close
Connect with us

Hi, what are you looking for?

ဆောင်းပါး

စစ်တပ်ဗုံးကြဲဖျက်ဆီးခဲ့တဲ့ မင်းတပ်ကချင်းဗုဒ္ဓဘာသာအသင်းအိမ်

တောင်ကုန်းတောင်တန်းထက်မှာ သီးသန့်ဆန်ဆန် တည်ရှိနေတဲ့ ဒီနှစ်ထပ်အိမ်ကလေးကတော့ မြင်ရသူအပေါင်းကို ပန်းရောင်ခြယ် အလှတရားတွေနဲ့ ဆွဲဆောင်နေပါတယ်။သစ်သားနဲ့ သွပ်မိုးကို အသုံးပြုပြီး မြန်မာ့ကျေးလက်ဟန်နဲ့ ခေတ်သစ်ဗိသုကာကို ရောယှက်တည်ဆောက်ထားတာဖြစ်ပြီး အိမ်ရှေ့က ဝရန်တာကျယ်ကျယ်နဲ့ အညိုရောင် တံခါး၊ ပြတင်းပေါက်ကလေးတွေက အိမ်ရဲ့ ရိုးရှင်းတဲ့ အလှကို ပိုမိုပေါ်လွင်စေပါတယ်။

ဟာနာဆန်/People’s Spring

တောင်ကုန်းတောင်တန်းထက်မှာ သီးသန့်ဆန်ဆန် တည်ရှိနေတဲ့ ဒီနှစ်ထပ်အိမ်ကလေးကတော့ မြင်ရသူအပေါင်းကို ပန်းရောင်ခြယ် အလှတရားတွေနဲ့ ဆွဲဆောင်နေပါတယ်။သစ်သားနဲ့ သွပ်မိုးကို အသုံးပြုပြီး မြန်မာ့ကျေးလက်ဟန်နဲ့ ခေတ်သစ်ဗိသုကာကို ရောယှက်တည်ဆောက်ထားတာဖြစ်ပြီး အိမ်ရှေ့က ဝရန်တာကျယ်ကျယ်နဲ့ အညိုရောင် တံခါး၊ ပြတင်းပေါက်ကလေးတွေက အိမ်ရဲ့ ရိုးရှင်းတဲ့ အလှကို ပိုမိုပေါ်လွင်စေပါတယ်။

ခြံဝင်းအတွင်းမှာလည်း စိမ်းလန်းတဲ့ သစ်ပင်ကြီးငယ်တွေနဲ့အတူ အမိုးအကာပါတဲ့ ကားဂိုဒေါင်တစ်ခုလည်း ပါဝင်တာကြောင့် အေးချမ်းပြီး လုံခြုံမှုရှိတဲ့နေအိမ်လေးတစ်ခုအဖြစ်ဖော်ဆောင်နေပါတယ်။အထူးသဖြင့် အိမ်အပေါ်ထပ်က လွှင့်ထူထားတဲ့ ဗုဒ္ဓဘာသာ သာသနာ့အလံတော်နဲ့ ဆိုင်းဘုတ်ကလေးက ဒီအိမ်ကလေးဟာ ဘာသာတရားကို အလေးထားပြီး မေတ္တာရိပ်တွေ လွှမ်းခြုံထားတဲ့ အိမ်ဂေဟာလေးတစ်ခုဖြစ်ကြောင်း ဖော်ပြနေသလိုပါပဲ။

ဒီဂေဟာလေးက မင်းတပ်မြို့နယ်က ချင်းဗုဒ္ဓသာသနပါလကအသင်းရဲ့ အိမ်ကလေးပါ။ မင်းတပ်မြို့နယ်၊ ချင်းဗုဒ္ဓသာသနပါလကအသင်းကို လွန်ခဲ့တဲ့ ၁၂ နှစ် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီ ၂၂ ရက်မှာ စတင်ဖွဲ့စည်းခဲ့တာပါ။ ဖွဲ့စည်းရတဲ့ရည်ရွယ်ချက်ကလည်း ဒီလိုပါ။ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ အရင်က ဗုဒ္ဓဘာသာကိုးကွယ်သူအများအပြား ရှိခဲ့ဖူးပါတယ်တဲ့။ နောက်ပိုင်းမှာတော့ ဗုဒ္ဓဘာသာကိုးကွယ်သူ အနည်းငယ်သာ ကျန်ရှိလာခဲ့တယ်။

Public Service Announcement

Public Service Announcement

အဲဒါကလည်းတခြားဘာသာဝင်တွေဟာစည်းလုံးတယ်၊ စုပေါင်းဆောင်ရွက်မှုရှိတယ်၊ ပြီးတော့ ဘာသာဝင်တွေရဲ့သာရေးနာရေးတွေမှာဆို အစအလယ်အဆုံး တာဝန်ယူဆောင်ရွက်ပေးတတ်ကြပါသတဲ့။

ဒါ့ကြောင့် ချင်း ဗုဒ္ဓဘာသာဝင်တွေကလည်း တခြားဘာသာ၀င်တွေလို စည်းလုံးညီညွတ်မှုရှိဖို့၊ စုပေါင်းဆောင်ရွက်မှုရှိဖို့နဲ့ သာရေးနာရေးတွေမှာ ဝိုင်းကြဝန်းကြဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ မင်းတပ်မြို့နယ်မှာ “ ချင်းဗုဒ္ဓသာသနပါလကအသင်း” ဆိုပြီး ဖွဲ့စည်းလိုက်ရတာလို့ ဆိုပါတယ်။

သူတို့အသင်းက လူမျိုးရေး အဖွဲ့စည်းမဟုတ်၊ နိုင်ငံရေး အဖွဲ့စည်းလည်းမဟုတ်၊ ဗုဒ္ဓသာသနာ (ဘာသာရေး) အဖွဲ့စည်းသာ ဖြစ်တယ်လို့ သိရတယ်။ ချင်းပြည်နယ် မင်းတပ်မြို့နယ်ကို အခြေပြု ဖွဲ့စည်းထားတာကြောင့်” ချင်းဗုဒ္ဓသာသနပါလကအသင်း” လို့ အမည်တွင်တာ ဖြစ်ပါတယ်။

” ချင်း “ လို့ သုံးနှုန်းထားပေမဲ့ အသင်းလုပ်ငန်းစဥ်တွေကို အကောင်အထည်ဖော်ရာမှာ တခြားလူမျိုး ဗုဒ္ဓဘာသာဝင်တွေလည်း တက်ညီလက်ညီ ပါဝင်ဆောင်ရွက်တယ်လို့ သိရတယ်။ ဒါ့အပြင် အသင်းက ချင်းရိုးရာဓလေ့တွေကို ထိန်းသိမ်းပြီး ခေတ်နဲ့ မလျော်ညီတဲ့ ရိုးရာဓလေ့တွေကို ပြုပြင်ပြောင်းလဲဖို့လည်းရည်ရွယ်ခဲ့ကြတယ်လို့ဆိုပါတယ်။ အသင်းက အသင်းဝင်တွေနဲ့ ၎င်းတို့ရဲ့အတူနေမိသားစုဝင်တွေရဲ့ နာရေးတွေကို ကူညီပေးတယ်။ ဆေးရုံတက်ရင် ကုန်ကျစရိတ် ပံ့ပိုးတာရှိတယ်။

အသင်းဟာ လူမျိုးမရွေး ဘာသာမရွေး နေရာဒေသမရွေး အို၊နာ၊သေ မှုကိစ္စတွေ၊ သဘာဝဘေး၊ကပ်ဘေး အစရှိတဲ့ ဘေးဒုက္ခအမျိုးမျိုးတွေကို ဆင်းရဲချမ်းသာမရွေး ကျောသားရင်သားမခွဲ လူမျိုးဘာသာခွဲခြားမှုမရှိ ကူညီဖေးမခဲ့တာ ဆယ်နှစ်ကျော်ကြာခဲ့တယ်။

ရပ်ဝေးကပဲဖြစ်ဖြစ်၊ ရပ်နီးကပဲဖြစ်ဖြစ် နာ​​ရေးကိစ္စ ကြုံလာရင် ကူညီပေးတယ်။ ဆေးရုံတက်တဲ့လူနာတွေ လာတည်းရင်လည်း အဆင်ပြေအောင် စီစဥ်ပေးတယ်။ အသင်းဟာ လူနာတွေရဲ့ အသက်တွေ ကယ်တင်ပေးနိုင်ခဲ့တယ်။ သဘာဝဘေးဒုက္ခသည်တွေကိုလည်း ကူညီပေးနိုင်ခဲ့တယ်။ လူမျိုးဘာသာမခွဲခြားဘဲ နာရေးတွေကို ကူညီပေးနိုင်ခဲ့ကြတယ်။

အဲဒီအသင်းအိမ်ကို ချင်းဗုဒ္ဓဘာသာဝင်တွေ ချွေးနည်းစာတွေ စုပေါင်းပြီး လှူဒါန်းငွေတွေနဲ့ ဆောက်လုပ်ခဲ့ကြတာပါ။ တခြားစေတနာရှင်တွေလည်း စုပေါင်းလှူကြတာကြောင့် အသင်းကားတစ်စီးပါ ရှိလာခဲ့ကြတယ်။

သို့ပေမဲ့ ဧပြီ ၁၁ ရက်ညက စစ်ကောင်စီရဲ့ဗုံးကြဲမှုကြောင့် အသင်းအိမ်ကလေးဟာ မွစာကြဲသွားခဲ့တယ်။ အာဏာသိမ်းစစ်တပ်ဟာ အဲဒီညက တိုက် လေ ယာဉ် ၃စီးနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာပါ။ဘာသာ သာသနာကို ကာကွယ်​​စောင့်တယ်လို့ တချိန်လုံး​ကြွေး​ကြော်​နေတဲ့ စစ်တပ်က ဘာသာမ​ရွေး ၊လူမျိုးမ​ရွေး ဗုံးကြဲမှု​ရာ​ပေါင်းများစွာထဲကဖြစ်စဥ်တခုဖြစ်ပါတယ်၊

အသင်းအိမ်ရဲ့အမိုးက ရုပ်ပျက်ဆင်းပျက် တစစီ ပြိုကျနေပြီး အကာအရံတွေလည်း ပြိုလဲသွားခဲ့တယ်။ အိမ်ထဲက ပရိဘောဂတွေလည်း ပျက်စီးနေပြီးပစ္စည်းတွေကလည်းအားလုံး ပြန့်ကြဲနေတယ်။ အိမ်ရဲ့ဘေးကအသင်းကားလေးကလည်း ပျက်စီးနေခဲ့တယ်။လူမနေတာ ၅ နှစ်လောက်ရှိပြီမို့ လူတော့မထိခိုက်ခဲ့ဘူး။

မြန်မာနိုင်ငံမှာ ၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ၂၀၂၅ ခုနှစ် ဒီဇင်ဘာလအထိ နှစ်နှစ်တာကာလအတွင်း ဘုန်းကြီးကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း၊ ဗလီနဲ့ စေတီပုထိုးများ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခံရမှုပေါင်း ၃၁၂ ကြိမ် ရှိခဲ့ကြောင်း Myanmar Witness အဖွဲ့က ဧပြီလဆန်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

နေပြည်တော်နဲ့ ရန်ကုန်တိုင်းကလွဲလို့ ကျန်ပြည်နယ်နဲ့ တိုင်းဒေသကြီး ၁၃ ခုမှာ အဆိုပါ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တာဖြစ်ပြီးစစ်ကိုင်းတိုင်းနဲ့ ရှမ်းပြည်နယ်မှာ အများဆုံးအဖြစ် တိုက်ခိုက်မှု ၅၇ ကြိမ်စီ ရှိခဲ့ပြီး၊ မန္တလေးတိုင်းမှာ ၅၃ ကြိမ်ဖြင့် တတိယအများဆုံး ရှိခဲ့ကြောင်း Myanmar Witness အဖွဲ့က အသိပေးပါတယ်။ ဒါဟာ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၃ ခုနှစ်အထိ ၃ နှစ်တာကာလဖျက်ဆီးမှုတွေ မပါဝင်သေးပါဘူး။

အမျိုးသားညီညွတ်​ရေးအစိုးရ၊ လူ့အခွင့်အ​ရေးဝန်ကြီးဌာန ရဲ့စာရင်း​တွေအရ ၂၀၂၁ ​ဖေ​ဖော်ဝါရီလက​နေ ၂၀၂၆ ဇန်နဝါရီလအထိ စစ်တပ်က နိုင်ငံတစ်ဝန်းမှာရှိတဲ့ ဘာသာ​ရေးအ​​ဆောက်အအုံ​ပေါင်း ၈၇၀ ​ကျော်ကို ဗုံးကြဲဖျက်ဆီးခဲ့တာပါ ။​ဘာသာ ၊နေရာ ၊​ဒေသ မ​ရွေးဘာသာ​ပေါင်းစုံက ဘာ​ရေးအ​ဆောက်အအုံ​တွေကို ဖျက်ဆီးခဲ့တာဖြစ်ပါတယ် ။

ဧပြီ ၁၁ ရက်နေ့က အာဏာသိမ်းစစ်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့် မင်းတပ်က အသင်းအိမ်အပြင် နေအိမ် ၂၀ ကျော် ပျက်စီးပြီး ပြည်သူ တစ်ဦးပါ သေဆုံးခဲ့ရတယ်။

“ အနယ်နယ်အရပ်ရပ်ကချွေးနည်းစာတွေနဲ့တည်ထောင်ထားတဲ့ရုံးကြီးပါ လုပ်ရက်လေခြင်း” လို့ ဒေသခံတစ်ဦးက မှတ်ချက်ပြုတယ်။

ချင်းဗုဒ္ဓဘာသာဝင်တွေ စိတ်ထိခိုက်ကြတယ်။ သင်္ကြန်အခါတွင်း အသင်းအိမ်မှာ ကုသိုလ်ကောင်းမှုတွေ လုပ်ဖို့ စီစဥ်ထားခဲ့ကြတာပါ။

“ ရက်ကြီးခါကြီးအချိန်ကြီး စိတ်မချမ်းမြေ့ဖွယ်ရာမြင်ကွင်းပါပဲ။” လို့ ဒေသခံတစ်ဦးက ဆိုလိုက်ပါတယ်။ ။

ဆက်စပ်သတင်းများ

သတင်း

စစ်ရေးတင်းမာနေတဲ့ ဖားကန့်က နေရာအချို့ကို ဒီနေ့မွန်းလွဲ ၂နာရီခန့်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာ သုံးစင်းနဲ့ ဗုံးကြိမ်ကြဲခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဆားလင်းကြီးမြို့နယ်က ဝဲကြီးကျေးရွာဆိပ်ကမ်းကို စစ်တပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်နဲ့မိခင်ဖြစ်သူ ဒဏ်ရာပြင်းထန်စွာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့နယ်မှာ စစ်ကြောင်း ၂ကြောင်းနဲ့ မီးလိုက်ရှို့နေတဲ့ စစ်တပ်က ကျေးရွာတွေ မီးရှို့ဖျက်ဆီးပြီး ဒေသခံပြည်သူတွေရဲ့ပစ္စည်းတွေသယ်ယူနေတယ်လို့ မြင်းခြံမြို့နယ်၊ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ဆင်အင်းရွာက စစ်‌ ​ဘေး​ရှောင်ပြည်သူတွေနေတဲ့ ဘုန်းကြီးကျောင်းနဲ့ စာသင်ဆောင်ဗုံးကြဲခံရပြီး သံဃာတပါးနဲ့ အမျိုး သမီးတဦး သေဆုံးကာ ၈ဦးခန့် ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။