-ကိုထွေးသက် ရေးသားသည်။
သင်္ကြန်ရောက်တော့မယ်လို့ ဆိုလိုက်တာနဲ့ စိတ်အာရုံထဲမှာ အလိုအလျောက် ပေါ်လာတတ်တာကတော့ သင်္ကြန်မိုး ရုပ်ရှင်နှင့် ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတွေ၊ သင်္ကြန်သီချင်းတွေပဲ ဖြစ်ပါတယ်။
သင်္ကြန်သီချင်း ၁၈ ပုဒ်ထိပါခဲ့ပြီး ၁၉၈၅ ခုနှစ် ရုပ်ရှင်ဆုပေးပွဲမှာ ဒါရိုက်တာဆု၊ အကောင်းဆုံး ရုပ်ရှင်ဆု ၊ ဓာတ်ပုံဆုတွေလည်း ရခဲ့တာပါ။
လွန်ခဲ့သော ၄၁ နှစ်ခန့်က ဒါရိုက်တာမောင်တင်ဦး ရိုက်ကူးခဲ့တဲ့ မန္တလေးသင်္ကြန်နောက်ခံ ရုပ်ရှင်ကားဟာ အခုချိန်ထိ ရှင်သန်ဆဲ၊ နုပျိုဆဲ၊ လူကြိုက်များဆဲ ဖြစ်ပါတယ်။

Public Service Announcement
ရုပ်ရှင်မှာ နေအောင်၊ ခင်သန်းနု၊ ဇင်ဝိုင်း၊ မေသန်းနု၊ သီတာသိမ့်နှင့် သင်္ကြန်မင်းသားကြီး ဇော်ဝမ်းတို့ ပါဝင်တာပါ။
ဇာတ်လမ်းကတော့ အများသိပြီးသားဖြစ်တာကြောင့် အကျယ်တဝင့် ရှင်းမပြတော့ပါ။ အဲ့ုီဇာတ်ကားထဲမှာ စန္ဒရားတီးလျက် အချစ်ကြီးသူ၊ သစ္စာကြီးသူ အရက်သမားကြီး ကိုငြိမ်းမောင်အဖြစ် ပရိသတ်ကို ဖမ်းစားခဲ့သူမှာ မင်းသားနေအောင် ဖြစ်ပါတယ်။ နေအောင်နဲ့အတူ လူငယ်မျိုးဆက် ကိုသက်ထွေး အဖြစ် မင်းသားဇင်ဝိုင်းက သရုပ်ဆောင်ခဲ့တာပါ။
သင်္ကြန်မိုးဇာတ်လမ်းထဲမှာ ကိုငြိမ်းမောင်နဲ့ သက်ထွေးတို့က သားအဖဖြစ်ပြီး သူတို့နှစ်ယောက်၏သရုပ်ဆောင်ချက်တွေ၊ ဒိုင်ယာလော့ဒ်တွေက
လူကြိုက်များခဲ့ရပါတယ်။
ဒါပေမယ့် ၂၀၂၁ ခု ဖေဖော်ဝါရီလ ၁ ရက်မှာ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ အချိန်မှစပြီး သင်္ကြန်မိုးဇာတ်လမ်းထဲက ဇာတ်ကောင် ငြိမ်းမောင် နှင့် သက်ထွေး တို့ဟာ ဆန့်ကျင်ဘက် အစွန်းနှစ်ဖက်ကို ရောက်ရှိသွားပါတယ်။
ကိုငြိမ်းမောင် တယောက် ပြည်သူ့ရင်ခွင်ကို စုံကန်သွားခဲ့တာ ဖြစ်ပါတယ်။
ဒီဖြစ်ရပ်ဟာ ရုပ်ရှင်ဇာတ်ညွှန်းတခုထက် ပိုပြီးနက်ရှိုင်းပါတယ်။
ကိုငြိမ်းမောင်ဟာ ရုပ်ရှင်ထဲမှာတော့ မာနကြီးပြီး ကိုယ်ကျင့်တရား စောင့်ထိန်းတဲ့ အနုပညာရှင်တဦး ဖြစ်ခဲ့ပေမယ့် အပြင်လောကမှာတော့ စစ်အာဏာရှင်၏ ဖိနပ်အောက် ခိုလှုံရင်း ဘောမ ဆိုတဲ့ ဂုဏ်ပုဒ်ကို ဂုဏ်ယူဝံ့ကြွားစွာ ခံယူခဲ့တာပါ။
ကျေးညီနောင်ပုံပြင်ထဲက ကျေးငှက်တကောင်ဟာ သူခိုးဓားပြတောထဲ ရောက်ပြီး ရိုင်းစိုင်းသွားသလို၊ နေအောင်ဟာလည်း ပြည်သူ့အသံကို ကျောခိုင်းလျက် အာဏာရှင်တို့ရဲ့ ဝါဒဖြန့် ယန္တရားထဲကို ရောက်ရှိသွားခဲ့ပါပီ။
သူဟာ စစ်တပ်ကျောထောက်နောက်ခံ ကြံ့ဖွံ့ပါတီ၏ ရွေးကောက်ပွဲ အောင်နိုင်ရေး စည်းရုံးရေးပွဲတွေမှာ ကြံ့ဖွံ့ပါတီ၏ ဝတ်စုံကို ဝတ်ဆင်ပြီး ကြံ့ဖွံ့ပါတီအနိုင်ရဖို့ မဲဆွယ်စည်းရုံးပေးခဲ့ပါတယ်။
မဲဆွယ်စည်းရုံးရေး ပွဲတခုမှာတော့ “…..နိုင်ငံရေးအခင်းအကျင်းအရ တိုင်းပြည်ကို မငြိမ်အောင်လုပ်တဲ့ကောင် အကုန်သတ်… ရှင်းတယ်နော်…” ဆိုပြီး တော်လှန်ရေးလုပ်သူတွေကို သတ်ပစ်ဖို့ကိုပင် နေအောင်က လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့တာပါ။
ကိုငြိမ်းမောင်ရဲ့ သားဖြစ်သူသက်ထွေးအဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသားဇင်ဝိုင်းဟာ စစ်အာဏာရှင်ကို မတရားမှုဟု ရှုမြင်ပြီး ပြည်သူ့ဘက်က မားမားမတ်မတ် ရပ်တည်ခဲ့ပါတယ်။ မင်းသားဇင်ဝိုင်းဟာ သူတင်သာမဟုတ် သူ့ရဲ့ မျိုးဆက် သားဖြစ်သူ နာမည်ကျော်မင်းသားမင်းမော်ကွန်းပါ ပြည်သူနဲ့ တသားထဲ ရှိနေခဲ့ကြပါတယ်။
သူတို့ဟာ နာမည်ကျော်ကြားမှု၊ စည်းစိမ်ဥစ္စာနဲ့ ဘေးကင်းလုံခြုံမှုတို့ကို စွန့်လွှတ်ပြီး ပြည်သူ့ရင်ခွင်ထဲ ခုန်ဝင်ခဲ့ကြတာပါ။
ဒီကနေ့ခေတ် သင်္ကြန်မိုးကို ပြန်လည်ကြည့်ရှုသူတိုင်းရဲ့ ရင်ထဲမှာလည်း ခါးသီးတဲ့ ခံစားချက်တစ်မျိုး ကိန်းအောင်းနေတတ်ပါတယ်။
အနုပညာရှင်တွေဖြစ်ကြတဲ့ သူတို့သားအဖဟာ အမှန်တရားအတွက် ခါးသီးတဲ့ ဒဏ်ချက်တွေကို ခံယူနေချိန် နေအောင်ကတော့ အာဏာရှင်ရဲ့ ပေးစာကမ်းစာတွေကို စားသုံးပြီး ပြည်သူ့အမုန်းကို ခံယူနေရပါတယ်။
ကိုငြိမ်းမောင် တဖြစ်လဲ သရုပ်ဆောင်ခဲ့သူ မင်းသားနေအောင်ဟာ အခုအခါ ပြည်သူ့အချစ်တော် မဟုတ်တော့ဘဲ အာဏာရှင်၏ လက်ပါးစေအဖြစ် သမိုင်းတွင် ကျန်ရစ်တော့မှာ ဖြစ်သည်။
သင်္ကြန်မိုးရုပ်ရှင်ကားဟာ ဂန္ဓဝင်ရုပ်ရှင်ကားကြီးအဖြစ် ဆက်ရှိနေဦးမည် ဖြစ်ပေမယ့် ဒီရုပ်ရှင်ကားထဲက ကိုငြိမ်းမောင်ဇာတ်ကောင်၏ပုံရိပ်ဟာ သရုပ်ဆောင်သူရဲ့ လက်တွေ့လုပ်ရပ်တွေကြောင့် ညစ်နွမ်းသွားခဲ့ရပါပြီ။
ဦးဇင်ဝိုင်းတို့ သားအဖနှစ်ယောက် ပြည်သူ့နှလုံးသားထဲမှာ နေရာယူသွားချိန် မင်းသားနေအောင်ကတော့ ပြည်သူတွေရဲ့ အမုန်းကို ခံနေရပြီ ဖြစ်ပါတယ်။ဒါဟာကျေးညီနောင်ပုံပြင်ရဲ့ ဗားရှင်းအသစ်ပင် ဖြစ်ပါတယ်ရှင်။



















































