close
/

ရေးမြို့တွင် လေတပ်က နှစ်ရက်ဆက် တိုက်ခိုက်၊ PDF ၃ ဦး သေဆုံး

မွန်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် PDF တပ်သား တချို့ သေဆုံးသည်၊ ဒဏ်ရာရသူများထဲတွင် ဒေသခံ အမျိုးသမီး ၂ ဦး ပါဝင်ပြီး နေအိမ်တချို့ မီးလောင်သွားသည်။

ကျားဖြူတပ်ခွဲ (၁) မှ PDF ရဲမေ မခင်သန္တာဆွေ ၊ ရဲဘော် ထွန်းလင်းအောင် ၊ ရဲဘော် ဇွဲမာန်လင်း တို့ သေဆုံးခဲ့သည်။ (ဓာတ်ပုံ-Albino Tiger Company-1)

မွန်ပြည်နယ်၊ ရေးမြို့နယ်မြောက်ဘက်တွင် စစ်ကောင်စီလေတပ်က နှစ်ရက်ဆက် ဗုံးကြဲရာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးကြောင်း သိရသည်။

မေလ ၇ ရက်၊ နံနက်ပိုင်းက မြို့မြောက်ဘက် ၂၂ မိုင်ခန့်အကွာရှိ ဝါပသဲကျေးရွာ ဗုံးကြဲခံရစဉ် သေဆုံးသူ PDF တပ်ဖွဲ့ဝင်များမှာ အမျိုးသမီး တစ်ဦး၊ အမျိုးသား နှစ်ဦး ဖြစ်ကြောင်း၊ PDF တပ်ဖွဲ့ဝင် နှစ်ဦးလည်း ဒဏ်ရာရရှိကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) ခရိုင်အတွင်းရေးမှူး ပဒိုစောလစ္စတန်က ပြောသည်။

အဆိုပါ PDF တပ်ဖွဲ့ဝင်များမှာ ထိုဒေသတွင် လှုပ်ရှားသော ကျားဖြူစစ်ကြောင်း တပ်ခွဲ (၁) မှ ရဲဘော် ဇွဲမာန်လင်း (ခ) စနေ၊ ရဲဘော် ထွန်းလင်းအောင် (ခ) မြကြီး၊ ရဲမေ မခင်သန္တာဆွေ (ခ) မမြင့်တို့ ဖြစ်သည်ဟု ထိုတပ်ခွဲက ယနေ့ ထုတ်ပြန်သည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဝါပသဲကျေးရွာခံ အသက် ၇၀ ကျော်အရွယ် နော်ညင်းညို ကျောနောက်ဘက်တွင် ဒဏ်ရာရပြီး အသက် ၃၀ ခန့်အရွယ် နော်စန္ဒာအေးဆိုသူ အမျိုးသမီးက ဝဲဘက်ချိုင်းတွင် ထိခိုက်ဒဏ်ရာ ပြင်းထန်ခဲ့သည်၊ ဒေသခံတချို့၏ နေအိမ် နှစ်လုံး မီးလောင်ခဲ့သည်ဟု သိရသည်။

ဗုံးကြဲတိုက်ခိုက်ခံရသည့်နေရာသည် ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်အစပ် ဖြစ်ပြီး ကရင်တိုင်းရင်းသားအများစု နေထိုင်သလို KNU တပ်မဟာ (၆) ဒူးပလာယာခရိုင်နယ်မြေအတွင်း ပါဝင်နေသည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသွားသည့် PDF တပ်ဖွဲ့ဝင် ၃ ဦး၏ ရုပ်အလောင်းများကို သင်္ဂြိုဟ်သည့်နေရာသို့ စစ်ရဟတ်ယာဉ်တစ်စီး ရောက်ရှိလာကာ ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။ 

“ဝါပသဲရွာထဲကိုပဲ ပစ်တာ၊ (မေ ၈ ရက်) နေ့လယ် ၁၂ နာရီအချိန်လောက်မှာ အသုဘ သရဏဂုံ တင်နေတုန်းမှာပဲ Mi 35 နဲ့ လာပစ်တယ်။ (လူ) ထိခိုက်မှုတော့ မရှိခဲ့ပါဘူး” ဟု ပဒိုစောလစ္စတန်က ပြောသည်။

အဆိုပါနယ်မြေတွင် KNU ၏ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်းများဖြစ်သည့် အမှတ် (၁၆)၊ (၂၇) တပ်ရင်းများ စစ်ရေးလှုပ်ရှားမှုများ ရှိနေပြီး PDF များလည်း ပူးပေါင်း အခြေစိုက်သည်။ 

စစ်ကောင်စီက ထိုဒေသရှိ ပြည်သူများနှင့် တော်လှန်ရေးတပ်ဖွဲ့များကြား အထင်အမြင်လွဲမှားစေရန် ထိုတိုက်ခိုက်မှု စီစဉ်ခြင်းဖြစ်သည်ဟု KNU ခရိုင်အတွင်းရေးမှူးက သုံးသပ်သည်။ 

“ကျွန်တော်တို့ ရဲဘော်တွေ အဲ့ဒီဘက်မှာ လှုပ်ရှားတာရှိတယ်။ ရဲဘော်တွေရှိလို့ ပစ်တာပါဆိုတဲ့ပုံနဲ့ ကျွန်တော်တို့ ရဲဘော်တွေကို ပြည်သူတွေက လက်မခံရဲအောင် စစ်ကောင်စီဘက်က လုပ်တဲ့ ပရိယာယ်လို့ ယူဆပါတယ်” ဟု သူက ပြောသည်။

ထိုကဲ့သို့ နှစ်ရက်ဆက် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများကြောင့် ဝါပသဲကျေးရွာအပါအဝင် အနီးအနားရှိ ဘဲလမု ၊ ထပတော်၊ ချောင်းနှစ်ခွ စသည့် အနည်းဆုံး ကျေးရွာ ၄ ရွာခန့်မှ ဒေသခံ ၅၀၀ ကျော်မှာ တောတောင်များအတွင်း ထွက်ပြေးရှောင်တိမ်းနေရသည်။

မေလ ၆ ရက်နေ့တွင်လည်း ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကျုံဒိုးမြို့နယ်အတွင်းမှ ကျေးရွာများ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရပြီး နေအိမ်တချို့ မီးလောင်ပျက်စီးခဲ့သည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ဖြစ်သည့် KNU သည် စစ်တပ်က အာဏာသိမ်းမှုကို ဆန့်ကျင်ကြောင်း အတိအလင်း ရှုတ်ချထားကာ လက်နက်ကိုင်ပြန်ခုခံလိုသော လူငယ်လူရွယ်အများအပြားကို ခိုလှုံခွင့်ပြုကာ စစ်သင်တန်းပေးခဲ့သည်။

ထို့နောက် KNU ၏ တပ်မဟာ ၇ ခုလုံးတွင် တိုက်ပွဲဖြစ်ပွားလာသည်။ ၂၀၂၁ မတ်လအတွင်းမှ စတင်၍ တပ်မဟာ (၅) ၊ (၃) နယ်မြေများ၌ လေကြောင်းမှ တိုက်ခိုက်ခဲ့ပြီး KNU,PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ ဒေသတွင်းတိုက်ပွဲများ ပြင်းထန်နေသည်။

နယ်မြေကျွမ်းကျင်ပြီး လူထုထောက်ခံမှုရရှိထားသော တော်လှန်ရေးအဖွဲ့များမှ တပ်ဖွဲ့ဝင်များနှင့် မြေပြင်တွင် ရင်ဆိုင်ရလျှင် အာဏာသိမ်းတပ်မှ လက်နက်ကိုင်တို့ အထိနာလေ့ရှိသည်။

ထိုင်းရွေးကောက်ပွဲနှင့် မြန်မာပြည်ဆိုင်ရာမူဝါဒ အလားအလာ

ထိုင်းဝန်ကြီးချုပ်လောင်းများတွင် ဒီမိုကရေစီအရေးနှင့်ပတ်သက်ပြီး မတူညီသော ရပ်တည်ချက် ရှိနေရာ ထိုင်းရွေးကောက်ပွဲသည် အိမ်နီးချင်းမြန်မာတို့ စောင့်ကြည့်စရာ အရွေ့တစ်ခု ဖြစ်လာသည်။

ရေဦးမြို့မှ အထက်တန်းကျောင်းကို စစ်လေယာဉ် ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်းအတွင်း NUG အထက်တန်းကျောင်းကို စစ်လေယာဉ် ဗုံးကြဲတိုက်ခိုက်သော်လည်း စာသင်ချိန် ပြောင်းလဲထားသဖြင့် ကလေး ၃၀၀ သေဘေးမှ လွတ်ကင်းသွားသည်။

ဟားခါးရှိ CDF ရုံး လေကြောင်းမှ အတိုက်ခံရ၊ ၂ ဦး သေဆုံး

ချင်းပြည်နယ်မြို့တော်တွင် စစ်ရဟတ်ယာဥ်ဖြင့် တိုက်ခိုက်မှုကြောင့် CDF အဖွဲ့မှ ၂ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရသည်။ ဒေသခံတို့ကို နေရာရွှေ့ထားနိုင်သဖြင့် ထိခိုက်မှု နည်းပါးခြင်းဖြစ်သည်ဟု

ငါးကြိမ်မြောက် ဝင်စီးခံရသည့်ရွာမှ လက်ကျန်စာသင်ကျောင်းကို စစ်တပ်က မိုင်းခွဲဖျက်ဆီး

ရေဦးမြို့နယ်အနောက်ဘက် ၆ မိုင်ခန့်အကွာရှိ ချမ်းသာရွာသည် အိမ်ခြေ ၅၀၀ ကျော်နှင့် အိမ်ထောင်စု ၂၀၀၀ နီးပါးရှိကာ စစ်ကိုင်းတိုင်းအတွင်း ကက်သလစ်ဘာသာဝင်များ နေထိုင်ရာ ရွာကြီးတစ်ရွာ ဖြစ်သည်။

မင်းကင်းတွင် ဗုံးကြဲခံရပြီး ကလေးများအပါအဝင် ၇ ဦး သေ၊ ၁၀ ဦး ဒဏ်ရာရ 

ကလေးသုံးဦး အပါအဝင် အရပ်သား ခုနစ်ဦး သေဆုံးခဲ့သည့် လေကြောင်းတိုက်ခိုက်မှုတွင် ဗုံးသုံးလုံး ကြဲခဲ့သလို ရွာအနီးတစ်ဝိုက်ကိုလည်း သုံးကြိမ် ပစ်ခတ်ခဲ့၍ အနည်းဆုံး ၁၀ ဦးခန့် ဒဏ်ရာရသည်။