close
Connect with us

Hi, what are you looking for?

နိုင်ငံတကာ

မျိုးဆက်သစ် ဗုံးကြဲလေယာဉ်တွေ ထုတ်လုပ်မှု စွမ်းရည်ကို မြှင့်တင်ဖို့ အမေရိကန် လေတပ်စီစဉ်

မျိုးဆက်သစ် မဟာဗျူဟာ ဗုံးကြဲလေယာဉ်တွေ ထုတ်လုပ်မှု မြန်နှုန်းကို မြှင့်တင်ဖို့အတွက် အမေရိကန် လေတပ်နဲ့ Northrop Grumman ကုမ္ပဏီကြား သဘောတူညီမှု ရရှိခဲ့ပါတယ်။

မျိုးဆက်သစ် မဟာဗျူဟာ ဗုံးကြဲလေယာဉ်တွေ ထုတ်လုပ်မှု မြန်နှုန်းကို မြှင့်တင်ဖို့အတွက် အမေရိကန် လေတပ်နဲ့ Northrop Grumman ကုမ္ပဏီကြား သဘောတူညီမှု ရရှိခဲ့ပါတယ်။

ဖေဖော်ဝါရီ ၂၃ ရက်နေ့တုန်းက လေတပ်ရဲ့ အဓိက စစ်လက်နက် စနစ်တွေ ဝယ်ယူစုဆောင်းရေးဌာန အကြီးအကဲ ဗိုလ်ချုပ်ကြီး ဒေးလ်ဝှိုက်က မျိုးဆက်သစ် ဗုံးကြဲလေယာဉ်တွေကို မူလ မျှော်လင့်ထားတာထက် ပိုမြန်တဲ့ ထုတ်လုပ်မှုနှုန်းမျိုး မြှင့်တင်ဖို့ သဘောတူညီချက်အကြောင်း ကြေညာခဲ့ပါတယ်။

အဲဒီ သဘောတူညီမှုအရ Northrop Grumman ကုမ္ပဏီဟာ B-21 Raider ဗုံးကြဲလေယာဉ်တွေကို နှစ်စဉ် မူလလျာထားချက်ထက် အရေအတွက် ၂၅ ရာခိုင်နှုန်းတိုးပြီး လေတပ်ဆီကို ပေးပို့ရမှာ ဖြစ်ပါတယ်။ အပြန်အလှန် အနေနဲ့ လေတပ်က ကုမ္ပဏီကို ဒေါ်လာ ၄.၅ ဘီလီယံ တိုးမြှင့်ပေးသွားမှာ ဖြစ်ပါတယ်။

အခု ဆုံးဖြတ်ချက်က B-21 စီမံကိန်းနဲ့ နိုင်ငံရဲ့ ကာကွယ်ရေး စက်မှုလုပ်ငန်းတွေအပေါ် နိုင်ငံအနေနဲ့ ဘယ်လောက်တောင် ယုံကြည်မှု ထားရှိသလဲဆိုတာ မြင်သာစေလိမ့်မယ်လို့ ဒေးလ်က ပြောပါတယ်။ အမေရိကန်ဟာ ပထမဆုံး ဆဋ္ဌမမျိုးဆက် စစ်လေယာဉ်တွေ ဖြစ်လာမယ်လို့ ညွှန်းဆိုထားတဲ့ B-21တွေကို အစီးရေ ၁၀၀ ထက်မနည်း မှာယူဖို့ လျာထားပါတယ်။

Public Service Announcement

Public Service Announcement

B-21တွေဟာ လက်ရှိ ကမ္ဘာပေါ်မှာ ခေတ်အမီဆုံး ဗုံးကြဲလေယာဉ်တွေလို့ သတ်မှတ်ထားတဲ့ B-2တွေထက် အများကြီး အဆင့်မြင့်မယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က ညွှန်းဆိုခဲ့ဖူးပါတယ်။ B-21တွေဟာ ရေဒါနဲ့ ထောက်လှမ်းမှုတွေကို ရှောင်တိမ်းနိုင်တဲ့ အဆင့်အမြင့်ဆုံး ကိုယ်ပျောက် စွမ်းရည် ပိုင်ဆိုင်ထားပြီး နျူကလီးယား စစ်လက်နက်တွေကိုလည်း ကိုင်တွယ်တိုက်ခိုက်နိုင်ပါတယ်။ လက်ရှိမှာတော့ အမေရိကန် လေတပ်ဟာ B-21 နှစ်စီးကို အသုံးပြုပြီး လက်တွေ့ ပျံသန်းမှု အချက်အလက်တွေကို စုဆောင်းနေဆဲ ဖြစ်ပါတယ်။

ဒေးလ်က B-21တွေရဲ့ ထုတ်လုပ်မှု စွမ်းရည်ကို မြှင့်တင်ဖို့ အခုကတည်းက စီစဉ်ထားတာဟာ တိုက်ပွဲဝင်အဆင့် အသင့်ပြင်ဆင်မှုတွေကို အများကြီး အထောက်အကူ ဖြစ်စေလိမ့်မယ်လို့ ပြောပါတယ်။ အမေရိကန် လေတပ်ဟာ B-21တွေ ဘယ်နှစီး မှာယူမလဲ ဆိုတာနဲ့ တစ်နှစ်ကို အစီးရေ ဘယ်လောက်များများ ရရှိဖို့ မျှော်လင့်ထားသလဲ ဆိုတာတွေကိုတော့ အတိအကျ မကြေညာထားပါဘူး။

လေတပ်အနေနဲ့ ပထမဆုံးအသုတ် B-21တွေကို ၂၀၂၇ ခုနှစ်မှာ စတင် လက်ခံရရှိဖို့ မျှော်လင့်ထားပါတယ်။ လက်ရှိမှာတော့ လေတပ်နဲ့ ပူးပေါင်း စမ်းသပ်မှု ရလဒ်အားလုံးမှာ B-21တွေရဲ့ မြေပြင်ရော ဝေဟင် စမ်းသပ်ချက်တွေ အားလုံးက အရမ်း အားရစရာ ရလဒ်တွေကို ညွှန်ပြနေတယ်လို့ Northrop Grummanရဲ့ လေကြောင်းလမ်းညွှန်ဌာန အကြီးအကဲ တွမ်ဂျုံးစ်က ပြောပါတယ်။

ရေဒါနဲ့ ထောက်လှမ်းမှုကို ရှောင်ကွင်းနိုင်ပြီး နျူကလီးယားလက်နက် တပ်ဆင်နိုင်တဲ့ မဟာဗျူဟာ ဗုံးကြဲလေယာဉ်တွေ အများအပြား ပိုင်ဆိုင်ရေးဟာ အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနဖြစ်တဲ့ ပင်တဂွန် စစ်ဌာနချုပ်ရဲ့ အရေးအကြီးဆုံး မဟာဗျူဟာ ရည်မှန်းချက်တစ်ခု ဖြစ်ပါတယ်။ လောလောဆယ်မှာတော့ အမေရိကန် လေတပ်ဟာ အဲဒီ စံနှုန်းတွေနဲ့ ကိုက်ညီတဲ့ ဗုံးကြဲလေယာဉ်တွေအဖြစ် Northrop Grumman B-2 အစီး ၂၀ ကိုသာ ပိုင်ဆိုင်ထားပါတယ်။ B-2တွေဟာ တစ်စီးချင်း တန်ဖိုး များပြားသလို ပြုပြင်ထိန်းသိမ်းရတဲ့ စိန်ခေါ်မှုတွေ အရမ်းကြီးမားတာကြောင့် လေတပ်ဟာ နောက်ထပ် အရေအတွက် တိုးမြှင့်ထုတ်လုပ်ဖို့ မစဉ်းစားတော့ဘဲ ပိုပြီး ခေတ်မီတဲ့ B-21 စီမံကိန်းအပေါ် ပြောင်းလဲ အာရုံစိုက်ခဲ့တာ ဖြစ်ပါတယ်။

ကိုးကား: Flight Global
ဓာတ်ပုံ – US Air Force

ဆက်စပ်သတင်းများ