စစ်တပ်နည်းတူ စစ်ကောင်စီ၏ရဲတပ်ဖွဲ့သည်လည်း တပ်သားသစ်များကို အသည်းအသန် ရှာဖွေနေပြီး လစဉ်လတိုင်း မြို့နယ်တမြို့နယ်လျှင် ရဲတပ်သားသစ်နှစ်ဦး ရှာဖွေရမည်ဟု စစ်ကောင်စီ၏ ပြည်ထဲရေးဝန်ကြီးဌာနက ၎င်းတို့လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်များကို အမိန့်ထုတ်ထားကြောင်း စုံစမ်းသိရှိရသည်။
တာဝန်ပေးခံရသည့် ရဲအရာရှိသည် အဆိုပါသတ်မှတ်ချက်အတိုင်း လူသစ်စုဆောင်းပေးရမည်ဖြစ်ပြီးယင်းသတ်မှတ်ချက်ကို ပြည့်မှီအောင် မဖြည့်စည်းပေးနိုင်သည့် ရဲအရာရှိများကို ဌာနတွင်းပြစ်ဒဏ်များ ချမှတ်နေသည့် စာရွက်စာတမ်းများ Myanmar Now ကရရှိထားသည်။
ယခုနှစ် ဖေဖော်ဝါရီနှင့်မတ်တို့တွင် သတ်မှတ်ချက်အတိုင်း တပ်သားသစ်မစုနိုင်သည့် ဧရာဝတီတိုင်းမှ ရဲအရာရှိကို စွဲချက်တင်ကာ ရဲတရားရုံးဖြင့်စစ်ဆေးပြီး၊ အငြိမ်းစားလစာအတွက် ရဲအမှုထမ်းသက် ၆ လ လျှော့ပြစ်ဒဏ်ချကြောင်း Myanmar Now က ရရှိရသည့် စစ်ကောင်စီ၏ ရဲအမိန့်စာတစောင်တွင် တွေ့ရသည်။
အရေးယူခံရသည့် ရဲအရာရှိမှာ ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းလုံခြုံရေးရဲတပ်ဖွဲ့၊ တစ်ဖွဲ့စု(ဧရာဝတီ) ငွေဆောင်မှ ရဲအုပ်ဇော်မျိုးဦးဖြစ်ပြီး ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၁၆(ခ) အရ အပြစ်ပေးခြင်းဟုလည်းတွေ့ရသည်။

တလလျှင် လစာနှင့်ရိက္ခာအတွက်ထောက်ပံ့ငွေ ကျပ်နှစ်သိန်းခန့်သာရရှိမည့် စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားဖြစ်ရန်အတွက် အသက်ကန့်သတ်ချက်သကို အမျိုးသားများအတွက် အသက် ၁၈ မှ ၃၀ အတွင်း၊ အမျိုးသမီးများအတွက် အသက် ၁၈ မှ ၂၅ အတွင်း ကန့်သတ်ထားသည်။
ပညာအရည်အချင်းအားဖြင့် ပြည်နယ်နှင့်ရဲများအတွက် ၈တန်းအောင်၊ နယ်စပ်ရဲစခန်းများအတွက် ၄ တန်းအောင်၊ နယ်ခြားစောင့်နှင့်လုံထိန်းများအတွက် ၆ တန်းအောင်၊ မှုခင်းရဲအတွက် ၁၀ တန်းအောင်ဟု သတ်မှတ်ထားသည်။ အမျိုးသမီးများအတွက် တက္ကသိုလ်တစ်ခုခုမှ ဒုတိယနှစ် အောင်မြင်ရန်လိုအပ်ပြီး အိမ်ထောင်မရှိရဆိုသည့် ကန့်သတ်ချက်သတ်မှတ်ထားသည်။

ရဲစခန်းမှူး၊ ရဲကင်းမှူးနှင့် နယ်ထိန်းခေါင်းဆောင် စသည့် တာဝန်ယူထားသူ ရဲအရာရှိများသည် ရဲတပ်သားသစ်များ မဖြစ်မနေစုဆောင်းရန် စစ်အာဏာရှင်ဟောင်း ဦးသန်းရွှေ၊ ဦးသိန်းစိန်အစိုးရ လက်ထက်ကတည်းက ညွှန်ကြားခဲ့ပြီး မစုဆောင်းနိုင်ပါက ဖြေရှင်းချက်ရေးသားပေးပို့ရပြီး ယခုကဲ့သို့ အရေးယူခြင်းမရှိခဲ့ဟု လုပ်သက်နှစ် ၂၀ ရှိ CDM ဒုရဲမှူးတစ်ဦးကပြောသည်။
ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ ပုဒ်မ ၁၆(ခ) အရအရေးယူခြင်းမှာ နှုတ်ဖြင့်၊ စာဖြင့်ထုတ်ပြန်သော အမိန့်ကို မလိုက်နာသဖြင့် အရေးယူခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
“ဒါကတော့ နည်းနည်းပြင်းထန်သွားပြီလေ။ အရင်တုန်းကတော့ ဒီလိုမျိုးအရေးယူတာမျိုးမရှိဘူး။ ဖြေရှင်းချက်ရေးရတာတို့ ဘာတို့ပဲရှိတယ်။ စုဆောင်းလို့မရလို့ ရဲစည်းကမ်းထိန်းသိမ်းရေးဥပဒေ ပုဒ်မနဲ့ ရဲတရားရုံးဖွင့်ပြီး စစ်ဆေးတာ၊ ပြစ်ဒဏ်အရေးယူတာမျိုးဆိုတာအရင်တုန်းကတော့မရှိဘူး။ စုတော့ စုခိုင်းတယ် အခုကျတော့ ပြစ်ဒဏ်ပါလာတယ်” ဟု ၎င်းကပြောသည်။
ယခင်က သက်ဆိုင်ရာမြို့နယ်အတွင်းရှိ ရဲစခန်းများအားလုံးသည် တစ်လလျှင် ရဲတပ်သားသစ် ၂ ဦးနှုန်း စုဆောင်းခဲ့ရပြီး စုဆောင်းနိုင်ခြင်းမရှိပါက အခြားတပ်သားစုနိုင်သည့် ရဲကင်းစခန်းများမှ လူကိုဝယ်ယူ၍ စာရင်းပြရသည်ဟုလည်း အထက်ပါ အရာရှိက ပြောသည်။
ထိုစဉ်ကတည်းက ရဲတပ်သားသစ်ရရန်ခက်ခဲခဲ့ကြောင်း၊ မိသားစုဝင်များကို ဆန်နှင့် အခြားသော ထောက်ပံ့ကြေးများပေး၍ စုဆောင်းခဲ့ရကြောင်း၊ ယခုအခါ စုဆောင်းရန်ပို၍ ခက်ခဲကြောင်းလည်း သူက ပြောသည်။
လက်ရှိတွင် သက်ဆိုင်ရာမြို့နယ်အလိုက် တစ်လလျှင် နှစ်ဦးနှုန်း ရဲတပ်သားသစ်စုဆောင်းရာတွင် တစ်ဦးလျှင် ကျပ်သိန်း ၂၀ ဝန်းကျင်ခန့် အကုန်ကျခံရကြောင်း ရဲတပ်ဖွဲ့နှင့် နီးစပ်သည့် သတင်းရင်းမြစ်တစ်ဦးကလည်းပြောသည်။
“မခေါ်ခင် ထမင်းကျွေးရ၊ သင်တန်းစရိတ်ပေးရ၊ သင်တန်းမဆင်းမချင်း တာဝန်ယူပေးရတယ်။ (စုဆောင်းရ) ခက်တာပေါ့။ ဘယ်သူက စစ်ထဲ ရဲထဲဝင်မလဲ။ (လက်ရှိအခြေနေက) အသက် ၃၀ မကျော်၊ စာရေးတတ်ဖတ်တတ်၊ မှတ်ပုံတင်ရှိရပြီ။ ကျန်တာရုံးအပိုင်းလို့ ပြောပြီး စုနေရတာ။ ဒါတောင် လူက လိုချင်တိုင်းမရဘူးလေ” ဟု ၎င်းက ပြောသည်။
နိုင်ငံအနှံ့စစ်မျက်နာဖွင့်ထားရပြီး အခြေစိုက်စခန်းများစွာဆုံးရှုံးခဲ့ရသည့် အာဏာသိမ်းစစ်တပ်သည် စစ်သားအင်အားလိုအပ်ချက်အတွက် စစ်မှုထမ်းဥပဒေပြဌာန်း၍ စစ်မှုမထမ်းမနေရသတ်မှတ်ကာ အရွယ်ရောက်ပြီးလူငယ်များကို စစ်ထဲဆွဲသွင်းနေသည်။
၂၀၂၄ ခုနှစ် ဧပြီမှစ၍ လစဉ်စစ်သင်တန်းဆက်တိုက်ဖွင့်လှစ်လာပြီး ယခုအခါ အပတ်စဉ် ၁၅ ထိ ရောက်ရှိလာပြီး တစ်ပတ်စဉ်လျှင် သင်တန်းသား ၅,၀၀၀ ဝန်းကျင်ခေါ်ယူမည်ဟု စစ်ကောင်စီက ဆိုထားသည်။



