆိုးရွားရွား ဖြစ်တာကတော့ အခုတစ်ကြိမ် ပထမဆုံးလို့လည်း သိရပါတယ်။

ကိုးကား: CAN

ဆက်စပ်သတင်းများ