စစ်ကောင်စီတပ် ဖောဖောသီသီသုံးနေသည့် လေယာဉ်ဗုံးများ ထုတ်လုပ်နိုင်ရန် လိုအပ်သည့် စစ်လက်နက် အစိတ်အပိုင်းများ၊ ကျွမ်းကျင်ပညာရှင်များ၊ နည်းပညာတို့ကို တရုတ်အစိုးရပိုင် ကုမ္ပဏီများက ပံ့ပိုးပေးနေသည်ဟု မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးကောင်စီ (SAC-M)က ထုတ်ပြန်ပြောဆိုလိုက်သည်။
ကုလသမဂ္ဂဆိုင်ရာ ကျွမ်းကျင်သူများ စုဖွဲ့ထားသည့် SAC-M က ယနေ့ (ဇူလိုင် ၁၆)တွင် ထုတ်ပြန်သည့် “သေမင်းတမန်စက်ရုံ – စစ်တပ်၏ လေကြောင်းမှကြဲချသောဗုံးများ ထုတ်လုပ်မှုများအတွက် တရုတ်၏ ပံ့ပိုးကူညီမှု” အမည်ဖြင့် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြခြင်းဖြစ်သည်။
အစီရင်ခံစာတွင် စစ်တပ်၏ လက်နက်ထုတ်စက်ရုံများအနက် လေတပ်သုံးလက်နက်များကို အဓိက ထုတ်လုပ်သည့် အမှတ် (၂၁) ကာကွယ်ရေးပစ္စည်းထုတ်စက်ရုံ (ကပစ ၂၁) ၏ လည်ပတ်နေမှုအခြေအနေ၊ ထိုစက်ရုံလည်ပတ်နိုင်ရန် တရုတ်အစိုးရပိုင်ကုမ္ပဏီနှင့် ၎င်းလက်အောက်ခံ ပုဂ္ဂလိကကုမ္ပဏီတို့က ပံ့ပိုးပေးနေသည့်အခြေအနေများ ဖော်ပြထားသည်။
စစ်ကောင်စီက အာဏာသိမ်းမှုဆန့်ကျင်သည့်ဒေသများရှိ ကျေးရွာ၊ စာသင်ကျောင်း၊ ဆေးရုံများကို ထိုလက်နက်များသုံးပြီး ပစ်မှတ်ထားတိုက်ခိုက်ကာ စစ်ရာဇဝတ်မှုများ ဆက်တိုက်ကျူးလွန်နေသည်ဟု SAC-Mက ဆိုသည်။

အာဏာသိမ်းစစ်တပ်သည် ယင်းအား ဆန့်ကျင်သူများကို မြေပြင်စစ်ကြောင်းထိုး တိုက်ခိုက်သည့်အပြင် တိုက်လေယာဉ်များသုံးကာ ဗုံးကြဲနှိမ်နင်းနေသည်မှာ ၄ နှစ်ကျော်လာပြီဖြစ်သည်။ ထိုသို့ လေကြောင်းတိုက်ခိုက်မှုများ စဉ်ဆက်မပြတ်ပြုလုပ်ရာတွင် ကပစ ၂၁ သည် စစ်တပ်၏ အားကိုးရသော စက်ရုံတစ်ရုံဖြစ်သည်။
လေတပ်သုံးဗုံးများ အဆက်မပြတ်ထုတ်လုပ်နိုင်ရန် ပညာရှင်၊ ဒီဇိုင်း၊ လက်နက်ကုန်ကြမ်းအပါအဝင် အရေးပါသည့်အကူအညီမှန်သမျှကို China South Industries Group Corporation အမည်ရ တရုတ်အစိုးရပိုင် ကုမ္ပဏီ၊ ထိုကုမ္ပဏီ၏ကုမ္ပဏီခွဲများဖြစ်သော Hunan Vanguard Group Co. Ltd နှင့် Chongqing Changan Industry Group Company Limitedတို့က တိုက်ရိုက်ကူညီပေးနေသည် ဟုလည်း SAC-M က ဆိုသည်။
ကပစ ၂၁ သည် မကွေးတိုင်း ဆိပ်ဖြူမြို့နှင့် မိုင် ၃၀ ခန့်ရှိ ပေါက်ခုံရွာနှင့် ငှက်ပြာကြီးရွာအနီးတွင် ရှိပြီး ၂၀၀၄မှ၂၀၀၆ခုနှစ်အတွင်း တည်ဆောက်ခဲ့သည့် စက်ရုံဖြစ်သည်။ ထိုစက်ရုံတွင် စစ်တပ်အရာရှိ ၁၅၀ နှင့် ဝန်ထမ်း ၁၂၀၀ နီးပါးက လက်နက်များထုတ်လုပ်နိုင်ရန် နေ့စဉ်လုပ်ကိုင်ပေးနေသည်ဟုလည်း SAC-Mက ၎င်း၏ သတင်းအရင်းမြစ်များကိုကိုးကား၍ ရေးသားထားသည်။
စက်ရုံဝင်းအတွင်း နေထိုင်ကြသူများ ရှိသလို အနီးနားရှိ ငှက်ပြာကြီးရွာ၊ သရက်ခုံရွာနှင့် ရှောက်ပင်အင်းရွာတို့တွင်လည်း မိသားစုများနှင့်အတူနေထိုင်သည့် ဝန်ထမ်းများလည်းရှိသည်ဟုလည်း သိရသည်။
ထိုစက်ရုံဝင်းအတွင်း စာသင်ကျောင်း၊ ဘုရား၊ စျေးဆိုင်များ၊ ဘောလုံးနှင့် ဂေါက် အားကစားကွင်းများပါ တည်ဆောက်ထားသည်။ စက်ရုံနယ်နိမိတ်အတွင်းနေ ဝန်ထမ်းများ သိုင်းသိုင်းဝိုင်းဝိုင်းဖြင့် လူမှုရေး၊ စီးပွားရေးဆိုင်ရာကိစ္စများဆောင်ရွက်ကြသည်ဟု SAC-Mက ဆိုသည်။

ကပစ ၂၁၏ တည်နေရာအပါအဝင် စက်ရုံအတွင်းရှိ ထုတ်လုပ်ရေးဆိုင်ရာဌာနများ၊ အုပ်ချုပ်ရေးဆိုင်ရာ အဆောက်အုံများ၊ ဝန်ထမ်းအိမ်ရာများနှင့် ဧည့်ဂေဟာတည်နေရာများကို သတင်းအရင်းမြစ်များ၊ စစ်တပ်ထံမှ စာရွက်စာတမ်းများ၊ သတင်းဌာနများနှင့် ကာကွယ်ရေးအဖွဲ့များကို ဆက်သွယ်အတည်ပြုထားခြင်းဖြစ်သည်။
ကာကွယ်ရေး ပစ္စည်းစက်ရုံများ ညွှန်ကြားရေးမှူးရုံး၏ စာရွက်စာတမ်းများအရ ကပစ ၂၁သည် ကီလိုဂရမ်၂၅၀၊ ၅၀၀ အလေးချိန်ရှိသည့် ဖျက်အားပြင်းဗုံးများ၊ တင့်ကားဖျက်ဗုံးများ၊ ကာဗွန်ဖိုက်ဘာဗုံးများကဲ့သို့ လေတပ်သုံးဗုံးမျိုးစုံကို ထုတ်လုပ်နေသည်ဟု SAC-Mက ဆိုသည်။
ထို့ပြင် ၁၂၀ မမ အမျိုးအစား တာဝေးပစ် မော်တာကျည် ၆တောင့် ပါဝင်သည့် ကလက်စတာဗုံးများကိုလည်း စစ်တပ်က ထိုစက်ရုံတွင် တပ်ဆင်သည်၊ အဆိုပါ မော်တာကျည်ကို ကပစ ၃ တွင် ထုတ်လုပ်ပြီး ကစပ ၂၁ သို့ တင်ပို့တပ်ဆင်ခြင်းဖြစ်သည်။
ကလက်စတာဗုံးများ၊ ဖျက်အားပြင်းဗုံးများကို ၂၀၂၁ အာဏာသိမ်းပြီးနောက်ပိုင်း လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများတွင် တွင်တွင်ကျယ်ကျယ် အသုံးပြုနေသည်ဟုလည်း SAC-Mက ဆိုသည်။
ကပစ ၂၁သည် မောင်သူမဲ့လေယာဉ်များအတွက် လက်နက်ခဲယမ်းများကို ထုတ်လုပ်နိုင်ရန် ကြိုးပမ်းနေသည်ဟုအစီရင်ခံစာတွင် ရေးသားထားသော်လည်း အသေးစိတ်အခြေအနေကို စုံစမ်းနိုင်ခြင်းမရှိသေးပေ။
ကပစ ၂၁ အပါအဝင် စစ်တပ်၏ အသက်သွေးကြော လက်နက်ထုတ်စက်ရုံ ၂၅ ခုမှာ လူနေကျဲပြီး တောတောင်ထူထပ်သည့်နေရာများတွင် တည်ဆောက်ထားသည်။ ထိုနေရာများကို တော်လှန်ရေးအင်အားစုများက တိုက်ခိုက်သိမ်းပိုက်ရန် ခက်ခဲနိုင်သော်လည်း အခြေအနေမှာ အချိန်မရွေး ပြောင်းလဲသွားနိုင်သည်ဟု SAC-Mက ဆိုသည်။
ယမန်နှစ် ဒီဇင်ဘာလက ရခိုင်ပြည်နယ် အမ်းမြို့နယ်ရှိ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် (နပခ)ပါမကျန် နိုင်ငံအနောက်ပိုင်းရှိ စစ်တပ်စခန်းများကို အာရက္ခတေပ်တော် (AA)က သမိုင်းဝင်သိမ်းပိုက်ခဲ့သည်။ လက်ရှိတွင် စစ်တပ်ထံမှ သိမ်းဆီးရမိခဲ့သည့် လက်နက်များ၊ တင့်ကားများဖြင့် ရခိုင်ပြည်နယ်နှင့် ထိစပ်နေသည့် မကွေး၊ ပဲခူးနှင့် ဧရာဝတီနှင့် မြေလတ်ပိုင်းဒေသများကိုပါ AAက ဆက်လက်တိုက်ခိုက်နေသည်။
ကပစ ၂၁ အပါအဝင် အမှတ် ၂၀၊ အမှတ် ၂၅ စသည့် လက်နက်စက်ရုံများနှင့် အမှတ် ၉ လေကြောင်းရန် ကာကွယ်ရေးတပ်တို့ကို လျှပ်စစ်မီးပေးနေသည့် မကွေးတိုင်း စလင်းမြို့နယ်အတွင်းရှိ တညောင်ဓာတ်အားပေးဇာတ်ရုံကို ကာကွယ်ရေးတပ်များစုပေါင်း၍ စီးနင်းတိုက်ခိုက်ခဲ့ရာ ထိခိုက်ပျက်စီးမှုများပြားသည်ဟု SAC-M၏ အစီရင်ခံစာက ဆိုသည်။

တရုတ်ကုမ္ပဏီများ၏ ပံ့ပိုးမှု
ကပစ ၂၁ တိုးတက်ဖွံ့ဖြိုးရေးအတွက် တရုတ်အစိုးရပိုင်ကုမ္ပဏီနှင့်ပုဂ္ဂလိကအမည်ခံ ကုမ္ပဏီခွဲများက ဆယ်စုနှစ် တစ်ခုကျော်ကြာ ကူညီပေးနေသည်ဟုလည်း SAC-M က ဆိုသည်။
အရေးပါသည့်ကူညီမှုများကို China South ကုမ္ပဏီနှင့် ၎င်း၏ လုပ်ငန်းခွဲများဖြစ်သော Hunan Vanguard Group ကုမ္ပဏီ၊ Chongqing Changan Industry Group ကုမ္ပဏီတို့က ဖြည့်ဆီးပေးနေခြင်းဖြစ်သည်။
သတင်းများနှင့် ဓာတ်ပုံသက်သေများအရ Hunan Vanguard Group သည် လေယာဉ်ပေါ်မှကြဲချသောဗုံးများ ထုတ်လုပ်ရန် တိုက်ရိုက်ပါဝင်ပတ်သက်နေသည်၊ ဖျက်အားပြင်း လေတပ်သုံးဗုံးများ ထိုစက်ရုံတွင် ထုတ်လုပ်တပ်ဆင်ရေးအတွက် China South ကုမ္ပဏီ က ပါဝင်ပတ်သက်နေသည်ဟုလည်း SAC-M အစီရင်ခံစာတွင် ဖော်ပြသည်။
၂၀၂၁ အစောပိုင်းကတည်းက ကပစ ၂၁နှင့် ကပစ ၄ မှ အင်ဂျင်နီယာများကိုလည်း Chongqing Changan Industry Group ကုမ္ပဏီက တရုတ်နိုင်ငံရှိ ၎င်းတို့၏ လက်နက်ထုတ်လုပ်ရေး စက်ရုံများတွင် လေ့ကျင့်သင်ကြားပေးခဲ့သည်၊ ၂၀၁၅မှ ၂၀၁၉ ခုနှစ်များအတွင်း ကပစ ၂၁ မှ စစ်တပ်ကိုယ်စားလှယ်များသည် တရုတ်နိုင်ငံရှိ Hunan Vanguard Groupကုမ္ပဏီ၏ လက်နက်ထုတ်လုပ်ရေးလုပ်ငန်းတွင် သင်တန်းတက်ခဲ့ကြသည်ဟုလည်း SAC-M က ၎င်းတို့ရရှိထားသည့် ဓာတ်ပုံသက်သေများကို ကိုးကား၍ ရေးသားထားသည်။
Hunan Vanguard Group ကုမ္ပဏီမှ ကျွမ်းကျင်ပညာရှင်များသည်လည်း ၂၀၁၄နှင့် ၂၀၁၉ ခုနှစ်တို့တွင် ကပစ ၂၁ သို့ လာရောက်တာဝန်ထမ်းဆောင်၍ လေတပ်သုံးဗုံးထုတ်လုပ်မှုကို ကြီးကြပ်ခဲ့ကြသည်ဟူသော အချက်ကို ၎င်းတို့ရရှိထားသည့် ဓာတ်ပုံသက်သေများအရ အတည်ပြုနိုင်သည်ဟုလည်း SAC-Mက ဆိုသည်။
China South ကုမ္ပဏီဥက္ကဋ္ဌဖြစ်သူ Tang Denjie က ကာကွယ်ရေးပစ္စည်းထုတ်လုပ်မှု အရာရှိချုပ် ဒုတိယ ဗိုလ်ချုပ်ကြီးသိန်းဌေးနှင့် ၂၀၁၅ စက်တင်ဘာလအတွင်းမှာ တွေ့ဆုံ၍ အဆင့်မြင့်နည်းပညာနှင့် စစ်လက်နက်ပစ္စည်းများ မိတ်ဆက်ပေးရေးအတွက် ဆွေးနွေးခဲ့သည်ဟုလည်း အဆိုပါကုမ္ပဏီ၏ Website စာမျက်နှာကိုကိုးကား၍ SAC-Mက ထုတ်ပြန်ထားသည်။
အလားတူ Hunan Ganguard ကုမ္ပဏီမှ လက်နက်ကျွမ်းကျင် ပညာရှင်များသည်လည်း ကပစ ၂၁ တွင် လေတပ်သုံးဗုံးများ ထုတ်လုပ်မှုအားလုံးနီးပါးကို ကြီးကြပ်ပေးခဲ့ကြောင်းလည်း အစီရင်ခံစာက ဆက်လက်ရေးသားထားသည်။

စစ်တပ်သည် လက်နက်ထုတ်လုပ်နိုင်ရန် လိုအပ်သည့် မိုက်ခရို-အီလက်ထရွန်းနစ် ပစ္စည်းများအတွက် ပြည်ပတင်သွင်းမှုအပေါ် မီခိုနေရဆဲဖြစ်ကြောင်း၊ တရုတ်အစိုးရပိုင်ကုမ္ပဏီတို့၏ ပံ့ပိုးမှုကို ရရှိနေခြင်းမှာ ၎င်းတို့အတွက် အသက်ရှူထွက်ပေါက်ကဲ့သို့ ဖြစ်နေသည်ဟု SAC-Mက ထောက်ပြပြောဆိုထားသည်။
တရုတ်နိုင်ငံထံမှဝယ်ယူထားသည့် လေယာဉ်များတွင် တပ်ဆင်အသုံးပြုနိုင်မည့် လက်နက်ပုံစံကို ကပစ ၂၁ က တရုတ်အစိုးရပိုင် ကုမ္ပဏီနှင့် ၎င်း၏ ကုမ္ပဏီခွဲများ၏ အကူအညီဖြင့် တီထွင် ထုတ်လုပ်နိုင်သောကြောင့် အရေးပါသည့်ပံ့ပိုးမှု ဖြစ်နေသည်ဟု SAC-Mက ကောက်ချက်ချသည်။
ကပစ ၂၁ ထုတ် လေတပ်သုံးဗုံးများနှင့် South China ကုမ္ပဏီက ထုတ်လုပ်သည့် လက်နက်များတို့သည် ပုံပန်းသဏ္ဌာန်၊ စွမ်းဆောင်ချက်နှင့် လည်ပတ်မှုစသည့် အခြေအနေများ တူညီနေသည်။
ဗုံးထုတ်လုပ်မှုနှင့်ပတ်သက်သည့် ပေါက်ကြားလာသော စာရွက်စာတမ်းများနှင့် China South ကုမ္ပဏီက ရောင်းချနေသည့် လက်နက်များဆိုင်ရာ အချက်အလက်တို့ကို တိုက်ဆိုင်စစ်ဆေး၍ ကောက်ချက်ချထားခြင်းဖြစ်သည်ဟု SAC-Mကဆိုသည်။
ကပစ ၂၁ က ထုတ်လုပ်သည့် ၂၅၀နှင့် ၅၀၀ ကီလီဂရမ် အလေးချိန်ရှိ ဖျက်အားပြင်းဗုံးမျိုးစုံအတွက် အဓိကအစိတ်အပိုင်းများတွင် Chongqing Changan ကုမ္ပဏီ၏ အမှတ်အသားများ ပါနေသည်ဟုလည်း SAC-M ၏ အစီရင်ခံစာတွင် ဖော်ပြထားသည်။
အာဏာသိမ်းမှုကြောင့် နိုင်ငံအနှံ့ ပေါ်ပေါက်လာသည့် ခုခံတွန်းလှန်မှုများအတွင်း အလဲလဲအကွဲ ကွဲဖြစ်နေသည့် စစ်ကောင်စီသည် လေကြောင်းတိုက်ခိုက်မှုများကို အလွန်အကျွံသုံး၍ စစ်ဆင်နေသည်။ လေကြောင်းမှ ဗုံးကြဲမှုများကြောင့် အရပ်သားထိခိုက်သေဆုံးသူ အရေအတွက်မှာလည်း မြင့်တက်နေဆဲဖြစ်သည်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာန၏ စာရင်းအရ ၂၀၂၃ ဇန်နဝါရီ ၁မှ မေ ၁၂အတွင်း လေကြောင်းတိုက်ခိုက်မှုအကြိမ်ရေ ၂၆၀၀ ကျော် ရှိရာ ပြည်သူ ၃,၀၄၃ ဦးထက်မနည်း သေဆုံးခဲ့သည်။
အဆိုပါတိုက်ခိုက်မှုများတွင် ဘာသာရေးအဆောက်အဦ၊ စာသင်ကျောင်းနှင့် ဆေးရုံတို့ကို ပစ်မှတ်ထားမှု များပြားသည်၊ စာသင်ကျောင်း ၂၄၀ မှာ လေကြောင်းတိုက်ခိုက်မှုအတွင်း ပျက်စီးသွားခဲ့သည်ဟု လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ဆိုသည်။



