အမေရိကန် ဖက်ဒရယ် အစိုးရ အေးဂျင့်တွေရဲ့ ပစ်ခတ်မှုကြောင့် မင်နီဆိုးတား ပြည်နယ်ထဲမှာ ဒုတိယအကြိမ် လူသေဆုံးမှု ဖြစ်ခဲ့တဲ့နောက် လူထုရဲ့ ဒေါသတကြီး ဝေဖန်မှုတွေ မြင့်တက်လာနေပါတယ်။
ဇန်နဝါရီ ၂၄ ရက်နေ့တုန်းက မင်နီယာပိုးလစ်မြို့မှာ အမေရိကန် ပြည်တွင်းလုံခြုံရေး ဝန်ကြီးဌာန (DHS) လက်အောက်ခံ လူဝင်မှု ကြီးကြပ်ရေးနဲ့ အကောက်ခွန်ဌာန (ICE)ရဲ့ အေးဂျင့်တွေက မြို့ခံ အမျိုးသား တစ်ဦးကို ပစ်သတ်ခဲ့တာ ဖြစ်ပါတယ်။
သေဆုံးသူဟာ အသက် ၃၇ နှစ်အရွယ် အဲလက်စ် ပရက်တီဆိုသူဖြစ်ပြီး ဆေးရုံ အထူးကြပ်မတ် ကုသဆောင် အမျိုးသား သူနာပြု တစ်ဦးလို့ သတင်းတွေက ဖော်ပြခဲ့ပါတယ်။ လွန်ခဲ့တဲ့ သီတင်းသုံးပတ်လောက်က ICE အေးဂျင့်တွေကို ကားနဲ့ ဝင်တိုက်ဖို့ ကြိုးစားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အသက် ၃၇ နှစ်အရွယ် ရီနီဂွတ်ဒ်ဆိုတဲ့ အမျိုးသမီးကို ကားထဲမှာတင် အေးဂျင့်တွေက ပစ်သတ်ခဲ့တဲ့ ဖြစ်ရပ်အပြီး ပရက်တီ သေဆုံးမှု ပေါ်ပေါက်လာခဲ့တာပါ။
ရွှေ့ပြောင်းအခြေချသူတွေကို ဖြိုခွင်းဖို့နဲ့ ဒုစရိုက်မှုတွေကို နှိမ်နင်းဖို့ဆိုတဲ့ အကြောင်းပြချက်အောက်မှာ မင်နီယာပိုလစ်မြို့ဆီ ဖက်ဒရယ် အစိုးရ အေးဂျင့်တွေ စေလွှတ်ထားတဲ့ သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ အစိုးရကတော့ ပရက်တီဟာ အေးဂျင့်တွေကို ရန်ပြုဖို့ ကြိုးစားခဲ့တာကြောင့် အေးဂျင့်တွေက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ပစ်သတ်ခဲ့တယ်လို့ ဖြေရှင်းခဲ့ပါတယ်။ ဂွတ်ဒ် သေဆုံးခဲ့တဲ့ ပထမ ဖြစ်ရပ်တုန်းကလည်း ထရမ့်ရဲ့ အစိုးရဟာ သေသူကိုပဲ အပြစ်ဖို့ခဲ့ပါတယ်။

Public Service Announcement
ဒါပေမဲ့ ဇန်နဝါရီ ၂၄ ရက်နေ့ ဖြစ်ရပ်ကို ပတ်ဝန်းကျင်မှာ ရှိနေသူတွေက အနီးကပ် ရိုက်ယူထားတဲ့ ဖုန်းဗီဒီယို မှတ်တမ်းတွေကတော့ အစိုးရရဲ့ ထုတ်ပြန်ချက်နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေပါတယ်။
DHSက သေသူ ပရက်တီဆီကနေ သိမ်းဆည်းရမိခဲ့တယ်ဆိုတဲ့ ပစ္စတိုနဲ့ ကျည်ဆန်တွေရဲ့ ဓာတ်ပုံကို ထုတ်ပြခဲ့ပါတယ်။ ပြီးတော့ ပြည်တွင်းလုံခြုံရေး ဝန်ကြီး ခရစ္စတီ နိုအမ်က ပရက်တီဟာ အေးဂျင့်တွေကို ရန်ပြုဖို့ ကြိုးစားခဲ့ကြောင်း စွပ်စွဲခဲ့ပြီး အိမ်ဖြူတော် ဝန်ထမ်းရေးရာဌာန အကြီးအကဲ စတီဖန်မီလာက ပရက်တီကို လုပ်ကြံရေးသမား တစ်ဦးလို့ တံဆိပ်ကပ်ခဲ့ပါတယ်။
ဒါပေမဲ့ အမေရိကန် မီဒီယာတွေနဲ့ လူမှုကွန်ရက်တွေမှာ ထွက်ပေါ်လာတဲ့ မှတ်တမ်း ဗီဒီယိုတွေမှာတော့ ပရက်တီက ရန်လိုခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ကွဲလွဲမှုတွေ အများကြီး ရှိနေတာကို တွေ့ရပါတယ်။ ပရက်တီဟာ ဆီးနှင်းရေခဲ ဖုံးနေတဲ့ လမ်းပေါ်မှာ ICE ဆန့်ကျင်ရေး ဆန္ဒပြပွဲ တစ်ခုမှာ ပါဝင်ရင်း လမ်းကြောင်းရှင်းမှုတွေ လုပ်နေတဲ့ အေးဂျင့်တွေကို ဖုန်းနဲ့ ဗီဒီယို ရိုက်နေခဲ့ပါတယ်။ အဲဒီနောက် ဆန္ဒပြသူ အမျိုးသမီး တစ်ဦးကို ICE အေးဂျင့်တွေက မြေကြီးပေါ် အတင်းဖိနှိပ်ပြီး ဖမ်းဆီးချိန်မှာ ပရက်တီက ကြားဝင်ပြီး ဖြန်ဖြေဖို့ ကြိုးစားခဲ့ပါတယ်။
အဲဒီအခါ သူဟာ ဓာတုမှုတ်ဆေး တစ်ခုခုနဲ့ မျက်နှာကို ပန်းလိုက်တာမျိုး ခံခဲ့ရပြီး သူ့ကိုလည်း အေးဂျင့်တွေက ရေခဲနေတဲ့ လမ်းပေါ်ကို အတင်းတွန်းလှဲခဲ့ပါတယ်။ သိပ်မကြာခင်မှာ အရာရှိ တစ်ဦးက ပရက်တီရဲ့ ဘောင်းဘီထဲကနေ သေနတ်ကို ရှာတွေ့သွားဟန်ရှိပြီး ဆွဲထုတ်ခဲ့ပါတယ်။ ချက်ချင်းဆိုသလိုပဲ ကျန်တဲ့ အေးဂျင့်တွေက သူ့ကို ဝိုင်းပစ်ခဲ့ပါတယ်။ ဒါ့အပြင် နောက်ကို နည်းနည်းဆုတ်သွားကြပြီး လမ်းပေါ်မှာ လဲနေတဲ့ ပရက်တီရဲ့ ခန္ဓာကိုယ်ထဲ နောက်ထပ် ကျည်ဆန်တွေ ပစ်သွင်းခဲ့ကြပါတယ်။
ပရက်တီရဲ့ မိသားစုက ကြေညာချက် ထုတ်ပြန်ရာမှာတော့ သားဖြစ်သူဟာ ကြင်နာတတ်ပြီး စိတ်နှလုံး ကောင်းမွန်သူ တစ်ဦးလို့ ရည်ညွှန်းထားပြီး ထရမ့်ရဲ့ အစိုးရဟာ သူ့သားနဲ့ ပတ်သက်လို့ လိမ်ညာနေကြတာ ဖြစ်တယ်လို့ စွပ်စွဲထားပါတယ်။ သူဟာ တရားဝင် လိုင်စင်နဲ့ သေနတ်ကိုင်ဆောင်ထားသူဖြစ်ပြီး ပြစ်မှုမှတ်တမ်းဟောင်း လုံးဝမရှိပါဘူး။
မင်နီဆိုးတား ပြည်နယ်အုပ်ချုပ်ရေးမှူး တင်မ်ဝဲ့လ်ဇ်ကလည်း အခုပစ်ခတ်မှုဟာ ဆိုးယုတ်လွန်းပြီး ပြည်နယ် အာဏာပိုင်တွေက ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးမှုမျိုးတွေ လုပ်ဆောင်ဖို့ တောင်းဆိုထားပါတယ်။
မင်နီယာပိုးလစ်မြို့ခံ အရပ်ဖက် အဖွဲ့အစည်းတွေနဲ့ ပြည်သူတွေကလည်း ဖက်ဒရယ် အေးဂျင့်တွေ ထွက်ခွာသွားကြဖို့၊ အခုဖြစ်စဉ်အတွက် တရားမျှတမှုကို ရှာဖွေပေးဖို့ ဆန္ဒပြ တောင်းဆိုလာကြပါတယ်။ ဂွတ်ဒ်စ်သေဆုံးခဲ့တဲ့ အရင်ဖြစ်ရပ်တုန်းကတော့ ဖက်ဒရယ် အစိုးရ အရာရှိတွေက ဒေသခံ အာဏာပိုင် အဖွဲ့အစည်းတွေကို စုံစမ်းစစ်ဆေးမှုမှာ ပူးပေါင်းခွင့် မပေးဘဲ တားဆီးခဲ့တဲ့အတွက် အငြင်းပွားစရာတွေ ဖြစ်ခဲ့ပါတယ်။
မင်နီယာပိုးလစ်က ဒုတိယအကြိမ် ပစ်ခတ်မှု အပြီးမှာတော့ အတိုက်အခံ ဒီမိုကရက်တစ် ပါတီဟာ ICEရဲ့ လက်ရှိ လုပ်ဆောင်မှုတွေကို အပြင်းအထန် ရှုတ်ချပြီး အစိုးရ ဘဏ္ဍာရေး အသုံးစရိတ်သစ် ညှိနှိုင်းမှုတွေမှာ ဒီကိစ္စအပေါ် ဖိအားပေးသွားဖွယ် ရှိနေပါတယ်။ တကယ်လို့ ဒီအခြေအနေကို မဖြေရှင်းနိုင်ဘူးဆိုရင် လောလောဆယ် ရေတို ဘတ်ဂျတ် သဘောတူညီမှု တစ်ခုနဲ့ လည်ပတ်နေတဲ့ အစိုးရ ယန္တရားက နောက်တစ်ကြိမ် ရပ်တန့်ပြီး shutdown ဖြစ်လာနိုင်ခြေ ရှိနေပါတယ်။
အမေရိကန် သမ္မတဟောင်း ဘာရတ်အိုဘားမားနဲ့ ဇနီးဖြစ်သူ မစ်ချယ်လ် အိုဘားမားတို့က မင်နီယာပိုးလစ်မြို့က ပစ်ခတ်မှုဟာ ကြေကွဲစရာ အခြေအနေတစ်ခုလို့ ထုတ်ပြန်ပြီး အမေရိကန်ရဲ့ စံတန်ဖိုးတွေကို ဖျက်ဆီးနေတဲ့ လုပ်ရပ်မျိုးအဖြစ် ရှုတ်ချ ဝေဖန်ခဲ့ပါတယ်။ ဖက်ဒရယ် အေးဂျင့်တွေဟာ ဥပဒေ စည်းမျဉ်းတွေကို လိုက်နာ စောင့်ထိန်းဖို့ တာဝန်ရှိကြောင်း၊ ကိုယ်တိုင် ချိုးဖောက်သူတွေ ဖြစ်နေလို့ မရကြောင်း ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
ထရမ့်ကတော့ ဆန္ဒပြပွဲဆီ သေနတ်ယူသွားရကောင်းလား ဆိုတာမျိုး ပရက်တီကို အပြစ်တင်တဲ့စကား ပြောထားပါတယ်။ သူက အစိုးရဟာ ဖြစ်ရပ်ကို အသေးစိတ် ပြန်လည် ဆန်းစစ်နေဆဲဖြစ်ပြီး အဲဒီမတိုင်ခင် တစ်ခုခု ကောက်ချက် မချလိုဘူးလို့ ဆိုပါတယ်။ Wall Street ဂျာနယ်နဲ့ အင်တာဗျူးမှာတော့ ထရမ့်က အေးဂျင့်တွေရဲ့ လုပ်ပုံကိုင်ပုံ နည်းလမ်းကျခဲ့တယ်လို့ ထင်သလားဆိုတဲ့ မေးခွန်းကို နှစ်ကြိမ်တိုင် ရှောင်လွှဲသွားခဲ့ပါတယ်။ ဘယ်လို ပစ်ခတ်မှုကိုမှ သူကတော့ သဘောမကျကြောင်း၊ နောက်ပြီး လူတစ်ယောက်ဟာ ဆန္ဒပြပွဲဆီ သွားတဲ့အခါ ပစ်အားပြင်းထန်တဲ့ သေနတ်တစ်လက်ကို ကျည်အပြည့်ဖြည့်ပြီး ယူသွားတာတော့ မဖြစ်သင့်ကြောင်း ထရမ့်က ဆိုပါတယ်။
လက်ရှိမှာတော့ မင်နီယာပိုးလစ်က ICE အေးဂျင့်တွေရဲ့ ပစ်ခတ်မှုတွေနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရှိ စုံစမ်းပေးဖို့ ထရမ့်ရဲ့ အစိုးရအပေါ် ဖိအားပေး တောင်းဆိုမှုတွေ မြင့်တက်လာပြီး အာဏာရ ရီပတ်ဘလစ်ကန် အမတ်တချို့ပါ အဲဒီလို သဘောထားမျိုး ပြသလာနေကြောင်း သိရပါတယ်။
ကိုးကား: AFP





















































