တရုတ်နဲ့ ကုန်သွယ်ရေး သဘောတူညီမှုအသစ် ရယူမယ်ဆိုရင် ကနေဒါအပေါ် သွင်းကုန်အခွန်တွေ ၁၀၀ ရာခိုင်နှုန်း စည်းကြပ်သွားမယ်လို့ အမေရိကန်က သတိပေးလိုက်ပါတယ်။
ဇန်နဝါရီ ၂၅ ရက်နေ့မှာ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး စကော့ဘက်ဆန့်က မဟာမိတ် ကနေဒါနိုင်ငံဆီ တိုက်ရိုက် လိပ်မူပြီး အခုလို သတိပေးလိုက်တာ ဖြစ်ပါတယ်။ အစောပိုင်းတုန်းကလည်း အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ကနေဒါသာ တရုတ်နဲ့ ကုန်သွယ်ရေး သဘောတူ စာချုပ်သစ် ချုပ်ဆိုခဲ့မယ်ဆိုရင် အမေရိကန်ဆီက ပြင်းထန်တဲ့ တုံ့ပြန်မှုမျိုးကို ကြိုမျှော်လင့်ထားသင့်ကြောင်း ခြိမ်းခြောက်ခဲ့ပါတယ်။
ဇန်နဝါရီ ၁၆ ရက်နေ့တုန်းက တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့တော်ဆီ အလည်အပတ် သွားရောက်ခဲ့တဲ့ ခရီးစဉ်မှာ ကနေဒါ ဝန်ကြီးချုပ် မတ်ခ်ကာနေးက တရုတ်နဲ့ ဆက်ဆံရေး ကဏ္ဍသစ်တွေ ဖွင့်လှစ်မယ်လို့ ကြေညာခဲ့ပါတယ်။ အရင်က တင်းမာမှုတွေ ရှိခဲ့ဖူးတဲ့ နှစ်နိုင်ငံဟာ မဟာဗျူဟာ ပူးပေါင်းဆောင်ရွက်မှု သဘောတူညီမှုတွေ ရရှိခဲ့တဲ့အပြင် ကုန်သွယ်ရေး စာချုပ်သစ်အတွက် အကြိုသဘောတူညီမှုလည်း ရခဲ့တယ်လို့ ကာနေးက ဆိုပါတယ်။
အဲဒီ သဘောတူညီမှုမှာ တရုတ်က ကနေဒါရဲ့ ကနိုလာဆီ ပို့ကုန်တွေအပေါ် အခွန် ၈၄ ရာခိုင်နှုန်း စည်းကြပ်ထားမှုကနေ ၁ ကနေ ၁၅ ရာခိုင်နှုန်းထိ လျှော့ချပေးမယ့် ညှိနှိုင်းထားမှုမျိုးလည်း ပါဝင်နေပါတယ်။ နောက်ပြီး ကနေဒါ နိုင်ငံသားတွေကိုလည်း ဗီဇာကင်းလွတ် ပြည်ဝင်ခွင့်ပေးဖို့ တရုတ်က သဘောတူခဲ့ပါတယ်။ အပြန်အလှန် အနေနဲ့ တရုတ်ရဲ့ လျှပ်စစ်ကား အစီး ၄၉၀၀၀ ကို တန်ဖိုးရဲ့ ၆.၁ ရာခိုင်နှုန်းသာ အခွန်စည်းကြပ်ပြီး တင်သွင်းဖို့ ကနေဒါက ခွင့်ပြုမှာ ဖြစ်ပါတယ်။

Public Service Announcement
အမေရိကန်မှာ ထရမ့် သမ္မတ ဖြစ်လာတဲ့နောက် တရုတ်နဲ့ ကုန်သွယ်ရေးစစ်ပွဲတစ်ခုကို နွှဲခဲ့သလို လက်ရှိမှာလည်း အမေရိကန်နဲ့ ကနေဒါကြား ကုန်သွယ်ရေးဆိုင်ရာ အငြင်းပွားမှုတွေ ရှိနေပါတယ်။ ဒီလို အခြေအနေမှာ တရုတ်နဲ့ ကနေဒါတို့က ကုန်သွယ်ရေး စာချုပ်တွေ ချုပ်ဆိုမှာမျိုးကို လက်မခံနိုင်ကြောင်း အမေရိကန်ဖက်က အတိအလင်း ပြသလာခဲ့တာလည်း ဖြစ်ပါတယ်။
ဘက်ဆန့်ကတော့ တကယ်လို့ တရုတ်-ကနေဒါ ကုန်သွယ်ရေး စာချုပ်သာ အထမြောက်လာမယ်ဆိုရင် အမေရိကန်ဆီ တင်ပို့နေတဲ့ ကနေဒါ ကုန်စည် အားလုံးရဲ့ တန်ဖိုး ၁၀၀ ရာခိုင်နှုန်းနဲ့ ညီမျှတဲ့ သွင်းကုန် အခွန်စည်းကြပ်မှုမျိုး ကြုံတွေ့သွားနိုင်ကြောင်း သတိပေးခဲ့ပါတယ်။
ကနေဒါက တရုတ်နဲ့ ကုန်သွယ်မှုကို ပိုမြှင့်တင်ပြီး တရုတ်ကုန်စည်တွေ တင်သွင်းမှုကို ပိုမိုခွင့်ပြုလေလေ၊ အမေရိကန်ရဲ့ တုံ့ပြန်မှုတွေက ပိုပြင်းထန်လေလေ ဖြစ်လာနိုင်တယ်လို့လည်း ဘက်ဆန့်က ဆိုပါတယ်။
ထရမ့်ကလည်း အခုအခါ တရုတ်ဟာ တစ်ချိန်က ခမ်းနားခဲ့တဲ့ ကနေဒါ နိုင်ငံကို အောင်အောင်မြင်မြင်ကြီး စွက်ဖက် ခြယ်လှယ်သွားပြီဖြစ်ကြောင်း၊ ဒါကို မြင်ရတာ စိတ်မကောင်းကြောင်း၊ အနည်းဆုံးတော့ ရေခဲပြင် ဟော်ကီ အားကစားကိုတော့ တရုတ်က ချမ်းသာပေးပြီး မစွက်ဖက်ဘဲ ချန်ထားဖို့ပဲ သူမျှော်လင့်တော့ကြောင်း လူမှုကွန်ရက်ပေါ်မှာ အငေါ်တူး ရေးသားထားခဲ့ပါသေးတယ်။ ရေခဲပြင် ဟော်ကီဟာ ကနေဒါရဲ့ အကျော်ကြားဆုံး အားကစားနည်းဖြစ်ပါတယ်။
ကိုးကား: AFP
ဓာတ်ပုံ – Getty Images

















































