close
/

ငါးကြိမ်မြောက် ဝင်စီးခံရသည့်ရွာမှ လက်ကျန်စာသင်ကျောင်းကို စစ်တပ်က မိုင်းခွဲဖျက်ဆီး

ရေဦးမြို့နယ်အနောက်ဘက် ၆ မိုင်ခန့်အကွာရှိ ချမ်းသာရွာသည် အိမ်ခြေ ၅၀၀ ကျော်နှင့် အိမ်ထောင်စု ၂၀၀၀ နီးပါးရှိကာ စစ်ကိုင်းတိုင်းအတွင်း ကက်သလစ်ဘာသာဝင်များ နေထိုင်ရာ ရွာကြီးတစ်ရွာ ဖြစ်သည်။

စစ်တပ်က မိုင်းခွဲပြီးနောက် ထပ်ဆင့်မီးရှို့ဖျက်ဆီးခဲ့သော ရေဦးမြို့နယ် ချမ်းသာရွာမှ အထက်တန်းကျောင်းဆောင်ကို တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်း ကက်သလစ်ဘာသာဝင် အများစုနေထိုင်ရာ ချမ်းသာရွာကို ယမန်နေ့ (မေ ၄) တွင် စစ်တပ်က ငါးကြိမ်မြောက် ဝင်ရောက်စီးနင်းပြီးနောက် လက်ကျန် အထက်တန်းအဆင့် စာသင်ကျောင်းဆောင်ကို မိုင်းခွဲဖျက်ဆီးလိုက်သည်ဟု သိရသည်။

ထိုရွာကို စစ်တပ်က ပြီးခဲ့သည့်နှစ်အတွင်း သုံးကြိမ်၊ ယခုနှစ် ဇန်နဝါရီလ၌ တစ်ကြိမ် ဝင်ရောက်စီးနင်း ဖျက်ဆီးခဲ့သည်။ ထိုလေးကြိမ်အတွင်း ၁၈၉၄ ခုနှစ်ကတည်းက ရှိခဲ့သည့် မယ်တော်သခင်မဘုရားကျောင်း အပါအဝင် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခံရသည်။

ရေဦးမြို့နယ်အနောက်ဘက် ၆ မိုင်ခန့်အကွာရှိ ချမ်းသာရွာသည် အိမ်ခြေ ၅၀၀ ကျော်နှင့် အိမ်ထောင်စု ၂၀၀၀ နီးပါး ရှိကာ စစ်ကိုင်းတိုင်းအတွင်း ကက်သလစ်ဘာသာဝင်များ နေထိုင်ရာ ရွာကြီးတစ်ရွာ ဖြစ်သည်။

ယမန်နေ့ နံနက်ပိုင်းက အင်အား ၁၀၀ ခန့်ရှိ စစ်တပ်က ငါးကြိမ်မြောက် ဝင်ရောက်ပြီးနောက် ရွာအတွင်း တစ်ခုတည်းသော လက်ကျန်အဆောက်အအုံဖြစ်သည့် စာသင်ကျောင်းဆောင်ကို မိုင်းခွဲပြီးနောက် ထပ်ဆင့်မီးရှို့ဖျက်ဆီးခဲ့သည်ဟု ရေဦးဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ 

“ဘာမှ မကျန်တော့ဘူးပေါ့ဗျာ။ ရွာအလယ်က ခရစ်ယာန်သုသာန်နဲ့ စာသင်ကျောင်း နှစ်ခုပဲကျန်တာ။ ဆယ်တန်းအထိသင်တဲ့ နှစ်ထပ်ကျောင်းဆောင်ကို မိုင်းအရင်ခွဲပြီးတော့ မီးရှို့ပစ်လိုက်တာ”

အဆိုပါစာသင်ကျောင်းတွင် လတ်တလော စာသင်ကြားခြင်း မရှိသော်လည်း စစ်ကောင်စီရန်ကြောင့် အနီးဝန်းကျင် ကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်လာသူများကို လက်ခံကာ ချက်ပြုတ်ကျွေးမွေးလေ့ရှိသည့် နေရာဖြစ်သည်ဟု သိရသည်။

ဇန်နဝါရီလအတွင်းက ဖျက်ဆီးခံလိုက်ရသည့် သက်တမ်း နှစ် ၁၂၀ ကျော်ရှိ ကက်သလစ်ဘုရားကျောင်း။  (ဓာတ်ပုံ- ပေးပို့)

ရေဦးမြို့ပေါ်ရှိ စစ်တပ်သည် ယခုလ ၃ ရက်မှစ၍ မြို့နယ်အနောက်ခြမ်းရှိ ကံပေါက်၊ မြင်းပေါက်၊ ထန်းပင်ကုန်း၊ ချမ်းသာရွာတို့ကို ဆက်တိုက် စီးနင်းခဲ့ခြင်းဖြစ်သည်။

ယမန်နေ့က ချမ်းသာရွာကို ဝင်ရောက်စီးနင်းစဉ် ဒေသကာကွယ်ရေးအဖွဲ့များနှင့် အပြန်အလှန်ပစ်ခတ်မှုတချို့ဖြစ်သည်ဟု ရေဦးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“မနက်အစောပိုင်းမှာပဲ ချမ်းသာရွာထဲ ဝင်လာတော့ တပ်ရင်းတပ်ဖွဲ့တွေက ပစ်ခတ်တာ တွေရှိတယ်။ ပြီးတော့ အထကကျောင်း ရှို့ခံရတယ်။ ကြီးကြီးမားမား အဆောက်အအုံကလည်း အဲဒါလောက်ပဲ ကျန်တာ ”

စစ်တပ်ရန်ကြောင့် ချမ်းသာရွာ အပါအဝင် အနီးပတ်ဝန်းကျင်ရှိ ရွာပေါင်း ၇ ရွာမှ ဒေသခံများ ဘေးလွတ်ရာ ထွက်ပြေးနေရသည်ဟု သိရသည်။

“စစ်ရှောင်က ၃၀၀၀ လောက်အထိ ရှိတယ်။ ဘုန်းကြီးကျောင်းတွေမှာ ထားရတာ။ ဘုန်းကြီးကျောင်းတွေလည်း စားနပ်ရိက္ခာ ဘယ်ရှိမလဲဗျာ။ ဘေးရွာတွေကပဲ ထမင်းထုပ်တွေ လက်ဆင့်ကမ်းမျှဝေ ကူညီနေရတာ” ဟု ရေဦးမြို့နယ်မှ စစ်ဘေးရှောင်ပြည်သူထောက်ပံ့ရေးအဖွဲ့ တာဝန်ခံ အမျိုးသားက ပြောသည်။

ရေဦးမြို့နယ်အနောက်ခြမ်း၌ တစ်ရွာပြီးတစ်ရွာ ဝင်ရောက်စီးနင်းနေသည့် စစ်တပ်သည် ယနေ့ နံနက်ပိုင်းတွင် ချမ်းသာရွာမှ ထွက်ခွာသွားပြီး ဒီပဲယင်းမြို့နယ်ထဲသို့ ဝင်ရောက်သွားသည်ဟု သိရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

ထိုင်းရွေးကောက်ပွဲနှင့် မြန်မာပြည်ဆိုင်ရာမူဝါဒ အလားအလာ

ထိုင်းဝန်ကြီးချုပ်လောင်းများတွင် ဒီမိုကရေစီအရေးနှင့်ပတ်သက်ပြီး မတူညီသော ရပ်တည်ချက် ရှိနေရာ ထိုင်းရွေးကောက်ပွဲသည် အိမ်နီးချင်းမြန်မာတို့ စောင့်ကြည့်စရာ အရွေ့တစ်ခု ဖြစ်လာသည်။

ရေဦးမြို့မှ အထက်တန်းကျောင်းကို စစ်လေယာဉ် ဗုံးကြဲတိုက်ခိုက်

စစ်ကိုင်းတိုင်းအတွင်း NUG အထက်တန်းကျောင်းကို စစ်လေယာဉ် ဗုံးကြဲတိုက်ခိုက်သော်လည်း စာသင်ချိန် ပြောင်းလဲထားသဖြင့် ကလေး ၃၀၀ သေဘေးမှ လွတ်ကင်းသွားသည်။

ဟားခါးရှိ CDF ရုံး လေကြောင်းမှ အတိုက်ခံရ၊ ၂ ဦး သေဆုံး

ချင်းပြည်နယ်မြို့တော်တွင် စစ်ရဟတ်ယာဥ်ဖြင့် တိုက်ခိုက်မှုကြောင့် CDF အဖွဲ့မှ ၂ ဦး သေဆုံး၊ ၃ ဦး ဒဏ်ရာရသည်။ ဒေသခံတို့ကို နေရာရွှေ့ထားနိုင်သဖြင့် ထိခိုက်မှု နည်းပါးခြင်းဖြစ်သည်ဟု

ရေးမြို့တွင် လေတပ်က နှစ်ရက်ဆက် တိုက်ခိုက်၊ PDF ၃ ဦး သေဆုံး

မွန်ပြည်နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် PDF တပ်သား တချို့ သေဆုံးသည်၊ ဒဏ်ရာရသူများထဲတွင် ဒေသခံ အမျိုးသမီး ၂ ဦး ပါဝင်ပြီး နေအိမ်တချို့ မီးလောင်သွားသည်။

မင်းကင်းတွင် ဗုံးကြဲခံရပြီး ကလေးများအပါအဝင် ၇ ဦး သေ၊ ၁၀ ဦး ဒဏ်ရာရ 

ကလေးသုံးဦး အပါအဝင် အရပ်သား ခုနစ်ဦး သေဆုံးခဲ့သည့် လေကြောင်းတိုက်ခိုက်မှုတွင် ဗုံးသုံးလုံး ကြဲခဲ့သလို ရွာအနီးတစ်ဝိုက်ကိုလည်း သုံးကြိမ် ပစ်ခတ်ခဲ့၍ အနည်းဆုံး ၁၀ ဦးခန့် ဒဏ်ရာရသည်။