close
/

မင်းကင်းတွင် ဗုံးကြဲခံရပြီး ကလေးများအပါအဝင် ၇ ဦး သေ၊ ၁၀ ဦး ဒဏ်ရာရ 

ကလေးသုံးဦး အပါအဝင် အရပ်သား ခုနစ်ဦး သေဆုံးခဲ့သည့် လေကြောင်းတိုက်ခိုက်မှုတွင် ဗုံးသုံးလုံး ကြဲခဲ့သလို ရွာအနီးတစ်ဝိုက်ကိုလည်း သုံးကြိမ် ပစ်ခတ်ခဲ့၍ အနည်းဆုံး ၁၀ ဦးခန့် ဒဏ်ရာရသည်။

ယမန်နှစ် ဒီဇင်ဘာအတွင်း လေတပ်တည်ထောင်မှု ၇၅ နှစ်ပြည့်ပွဲတွင် တွေ့ရသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်။

စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်တွင် ယမန်နေ့ (မေ ၄ ရက်) ဗုံးကြဲတိုက်ခိုက်ခံရသဖြင့် ကလေးသုံးဦး အပါအဝင် အရပ်သား ၇ ဦး သေဆုံးကာ ၁၀ ဦးအထိ ထိခိုက်ဒဏ်ရာရသည်ဟု သိရသည်။

မင်းကင်းမြို့အနောက်ဘက် မိုင် ၂၀ ကျော်အကွာ တောင်တွင်းချောင်းဒေသရှိ ပိက္ခရားရွာကို မွန်းလွဲ ၂ နာရီခွဲဝန်းကျင်အချိန်၌ စစ်ကောင်စီက လေယာဉ်ဖြင့် သုံးကြိမ်ပတ်၍ ပစ်ခတ်ပြီး ဗုံးသုံးလုံးကြဲခဲ့သည်ဟု ဒေသခံများကို သွားရောက်ကူညီနေသည့် အမျိုးသားတစ်ဦးနှင့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) ထံမှ သိရသည်။ 

ဗုံးကြဲတိုက်ခိုက်ခံရသဖြင့် အသက် ၃ နှစ်အရွယ် မောင်ဖိုးအေးနှင့် ၎င်း၏အဘွား ၅၀ ဝန်းကျင်အရွယ် ဒေါ်မြင့်ဝင်း၊ ၆၀ အရွယ် ဒေါ်အုန်းစိန်တို့ ပွဲချင်းပြီး သေဆုံးကာ ၅၃ နှစ်အရွယ် ဦးသန်းဆွေ၊ ၄၅ နှစ်အရွယ် ဒေါ်မအေးတို့မှာ အပြင်းအထန် ဒဏ်ရာရပြီးနောက် သေဆုံးခဲ့သည်။

အမည်မသိရသေးသော သုံးနှစ်နှင့် ငါးနှစ်အရွယ် ကလေးနှစ်ဦးလည်း ဆေးကုသမှုခံယူရန် ပြင်ဆင်နေစဉ် ညပိုင်း၌ သေဆုံးခဲ့ကြောင်း အဆိုပါနေရာသို့ သွားရောက်ကာ ကူညီကယ်ဆယ်ရေးလုပ်ပေးနေသူ ဒေသခံ အမျိုးသားက ဆိုသည်။

ထိခိုက်ဒဏ်ရာရသူ ၁၀ ဦးကျော်အနက် ခြေထောက်ကြွက်သားများ ပြတ်ထွက်သွားသည့် အသက် ရှစ်နှစ်အရွယ် ကလေးတစ်ဦး၊ ညာဘက်ခြေလေးချောင်းနှင့် ခြေဖဝါးတစ်ဝက်နီးပါး ပြတ်ထွက်သွားသည့် အမျိုးသမီးတစ်ဦး အပါအဝင် လေးဦးမှာ ဒဏ်ရာပြင်းထန်သည်ဟု ဆိုသည်။ 

“ပထမခေါက်မှာတင် တော်တော်ထိတယ် ပြောရမယ်ဗျ။ ထိခိုက်မှုတွေက စက်ကလေးနဲ့ ပစ်တာမျိုးဆိုရင် ပေါက်ထွက်တာမျိုးတွေ ဖြစ်ကြမှာဗျ။ အခုက အဲ့လိုမျိုးမဟုတ်ဘဲနဲ့ ဗုံးသီးစမှန်တဲ့ အနေအထားမျိုးတွေချည်း တွေ့ရတယ်။ အားလုံးက စုတ်ပြတ်သတ်သွားတဲ့အနေအထားမျိုးတွေ တွေ့ရတယ်။ ထုတ်ချင်းပေါက်တာမျိုး မဟုတ်ဘဲနဲ့” ဟု အထက်ပါ အမျိုးသားက ပြောသည်။ 

ကျေးရွာစာသင်ကျောင်း အနောက်ဘက်ရှိ ဘောလုံးကွင်းအနီးတစ်ဝိုက်ကို ဗုံးသုံးလုံး ကြဲခဲ့ခြင်းဖြစ်ကြောင်း အသက် ၄၀ ဝန်းကျင်အရွယ် အထက်ပါအမျိုးသားက ပြောသည်။ 

“ပေါင် ၅၀၀ ရှိတဲ့ ဗုံးသီးသုံးလုံး ချထားခဲ့ပါတယ်။ စာသင်ကျောင်းရဲ့ အ‌နောက်ဘက် ဘောလုံးကွင်းတောင်ဘက် ရွာအစပ်မှာ ချထားခဲ့ပါတယ်”

ဘောလုံးကွင်းအစပ် မြေပြင်တွင် အနက်တစ်ပေမှ သုံးပေခန့်ရှိ ကျင်းများ ဖြစ်ပေါ်ခဲ့ကာ နေအိမ် ၂၀ ခန့် ပျက်စီးသည့်အပြင် နွားတချို့ သေဆုံးသည်ဟုလည်း သိရသည်။

“ရွာက လူတွေ ပေါက်ပြား၊ ဂေါ်ပြားတွေ ယူပြီး မြေကျင်းတူးကြဖို့ လုပ်နေတဲ့အချိန် ရောက်သွားပါတယ်။ ငိုယိုနေတဲ့ ပြည်သူတွေအစ ကြားရပါတယ်။ ဖြစ်တဲ့နေရာရောက်တော့ နွားတွေ သေတဲ့ဟာတွေ၊ မသေမရှင်ဖြစ်နေတဲ့ နွားကို တွေ့ရပါတယ်။ အဲ့ဒီနွားကလည်း သေသွားပါတယ်။ အလောင်းတွေကို သင်္ဂြိုဟ်ဖို့ လုပ်ကိုင်နေကြတာ တွေ့ရပါတယ်” ဟု လေကြောင်းတိုက်ခိုက်မှုအပြီး နာရီဝက်ခန့်အကြာတွင် မြင်တွေ့ရပုံကို အထက်ပါ အမျိုးသားက ပြောသည်။ 

မင်းကင်းမြို့နယ်အတွင်း တော်လှန်ရေးလှုပ်ရှားမှု အားကောင်းရာနေရာဖြစ်သည့် တောင်တွင်းချောင်ဒေသမှ ပိက္ခရားရွာသည် လယ်ယာစိုက်ပျိုးရေး အဓိကလုပ်ကိုင်ရာ ကျေးရွာဖြစ်ပြီး အိမ်ခြေ ၁၂၀ ခန့်သာ ရှိသည်။

မြေပြင်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရုတ်တရက် လေကြောင်းတိုက်ခိုက်ခြင်းဖြစ်ရာ ရှောင်တိမ်းချိန်မရသည့်အတွက် ထိခိုက်သေဆုံးမှုများရခြင်းဖြစ်သည်ဟု ဒေသခံများက ယူဆသည်။ 

လေကြောင်းအားပြုနေသော စစ်ကောင်စီတပ်က ပြီးခဲ့သည့်လကလည်း ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို လေယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်မှုကြောင့် ကလေးငယ်များ အပါအဝင် အရပ်သား ၁၇၀ နီးပါး သေဆုံးခဲ့ရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ထိုင်းရွေးကောက်ပွဲနှင့် မြန်မာပြည်ဆိုင်ရာမူဝါဒ အလားအလာ

ထိုင်းဝန်ကြီးချုပ်လောင်းများတွင် ဒီမိုကရေစီအရေးနှင့်ပတ်သက်ပြီး မတူညီသော ရပ်တည်ချက် ရှိနေရာ ထိုင်းရွေးကောက်ပွဲသည် အိမ်နီးချင်းမြန်မာတို့ စောင့်ကြည့်စရာ အရွေ့တစ်ခု ဖြစ်လာသည်။

ရေဦးမြို့မှ အထက်တန်းကျောင်းကို စစ်လေယာဉ် ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်းအတွင်း NUG အထက်တန်းကျောင်းကို စစ်လေယာဉ် ဗုံးကြဲတိုက်ခိုက်သော်လည်း စာသင်ချိန် ပြောင်းလဲထားသဖြင့် ကလေး ၃၀၀ သေဘေးမှ လွတ်ကင်းသွားသည်။

ဟားခါးရှိ CDF ရုံး လေကြောင်းမှ အတိုက်ခံရ၊ ၂ ဦး သေဆုံး

ချင်းပြည်နယ်မြို့တော်တွင် စစ်ရဟတ်ယာဥ်ဖြင့် တိုက်ခိုက်မှုကြောင့် CDF အဖွဲ့မှ ၂ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရသည်။ ဒေသခံတို့ကို နေရာရွှေ့ထားနိုင်သဖြင့် ထိခိုက်မှု နည်းပါးခြင်းဖြစ်သည်ဟု

ရေးမြို့တွင် လေတပ်က နှစ်ရက်ဆက် တိုက်ခိုက်၊ PDF ၃ ဦး သေဆုံး

မွန်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် PDF တပ်သား တချို့ သေဆုံးသည်၊ ဒဏ်ရာရသူများထဲတွင် ဒေသခံ အမျိုးသမီး ၂ ဦး ပါဝင်ပြီး နေအိမ်တချို့ မီးလောင်သွားသည်။

ငါးကြိမ်မြောက် ဝင်စီးခံရသည့်ရွာမှ လက်ကျန်စာသင်ကျောင်းကို စစ်တပ်က မိုင်းခွဲဖျက်ဆီး

ရေဦးမြို့နယ်အနောက်ဘက် ၆ မိုင်ခန့်အကွာရှိ ချမ်းသာရွာသည် အိမ်ခြေ ၅၀၀ ကျော်နှင့် အိမ်ထောင်စု ၂၀၀၀ နီးပါးရှိကာ စစ်ကိုင်းတိုင်းအတွင်း ကက်သလစ်ဘာသာဝင်များ နေထိုင်ရာ ရွာကြီးတစ်ရွာ ဖြစ်သည်။