နှစ်နိုင်ငံကြား ပိုင်နက် အငြင်းပွားရာ ရေပြင်ကို တရုတ်ဖက်က ရည်ရွယ်ချက်ရှိရှိ အဆိပ်ခတ်နေကြောင်း ဖိလစ်ပိုင်က စွပ်စွဲခဲ့ပါတယ်။
တောင်တရုတ်ပင်လယ်ထဲက နှစ်နိုင်ငံ ပိုင်ဆိုင်ခွင့် အငြင်းပွားနေရာ စပရတ်လေ ကျွန်းစုနားက ပင်လယ်ထဲကို တရုတ် သင်္ဘောသားတွေက ဆိုင်ယာနိုက် အဆိပ်တွေ ခတ်နေတယ်လို့ ဖိလစ်ပိုင်က ပြောပါတယ်။ အဲဒီ ကျွန်းစုတဝိုက်မှာ ဖိလစ်ပိုင်နဲ့ တရုတ် ရေယာဉ်တွေကြား တင်းတင်းမာမာ ထိပ်တိုက်တွေ့ဆုံတဲ့ ပြဿနာတွေလည်း ရှိခဲ့ပါတယ်။
ဖိလစ်ပိုင် အမျိုးသား လုံခြုံရေးကောင်စီ (NSC)က တရုတ် ငါးဖမ်းလှေတွေဟာ ပင်လယ်ရေထဲ ဆိုင်ယာနိုက် အဆိပ်တွေ လောင်းချတဲ့ လုပ်ရပ်ကို မနှစ်ကတည်းက စတင်နေခဲ့တာလို့ စွပ်စွဲပါတယ်။ အထူးသဖြင့် စပရတ်လေ ကျွန်းစုရဲ့ ဒုတိယ သောမတ်စ် သောင်ခုံကျွန်းနားမှာ အဲဒီလို အဆိပ်ခတ်တဲ့ လုပ်ရပ်တွေ ကျူးလွန်နေတာ ဖြစ်တယ်လို့ NSCက ဆိုပါတယ်။
အဲဒီ လုပ်ရပ်ဟာ အနီးတဝိုက် ရေပြင်မှာရှိတဲ့ ငါးသယံဇာတတွေ သေကြေ ပျက်စီးစေပြီး ကျွန်းပေါ်က ဖိလစ်ပိုင် စစ်စခန်းမှာ ရှိနေတဲ့ အမှုထမ်းတွေ ရိက္ခာပြတ်စေဖို့ အကြံအစည်နဲ့ ဖြစ်တယ်လို့ ဖိလစ်ပိုင်က ပြောပါတယ်။ ဒါတင် မကသေးဘဲ ရေတပ်သားတွေဟာ အဆိပ်အတောက်ပါတဲ့ ရေတွေကို ထိတွေ့သုံးစွဲမိတာ၊ အဆိပ်သင့် သေဆုံးထားတဲ့ ငါးတွေကို စားမိတာမျိုး အန္တရာယ်တွေပါ ဖြစ်နိုင်တယ်လို့ NSCရဲ့ လက်ထောက် ညွှန်ကြားရေးမှူး ကော်နယ်လီယို ဗလန်စီယာက ပြောကြားခဲ့ပါတယ်။ ဗလန်စီယာက ဆိုင်ယာနိုက်ကြောင့် သဘာဝ သန္တာကျောက်တန်းတွေလည်း ပျက်စီးကုန်တယ်လို့ ဆိုပါတယ်။

Public Service Announcement
ပိုင်နက် အငြင်းပွားမှုတွေ ဖြစ်ပေါ်နေရာ ကျွန်းစုမှာ ဖိလစ်ပိုင်က စစ်သင်္ဘောဟောင်းကြီး တစ်စီးကို တမင်တကာ သောင်ပြင်ပေါ် မောင်းတင်ပြီး ကမ်းဝေး စစ်စခန်း တစ်ခုအဖြစ် ထားရှိပါတယ်။ ပြီးတော့ အဲဒီ စခန်းမှာ ဖိလစ်ပိုင် စစ်သားတွေလည်း အခြေစိုက်ထားပါတယ်။
တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာနကတော့ ဖိလစ်ပိုင်ရဲ့ စွပ်စွဲချက်တွေဟာ အခြေအမြစ် မရှိလွန်းလို့ အရေးတယူ အဖက်လုပ်ပြီး ငြင်းဆိုနေဖို့တောင် မထိုက်တန်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။ ဒါ့အပြင် အဲဒီရေပြင်မှာ တရားဝင် ငါးဖမ်းနေတဲ့ တရုတ် တံငါလှေတွေကိုသာ ဖိလစ်ပိုင်က ခြိမ်းခြောက်တာ၊ အကျပ်ကိုင်တာမျိုးတွေ လုပ်နေပြီး ဖမ်းမိထားတဲ့ ငါးတွေကို လုယက်တာတွေ ရှိခဲ့ဖူးကြောင်း တရုတ်က တန်ပြန် စွပ်စွဲထားပါတယ်။
ဖိလစ်ပိုင်နဲ့ တရုတ်တို့ဟာ ရေပိုင်နက် အငြင်းအခုံကို အကြောင်းပြုပြီး တင်းတင်းမာမာ ပဋိပက္ခတွေလည်း ရှိခဲ့ဖူးပါတယ်။ ၂၀၂၄ ခုနှစ်၊ ဇွန်လတုန်းကဆိုရင် ဓားတွေ၊ တုတ်တွေနဲ့ ပုဆိန်ပါ ကိုင်ထားတဲ့ တရုတ် ကမ်းခြေစောင့် တပ်သားတွေဟာ ဖိလစ်ပိုင်ရေတပ်ရဲ့ စက်လှေတွေပေါ် ကူးလာပြီး ရန်လို ခြိမ်းခြောက်ခဲ့ဖူးပါတယ်။
တရုတ်ဟာ တောင်တရုတ်ပင်လယ် ရေပြင်တစ်ခုလုံးကို ပိုင်နက်အဖြစ် သတ်မှတ်ထားတာကြောင့် ဖိလစ်ပိုင် အပါအဝင် ဒေသတွင်း နိုင်ငံတွေနဲ့ ပိုင်နက် အငြင်းပွားမှုတွေ ကြုံတွေ့နေတာ ဖြစ်ပါတယ်။
ကိုးကား: AFP
ဓာတ်ပုံ – AFP



















































