အရှေ့အလယ်ပိုင်း ဒေသဆီကို ဒုံးကျည်တွေ ပေးပို့သွားမှာ ဖြစ်ပေမယ့် အီရန်ကို တိုက်ခိုက်ဖို့ ခြေလျင်တပ်တွေတော့ စေလွှတ်မှာ မဟုတ်ဘူးလို့ ဩစတြေးလျ အစိုးရက ပြောကြားခဲ့ပါတယ်။
အီရန်စစ်ပွဲရဲ့ ဂယက်က အရှေ့အလယ်ပိုင်း ဒေသတွင်း နိုင်ငံတွေကိုပါ သက်ရောက် ရိုက်ခတ်နေချိန်မှာ ဩစတြေးလျက အာရပ်စော်ဘွားများ ပြည်ထောင်စု (ယူအေအီး) နိုင်ငံဆီ ဒုံးကျည်တွေ ပို့ဆောင်ဖို့ ဆုံးဖြတ်ခဲ့တာပါ။ ဒုံးကျည်တွေသာ မကဘဲ ထောက်လှမ်းရေး လေယာဉ် တစ်စီးကိုပါ ယူအေအီးဆီ ပို့ဆောင်သွားမယ်လို့ ဩစတြေးလျ ဝန်ကြီးချုပ် အန်သိုနီ အယ်လ်ဘန်နိစ်က မတ်လ ၁၀ ရက်နေ့မှာ အတည်ပြုခဲ့ပါတယ်။
အရှေ့အလယ်ပိုင်းမှာ ဩစတြေးလျရဲ့ လက်နက်တွေကို ဖြန့်ကျက်ရတဲ့ ရည်ရွယ်ချက်ကတော့ အီရန်ဆီက တိုက်ခိုက်လာမှုတွေကို ကြားဖြတ် ဟန့်တားနိုင်ဖို့သာ ဖြစ်တယ်လို့ ဝန်ကြီးချုပ်က ဆိုပါတယ်။ သူက ဩစတြေးလျရဲ့ စစ်ဆင်ရေး ရည်မှန်းချက်ဟာ ခုခံကာကွယ်ရေး သက်သက်ဖြစ်ကြောင်း အခိုင်အမာ ပြောကြားခဲ့သလို အီရန်ပိုင်နက်ထဲ ခြေလျင်တပ်တွေ စေလွှတ်မှာ မဟုတ်ဘူးလို့လည်း သတင်းထေက်တွေဆီ အသိပေးခဲ့ပါတယ်။
အရှေ့အလယ်ပိုင်း စစ်ရေး ပဋိပက္ခထဲ ဝင်ပါရတဲ့ ရည်ရွယ်ချက် နှစ်ခုပဲရှိကြောင်း၊ အဲဒါတွေက ဒေသတွင်းမှာ ရှိနေတဲ့ ဩစတြေးလျ နိုင်ငံသားတွေကို ကာကွယ်ဖို့နဲ့ ယူအေအီးမှာ ရှိနေတဲ့ မိတ်ဆွေတွေကို ကူညီဖို့လို့ အယ်လ်ဘန်နိစ်က ပြောပါတယ်။

Public Service Announcement
ဩစတြေးလျဟာ Boeing ကုမ္ပဏီက ထုတ်လုပ်တဲ့ E-7A လေကြောင်း ထောက်လှမ်းရေးနဲ့ အန္တရာယ် ကြိုတင် သတိပေးရေး လေယာဉ်တစ်စီးကိုလည်း ယူအေအီးနဲ့ ပင်လယ်ကွေ့ နိုင်ငံတွေရဲ့ လေပိုင်နက် ကာကွယ်ရေး ရည်ရွယ်ချက်အတွက် သီတင်းလေးပတ်ကြာ ဖြန့်ကျက်ထားမယ်လို့ ကြေညာထားပါတယ်။ ယူအေအီးဆီ ဩစတြေးလျက ပို့ဆောင်မယ့် ဒုံးကျည်တွေကတော့ တာလတ်ပစ် လေကြောင်းကာကွယ်ရေး အမျိုးအစားတွေ ဖြစ်ပါတယ်။
ယူအေအီး သမ္မတ မိုဟာမက် ဘင်ဇာယက် အယ်လ်နာယန်းနဲ့ ဖုန်းပြောပြီးတဲ့နောက် အဲဒီ လေကြောင်းကာကွယ်ရေး ဒုံးကျည်တွေ ပို့ဆောင်ပေးဖို့ သဘောတူခဲ့ကြောင်း သူက ပြောပါတယ်။
အရှေ့အလယ်ပိုင်းမှာ စစ်ပွဲစတင်ချိန်တုန်းက အဲဒီဒေသမှာ ဩစတြေးလျ နိုင်ငံသား ၁၁၅၀၀၀ လောက် ပိတ်မိနေခဲ့ပြီး ၂၆၀၀ ကျော်ကိုတော့ နေရပ်ဆီ ပြန်ခေါ်ထားနိုင်ခဲ့ပြီးဖြစ်ကြောင်း သိရပါတယ်။
ကိုးကား: Reuters
ဓာတ်ပုံ – Department of Defence

















































