တရားခံပြေး ဝန်ကြီးချုပ်ဟောင်းကို လူသိရှင်ကြား မိန့်ခွန်းပြောခွင့် ပေးခဲ့တဲ့အပေါ် ဘင်္ဂလားဒေ့ရှ် အစိုးရက အိန္ဒိယကို ဝေဖန် မေးခွန်းထုတ်ခဲ့ပါတယ်။
အသက် ၇၈ နှစ်အရွယ် ဟာဆီနာဟာ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လတုန်းက လူထုအုံကြွမှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ကနေ ထွက်ပြေးခဲ့ပြီး အိန္ဒိယနိုင်ငံမှာ ခိုလှုံနေခဲ့ပါတယ်။ သူဟာ ဘင်္ဂလားဒေ့ရှ်ကို ၁၅ နှစ်လောက်ကြာအောင် အာဏာရှင်ဆန်ဆန် အုပ်စိုးခဲ့သူ တစ်ဦးလည်း ဖြစ်ပါတယ်။
ဟာဆီနာဟာ ဆန္ဒပြပွဲတွေတုန်းက ပြည်သူတွေကို သတ်ဖြတ်ဖို့ အမိန့်ပေးခဲ့ကြောင်း၊ အာဏာပိုင်တွေရဲ့ အကြမ်းဖက်မှုတွေကို တားဆီးဖို့ ပျက်ကွက်ခဲ့ကြောင်း စွပ်စွဲမှုတွေအတွက် နိုဝင်ဘာလတုန်းက ဘင်္ဂလားဒေ့ရှ် တရားရုံး တစ်ခုရဲ့ မျက်ကွယ်သေဒဏ် ချမှတ်မှုကို ခံထားရပါတယ်။
ဇန်နဝါရီ ၂၃ ရက်နေ့တုန်းကတော့ သူဟာ အိန္ဒိယနိုင်ငံ၊ ဒေလီမြို့တော်မှာရှိတဲ့ သတင်းစာ ကလပ်တစ်ခုဆီ အသံဖိုင် ပေးပို့ပြီး မိန့်ခွန်းပြောခဲ့ပါတယ်။ ဒါကာမြို့မှာရှိတဲ့ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးဌာနကတော့ နိုင်ငံရဲ့ တရားစီရင် စစ်ဆေးမှုအရ ပြစ်မှုထင်ရှားထားတဲ့ တရားခံပြေး တစ်ယောက်ကို တရားဝင် မိန့်ခွန်းပြောခွင့် ပေးခဲ့တဲ့ အိန္ဒိယ အစိုးရကို ဝေဖန်သွားခဲ့ပါတယ်။

Public Service Announcement
ဒီကိစ္စနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေ့ရှ် ပြည်သူတွေရော အစိုးရပါ အံ့ဩ တုန်လှုပ်ခဲ့ရကြောင်း၊ အစုလိုက် လူသတ်မှုတွေ ကျူးလွန်ခဲ့တဲ့ ဟာဆီနာက အမုန်းတရား ဖြန့်ဝေတဲ့ မိန့်ခွန်းတစ်ခုကို အိန္ဒိယရဲ့ မြို့တော်မှာ ပြောခွင့်ပြုခဲ့တယ်ဆိုတဲ့ အခြေအနေကို ဘင်္ဂလားဒေ့ရှ် ပြည်သူတွေရော၊ အစိုးရကပါ ဘယ်လိုမှ လက်ခံမပေးနိုင်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပါတယ်။
ဟာဆီနာနဲ့ ပတ်သက်လို့ အခုလိုမျိုး အန္တရာယ်များတဲ့ ဆုံးဖြတ်ချက်တွေ ရွေးချယ်ခြင်းဟာ နှစ်နိုင်ငံ ဆက်ဆံရေးကို ဆိုးဆိုးရွားရွား ထိခိုက်သွားစေနိုင်တယ် ဆိုတာကို အိန္ဒိယ အစိုးရ နားလည်စေလိုတယ်လို့လည်း ဘင်္ဂလားဒေ့ရှ်က သတိပေးခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်ဟာ ဟာဆီနာ အစိုးရ ပြုတ်ကျပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ရွေးကောက်ပွဲကို ဖေဖော်ဝါရီ ၁၂ ရက်နေ့မှာ ကျင်းပနေပြီး ဟာဆီနာရဲ့ နိုင်ငံရေး ပါတီကတော့ ပါဝင်ခွင့် ပိတ်ပင် ခံထားရပါတယ်။
သူ့ရဲ့ အသံဖိုင် မိန့်ခွန်းထဲမှာတော့ ဟာဆီနာက ဘင်္ဂလားဒေ့ရှ်ဟာ လက်ရှိ ယာယီ အစိုးရခေါင်းဆောင် မာဟာမက် ယူနွတ်စ်ရဲ့ လက်အောက်မှာ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲမျိုး ကျင်းပနိုင်ဖို့ လုံးဝ မဖြစ်နိုင်ဘူးလို့ ဝေဖန် ပြောကြားထားပါတယ်။ အဲဒီ မိန့်ခွန်းကို အွန်လိုင်းကနေလည်း ထုတ်လွှင့်ခဲ့ပြီး နားထောင်သူ တစ်သိန်းကျော် ရှိခဲ့ကြောင်း သိရပါတယ်။
ဘင်္ဂလားဒေ့ရှ်ဟာ တရားခံပြေးအဖြစ် ဟာဆီနာကို ပြန်လွှဲပြောင်းပေးဖို့လည်း တောင်းဆိုထားပြီး အိန္ဒိယ အစိုးရကတော့ ငြင်းဆိုထားပါတယ်။
ကိုးကား: AFP

















































