ချင်းဒေသကာကွယ်ရေးအဖွဲ့ (ဟားခါး) CDF (ဟားခါး) က ပြီးခဲ့သည့် ပြီးခဲ့သည့် ဇူလိုင် ၈ ရက်နေ့ကချင်းပြည်နယ်၊ ဟားခါးမြို့နယ်အတွင်း ဖမ်းဆီးခဲ့သည့် မူးယစ်ဆေးဝါးသယ်ဆောင်မှုတွင် အဓိကတာဝန်ရှိသူအဖြစ် စွပ်စွဲခံထားရသည့် စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင်မှ တော်လှန်ရေး တပ်ဖွဲ့ဝင်တစ်ဦးသည် သတင်းတပတ်ကြာသည်အထိ လွတ်မြောက်နေဆဲဖြစ်သည်။
CDF (ဟားခါး) သည် အဆိုပါဖမ်းဆီးမှုအတွင်း ယင်းမာပင်ခရိုင် အမှတ် ၁၅ တပ်ရင်းမှူးလက်မှတ်ဖြင့် စိတ်ကြွဆေးပြား သုံးသိန်းကျော်နှင့် ဘိန်းဖြူတို့ သယ်လာသည့် တော်လှန်ရေးတပ်ဖွဲ့ဝင် ၃ ဦးနှင့် ကားသမား ၂ ဦးတို့ကို ဖမ်းဆီးနိုင်ခဲ့သည်ဟု ကြေညာခဲ့သည်။
ယင်းအမှုတွင် မူးယစ်ယာဉ်တန်းဖြင့် လိုက်ပါလာသည့် ကိုဇော်လတ် (ခ) ဦးဝင်းမော်နှင့်ကိုပုတီး (ခ) ဦးကျော်မင်းဇော်တို့ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ဇူလိုင် ၁၂ ရက်တွင်ကိုပုတီးသည် မိခင်တပ်ရင်းထံ အဖမ်းခံခဲ့ပြီး ကိုဇော်လတ်မှာလွတ်မြောက်နေဆဲဖြစ်သည်။
မိခင်တပ်ရင်ထံ ပြန်လာသည့် လမ်းမှာပင် ကိုဇော်လတ် (ခ) ဦးဝင်းမော်မှာဆိုင်ကယ်ခဏရပ်ပြီး အပေါ့စွန့်မည် အကြောင်းပြကာ ထွက်ပြေးသွားသည်ဟု ဇူလိုင် ၁၃ ရက်နေ့တွင် SSTF(Salingyi Special Task Force) (ယင်းမာပင်ခရိုင် တပ်ရင်း ၁၄၊ ၁၅)လူမှုကွန်ယက်စာမျက်နှာမှတဆင့် ထုတ်ပြန်ခဲ့သည့် ရုပ်သံဖိုင်တွင် တွေ့ရသည်။
ရုပ်သံဖိုင်ပါ ထွက်ဆိုချက်အရ ကိုပုတီးသည် ယခင်က သိကျွမ်းခဲ့ဖူးသည့် မိတ်ဆွေဟောင်းဖြစ်သူ ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့မှ ကိုစိုင်းနှင့် အွန်လိုင်းမှတဆင့် ပြန်လည်အဆက်အသွယ်ရခဲ့ပြီး ၎င်း၏ ချိတ်ဆက်မှုဖြင့် မူးယစ်ဆေးဝါးသယ်ပို့မှု လုပ်ဆောင်ခြင်းဖြစ်သည်ဟု ထွက်ဆိုသည်။
“တော်လှန်ရေးလုပ်ရင်းနဲ့ အကြွေးတွေများလာတဲ့အတွက်လွန်ခဲ့တဲ့ ၁၀ နှစ်လောက်ကသိခဲ့တဲ့ ကိုစိုင်းနဲ့ လိုင်းပေါ်မှာ အချိတ်အဆက်ရပါတယ်။ဒီလိုလုပ်ရင်တော့ ဒီလိုအနေအထားရှိတယ်လို့ ပြောလာလို့ အဲ့ဒါဆို ကျွန်တော်စမ်းကြည့်မယ်လို့ပြောပါတယ်”ဟု ကိုပုတီးက ပြောသည်ကို ရုပ်သံဖိုင်တွင် တွေ့ရသည်။
လမ်းကြောင်းကြည့်ရင်း ဆိုင်ကယ်ဖြင့် စမ်းသပ် သယ်ဆောင်ခဲ့ရာ အဆင်ပြေသည့်အတွက် နောက်တစ်ကြိမ် ကားဖြင့် ထပ်မံသယ်ဆောင်ခဲ့ကြောင်း၊ ထိုတစ်ကြိမ်တွင် အကျိုးအမြတ် သိန်း ၂၀၀ ရရှိခဲ့သည်ဟု ထွက်ဆိုသည်။
ကိုစိုင်း၏ ချိတ်ဆက်မှုဖြင့် မုံရွာမှတဆင့် ဆားလင်းကြီးနယ်ထဲ ကားဖြင့်အကြိမ်ကြိမ် လာရောက်ပို့ဆောင်ခဲ့ခြင်းဖြစ်ပြီး ထိုပစ္စည်းများကို ကလေးနယ်စပ်ထိ ပို့ဆောင်ပေးရပြီး၊ ထိုမှတဆင့် ကားပြောင်းကာ ဆက်လက် သယ်ဆောင်ခြင်းဖြစ်သည်ဟု ကိုပုတီးက ထွက်ဆိုသည်။
CDF ဟားခါး တပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိသည့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ထွက်ဆိုရာတွင် မူးယစ်ဆေး သယ်ဆောင်မှု လေးကြိမ်ရှိပြီဟု ထွက်ဆိုချက်နှင့် ကွဲလွဲနေသည့်အပေါ် စစ်ဆေးသူများက ထပ်မံမေးမြန်းရာ ပထမနှစ်ကြိမ်မှာ ဖောက်ခွဲရေးပစ္စည်းများ သယ်ဆောင်ခြင်းဖြစ်ပြီး၊ နောက်နှစ်ခေါက်တွင် မူးယစ်ဆေးဝါး သယ်ခြင်းဖြစ်သည်ဟု ကိုပုတီးက ပြောသည်။
ယခုတစ်ကြိမ်သယ်ဆောင်ရာတွင် ပစ္စည်းများသည့်အတွက် လမ်းခရီးအဆင်ပြေစေရန် တပ်ရင်းမှူး ထောက်ခံစာကို အသုံးချခဲ့သည်ဟုလည်း ကိုပုတီးက ထွက်ဆိုထားသည်။
ဖောက်ခွဲရေးပစ္စည်းများအတွက် ဗားတံတားအထိ ရဲဘော် ဇော်လတ် အပါအဝင် တပ်ဖွဲ့ဝင် ၄ ဦး၊ သေနတ် ၂လက် ကား ၂ စီးဖြင့် ခရီးသွားလက်မှတ်ကို ယင်းမာပင်ခရိုင် တပ်ရင်း ၁၅ တပ်ရင်းမှူးလက်မှတ် ထုတ်ပေးခဲ့သည်မှာ မှန်ကန်ကြောင်း ၊ မူးယစ်ဆေးဝါးသယ်ဆောင်သည်မှာ ရဲဘော်များ၏ ပုဂ္ဂလိက လုပ်ရပ်သာဖြစ်ပြီး၊ အဖွဲ့အစည်း နှင့် သက်ဆိုင်မှုမရှိကြောင်း SSTF က ဇူလိုင် ၁၀ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
တော်လှန်ရေးတပ်ဖွဲ့များ၏ ခရီးသွားထောက်ခံစာကို တပ်ရင်းမှူးက ထုတ်ပေးခွင့်မရှိဘဲခရိုင်ကွပ်ကဲရေးမှ တဆင့် စစ်ရုံးချုပ်ကို ခွင့်ပြုချက်တင်ပြီးမှထုတ်ပေးရသည့်အခြေအနေဖြစ်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ များက ထောက်ပြသည်။
မူးယစ်ဆေးဝါး သယ်ဆောင်သည့် ကိစ္စနှင့်ပတ်သက်ပြီး ကားသမားများနှင့် တပ်ဖွဲ့ဝင်များမှာ သိရှိခြင်း မရှိကြောင်း၊ ဖမ်းဆီးရမိသူများအနက် ပခုက္ကူခရိုင်မှ တပ်ဖွဲ့ဝင်မှာလည်း အဖော်လိုက်လာခြင်းဖြစ်ကြောင်း ကိုပုတီးက ထွက်ဆိုသည်။
CDF ဟားခါးက ဖမ်းဆီးရမိသည့် တပ်ဖွဲ့ဝင်များတွင်ပါဝင်သည့် ကိုအာကာြဖိုးမှာ အမှတ် (၁) စစ်ဒေသ ပခုက္ကူ ခရိုင်တပ်ရင်း ၁၀ မှ ကိုယ်ပိုင်နံပါတ်ရရှိထားပြီးသည့် ရဲဘော်ဟောင်းဖြစ်ကြောင်း၊ တပ်နှင့် ကင်းကွာ နေသည်မှာ တစ်နှစ်ခွဲခန့်ရှိပြီဖြစ်ကြောင်း၊ လက်ရှိ ဇာတိရွာတွင် ဆရာလိုအပ်ချက်အရ ကျောင်းတာဝန်ခံအဖြစ် ဆောင်ရွက် ကာ စာသင်ပေးနေသည်ဟု ၎င်း၏ မိခင်တပ်ရင်းက ထုတ်ပြန်သည်။
ကိုအာကာဖြိုး ချင်းပြည်နယ်ခရီးသွားသည့် ခရီးသွားသည့်ကိစ္စနှင့်ပတ်သက်ပြီး တပ်ရင်းအနေနှင့် မသိရှိကြောင်း၊ ပြစ်မှုကျူးလွန်ခဲ့ပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ပြီး၊ ကျူးလွန်ခဲ့ခြင်းမရှိပါကလည်း တပ်ရင်းအနေနှင့် တာဝန်ယူ ဖြေရှင်းပေးသွားမည်ဟု ပခုက္ကူခရိုင် တပ်ရင်း ၁၀ က ဇူလိုင် ၁၁ ရက်နေ့တွင် ထုတ်ပြန်သည်။
ရုံးခန်းဟု ယူဆရသည့် အခန်းတစ်ခုထဲတွင် စစ်ယူနီဖောင်းဝတ် အမျိုးသား ၆ ဦးက ကိုပုတီးကို စစ်ဆေး မေးမြန်းနေသည့် ၁၀ မိနစ်ကျော်ကြာ ရုပ်သံဖိုင်ကို SSTF က ဇူလိုင် ၁၃ ရက်နေ့တွင် ထုတ်ပြန်ရဦ အချင်းချင်းညှိနှိုင်းထားပြီး စစ်ဆေးခြင်းဖြစ်သည်ဟု ဝေဖန်သံများထွက်ပေါ်လာပြီး ထိုရုပ်သံဖိုင်ကို ပြန်ဖြုတ်ချသွားသည်။
“ခုမူးယစ်ဆေးကိစ္စက နယ်မြေအဆင့်မဟုတ်ပါဘူး။ နိုင်ငံတော်အဆင့်ပါ။ ဒီတော့ သက်ဆိုင်ရာတပ်ရင်းက စုံစမ်း စစ်ဆေးရေးကော်မရှင်(သို့မဟုတ်)စုံ ခုံရုံးဖွဲ့ဖို့ စစ်ရုံးချုပ်ကိုစာတင်ရမှာပါ။ စစ်ရုံးချုပ်ကနေ ဘယ်အဆင့် တာဝန်ရှိသူကို စုံစမ်းစစ်ဆေးရေးအရာရှိ လုပ်ပိုင်ခွင့်အပ်နှင်းမယ်ဆိုတာ ဆုံးဖြတ်ပြီး၊ မြေပြင်ကိုစေလွှတ်၊ ခုံရုံးဖွဲ့ အဆင့်ဆင့် စစ်ဆေးရတာမျိုးပါ။ ခုက ခရိုင်ကွပ်ကဲရေးအဖွဲ့တောင်မပါဘဲ မြို့နယ် ပကဖက စစ်ဆေးတယ်ဆိုလုပ်ထုံးလုပ်နည်းအမှန်မဟုတ်ပါ။ ခုစုံစမ်းစစ်ဆေးပုံက ကိုယ့်ဖဲကိုယ်ချိုးဝေနေသလိုဖြစ်နေပါတယ်”ဟုယင်းမာပင်ခရိုင် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ထောက်ပြသည်။
တော်လှန်ရေးတပ်ဖွဲ့ဝင်များ မူးယစ်ဆေးဝါးနှင့်ပတ်သက်နေခြင်းသည် နိုင်ငံတကာတွင်ရောလူထုအမြင်တွင်ပါ တော်လှန်ရေးပုံရိပ် ကျဆင်းစေသည့်အတွက်အမျိုးသားညီညွတ်ရေးအစိုးရ NUG အနေဖြင့် ထိထိရောက်ရောက်ကိုင်တွယ်ဖြေရှင်းရန်လိုကြောင်း တော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။
ထိုအမှုနှင့်ပတ်သက်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ NUG တရားရေးနှင့် စစ်စည်းကမ်းထိန်းသိမ်းရေးဌာနက ဦးဆောင်ကိုင်တွယ်နေသည်ဟု ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယ အတွင်းဝန် ဦးမောင်မောင်ဆွေက ပြောသည်။မြေပြင် ဆက်စပ်နေရာများကို ဝင်ရောက်ရှာဖွေစစ်ဆေးခဲ့ပြီး ဖမ်းဆီးရန်ကျန်သည့် တရားခံများကို ဖမ်းမိရန် ချိတ်ဆက်ဆောင်ရွက်နေသည်ဟုလည်း သူက ဆိုသည်။
“CDF ဟားခါးနဲ့ချိတ်ဆက်ပြီး ဖမ်းမိထားတဲ့ တရားခံတွေကို မြေပြင်မှာပူးပေါင်းစစ်ဆေး ဆောင်ရွက်ဖို့လည်း လုပ်နေသလိုပဲ စစ်ဆေးချက်များအရထပ်မံပေါ်ပေါက်လာမဲ့ ဆက်စပ်တရားခံများကိုလည်း ဖမ်းဆီးနိုင်ရေးကိုလည်းဆက်လုပ်သွားရဖို့ရှိပါမယ်။ ပြီးရင်တော့ ထိရောက်တဲ့ပြစ်ဒဏ်တွေ ချမှတ်သွားဖို့ရှိပါမယ်”ဟု ဦးမောင်မောင်ဆွေက Myanmar Now ကိုပြောသည်။
မိခင်တပ်ရင်းဖြစ်သည့် ယင်းမာပင်ခရိုင် အမှတ် ၁၅ တပ်ရင်း၊ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ Chinland Council နှင့်အတူပူးပေါင်းပြီး စုံစမ်းစစ်ဆေးရေးလုပ်ငန်းများ ဆက်လုပ်နေသည်ဟု CDF (ဟားခါး) ပြောရေးဆိုခွင့်ရှိသူက ဇူလိုင် ၁၄ ရက်နေ့က ပြောသည်။



