အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် နှစ်စဉ် ဘုရားဖူးလည်ပတ်လေ့ရှိသည့် ပုဂံယဉ်ကျေးမှုနယ်မြေအတွင်း ဇူလိုင်လ ၈ရက်နေ့တွင် ညောင်ဦးမြို့တောင်ဘက် ၁၂ မိုင်အကွာ တောင်ဇင်းရဲစခန်းမှ အင်အားရာနှင့်ချီသည့် စစ်ကောင်စီစစ်ကြောင်းက ကျောက်ပန်းတောင်း-ညောင်ဦး ကားလမ်းအနောက်ဘက်ကျေးရွာများကို မီးရှို့ဖျက်ဆီးခဲ့ကြသည်။
ပုဂံမြိုသစ်အနီးရှိ ဂန့်ဂါရွာမှ ထွက်လာသော သံချပ်ကာယာဉ် သုံးစီး ပါဝင်သည့်၊ ပျူစောထီး ခေါ် ပြည်သူ့စစ်နှင့် စစ်သား စုစုပေါင်း အင်အား ၅၀ခန့်ရှိသည့် စစ်ယာဉ်တန်းတစ်ခုကလည်း ချောက်-ညောင်ဦးကားလမ်းအတိုင်း ငါးမိုင်ခန့် ဆင်းလာပြီး မြေသန့်တောင်ရွာအနီး ကားလမ်းဘေးတွင် ကာကင်းအဖြစ် အထိုင်ချထားသည်။
ရွာများကို မီးရှို့ဖျက်ဆီးသည့် စစ်ကြောင်းတွင် ရဲကွန်မန်ဒိုများ၊ မြင်းခြံ အခြေစိုက်ပျူစောထီးများ ပါဝင်သည်၊ အဆိုပါစစ်ကြောင်းက ချောင်းရှည်၊ ပွဲတိုင်း၊ အနောက်အုံ ၊ ကျောက်ပြင်ကန်၊ ဇီးဇမျှင် (မြောက်)၊ မြောင်စသည့် ကျေးရွာများကို နှစ်ရက်အတွင်း မီးရှို့ဖျက်ဆီးခဲ့သည်ဟု ဒေသခံများက ပြောသည်။
တော်လှန်ရေးအဖွဲ့များနှင့် ထိတွေ့တိုက်ပွဲဖြစ်ပွားခြင်းမရှိသော်လည်း ပျူအဖွဲ့များက ရွာခြောက်ရွာမှ အိမ်ခြေ ၁၀၀ခန့်ကို မီးရှို့ခဲ့ကြသည်ဟု ပုဂံဒေသတွင်းလှုပ်ရှားသည့် ဒေသကာကွယ်ရေးအဖွဲ့တစ်ဖွဲ့ ဖြစ်သော ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (PDA) က ဆိုသည်။
“ထိတွေ့တိုက်ပွဲက မရှိခဲ့ဘူး။ တိုက်ပွဲမဖြစ်ဘဲ သူတို့က မီးရှို့နေတာ” ဟု PDA အဖွဲ့တာဝန်ခံတစ်ဦးက ပြောသည်။
“စစ်ကောင်စီက ဒရုန်းနဲ့ချလို့ ကလေးငယ်တစ်ဦးနှင့်အမျိုးသားတစ်ဦးထိခိုက်ဒဏ်ရာရတယ်။ ပွဲတိုင်းရွာခံ စိတ်မနှံ့သူအမျိုးသားတစ်ဦးရဲ့ အလောင်းကိုလည်း ဇီးဇမျှင် (အလယ်)ရွာ ကျောင်းရှေ့ လယ်ကွင်းထဲမှာ တွေ့တယ်”
မြောင်ရွာကို မီးရှို့ပြီးထွက်လာသည့် စစ်ကောင်စီစစ်ကြောင်းနှင့်လည်း ပြီးခဲ့သည့်သီတင်းပတ် ကြာသပတေးနေ့ (ဇူလိုင် ၁၀) နံနက်က အပြန်အလှန် ပစ်ခတ်မှုအချို့ ရှိခဲ့သည်ဟုလည်း ၎င်းက ဆိုသည်။
အဆိုပါစစ်ကြောင်းသည် မြောင်ရွာမှတဆင့် မုန်တိုင်ရွာ၊ စဉ့်ကူရဲစခန်းသို့ဝင်ရောက်ခဲ့ပြီးနောက် ချောက်-ညောင်ဦးကားလမ်းအတိုင်း ရွာမ၊ ကုက္ကိုလ်ချောင်း၊ ပြည်တော်သာရွာသို့ စနေနေ့ (ဇူလိုင် ၁၂) နံနက်တွင် ဆက်လက်စစ်ကြောင်းထိုးခဲ့သည်၊ သို့သော်လည်း အဆိုပါရွာများကို မီးရှို့ဖျက်ဆီးခြင်း မရှိခဲ့ဟု တော်လှန်ရေးအဖွဲ့များထံက သိရသည်။
ထိုမှတဆင့် မီးလောင်ဖျားတောင်ရွာနှင့် မြောက်ရွာကိုဇူလိုင် ၁၂ ရက် နံနက် ၈ နာရီခွဲခန့်က မီးရှို့နေကြစဉ် တော်လှန်ရေးအဖွဲ့များက မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး ဒရုန်းဖြင့်လည်း ဗုံးကြဲခဲ့သည်ဟု ပုဂံဗိုလ်ချိုအဖွဲ့က ပြောသည်။
“မီးလောင်ဖျားရွာကို မီးရှို့မယ်ဆိုပြီး သတင်းရထားလို့ ကျွန်တော်တို့က မိုင်းတွေပတ်ထောင်ထားတာ။ နင်းမိုင်းတွေ၊ တိုက်မိုင်းတွေကွဲသွားတဲ့အချိန်မှာ သူတို့ မီးစရှို့တယ်”ဟု ပုဂံဗိုလ်ချိုအဖွဲ့ တာဝန်ခံက ဆိုသည်။
“ကျွန်တော်တို့က ဒရုန်းနဲ့ ဗုံးချလို့လည်း မြောက်ရွာမှာ သူတို့ကအပြေးအလွှားနဲ့ရှို့သွားတာ၊ တောင်ရွာမှာ ဓာတ်ဆီလောင်းပြီး ရှို့တာ။ သူတို့မှာ ဓာတ်ဆီပုံးတွေပါတာတွေ့တယ်” ဟု ၎င်းက ဆက်ပြောသည်။
“မြောက်ရွာမှာတော့ (ဆိုင်ကယ်) ကျွတ်ဖတ်တွေကို (တုတ်မှာ)ပတ် မီးရှို့ပြီး နွားတင်းကုပ်တွေကို လှမ်းပစ်ပြီး ရှို့သွားတယ်။ ငါးယောက်တစ်ဖွဲ့စီ ခွဲပြီး ရှို့သွားတာ”
မီးလောင်ဖျားရွာမှပြန်ထွက်လာသည့် စစ်ကြောင်းသည် ဥယျာဉ်ရွာနားရှိ တဲတိုက်နှစ်လုံးကို မီးရှို့ ဖျက်ဆီးခဲ့ပြီး အရပ်သား ရှစ်ဦးကိုလည်း ဖမ်းဆီးသွားခဲ့သည်ဟုလည်း တော်လှန်ရေးအဖွဲ့များထံက သိရသည်။ သို့သော်လည်း Myanmar Now အနေဖြင့် သီးခြားအတည်ပြုနိုင်ခြင်းမရှိပေ။
စစ်ကောင်စီ၏ မီးရှို့ဖျက်ဆီးမှုကြောင့် မီးလောင်ဖျားတောင်ရွာနှင့် မြောက်ရွာတွင် အိမ်ခြေ ၁၀၀ခန့် ထိခိုက်ပျက်စီးခဲ့သည်ဟု ဒေသခံတော်လှန်ရေးအဖွဲ့များက ဆိုသည်။
အဆိုပါစစ်ကြောင်းသည် စနေနေ့ညနေပိုင်းတွင် မြေသန့်တောင်ရှိ ကာကင်းစစ်ကြောင်းနှင့်ပေါင်းသွားပြီး ညောင်ဦးမြို့အနီးရှိ အမှတ် (၄၁၅) ခြေလျင်တပ်ရင်းထဲသို့ ပြန်ဝင်သွားသည်ဟု သိရသည်။

ညောင်ဦးစစ်ဘေးရှောင်များ
အမျိုးသားညီညွတ်ရေးအစိုးရ NUG ၏ အုပ်ချုပ်ရေးယန္တရားလည်ပတ်နိုင်ခြင်းမရှိသေးသည့် ညောင်ဦးမြို့နယ်တွင် စစ်ကောင်စီစစ်ကြောင်းကြောင့် ရွာပေါင်း ၁၅ ရွာမှ လူဦးရေ တစ်သောင်းခန့် စစ်ဘေးရှောင်နေရသည်ဟု ဒေသခံတော်လှန်ရေးအဖွဲ့များက ပြောသည်။
ရွာအများစုမှာ ရွာလုံးကျွတ်စစ်ရှောင်နေရပြီး စစ်ကြောင်းနှင့်လွတ်နိုင်မည်ထင်သည့် ယာခင်းနှင့် တောတိုက်များတွင် တိမ်းရှောင်ကြရပြီး ဧရာဝတီမြစ်ဘေးရှိ ကိုင်းတောနှင့် ကျူပင်တောများတွင်လည်း စစ်ဘေးရှောင်နေရသည်ဟု ဒေသခံများကလည်း ဆိုကြသည်။
စစ်ကောင်စီစစ်ကြောင်း အထိုင်ချခဲ့သည့် မြေသန့်တောင်အနီးရှိ ကျအိုရွာမှ စစ်ရှောင် အမျိုးသားတစ်ဦး က စစ်ကောင်စီတပ်၏ရန်ကို အကြိမ်ကြိမ် ရင်ဆိုင်ခဲ့ဖူးသည်ဟု ဆိုသည်။
“စစ်ရှောင်ရတာ ဒီတစ်ခါနဲ့ဆိုရင် ၇ကြိမ်ရှိပြီ။ ကျွန်တော်တို့ကျတော့ မြစ်ဘေးဆိုတော့ ဧရာဝတီမြစ်ရေ ကလည်းကြီးတော့ ကြားထဲမှာ မြစ်ချောင်းလေးတစ်ခုကိုကျော်ပြီး မြစ်လယ်ခေါင်က ကျွန်းပေါ်မှာ ရှောင်နေတယ်” ဟု အဆိုပါအမျိုးသားကပြောသည်။
“အရင်တခေါက်ကလည်း ရွာထဲမှာ ကျန်နေခဲ့တဲ့ ခိုင်းနွားတွေကို ကားတွေနဲ့တင်ပြီးယူသွားတယ်။ ရွာကိုလည်း မီးရှို့တာနှစ်ကြိမ်ရှိပြီ။ ခဏ ခဏစစ်ကြောင်းထိုး မီးရှို့နေတော့ တစ်ချိန်မဟုတ် တစ်ချိန်တော့ ကျွန်တော့်အိမ်လည်း ကျန်မယ်မထင်ဘူး”
ညောင်ဦးမြို့နယ်ကျေးရွာများတွင် လျှပ်စစ်မီးများပြတ်တောက်နေသည်မှာ နှစ်လခန့်ရှိပြီး စစ်ကြောင်းများကြောင့် စစ်ကောင်စီခန့် Non-CDM ပညာရေးဝန်ထမ်းများ သင်ကြားပေးနေသည့် စာသင်ကျောင်းများလည်း ပိတ်ထားရသည်ဟု ဒေသခံများထံက သိရသည်။
“ကျွန်တော်တို့က ခံပြင်းနာကြည်းတာပေါ့။ ကလေးတွေလည်း ကျောင်းတက်လို့မရ၊ သက်ကြီးရွယ်အို တွေလည်း လှည်းပေါ်မှာ ရှောင်တိမ်းရနဲ့။ ရာသီဥတုလည်းခက်ခဲတယ်။ အစားအသောက်လည်း ခက်ခဲတယ်။ မြစ်ရေကလည်းတက်ရေဆိုတော့မသန့်ရှင်းတော့ ဖြစ်သလိုပဲနေကြရတာချည်းပဲ” ဟု အသက် ၄၀ အရွယ် ကျအိုရွာခံအမျိုးသားကပြောသည်။
ညောင်ဦးမြို့နယ်အနောက်ခြမ်းစစ်ရေးအခြေအနေ
တော်လှန်ရေးနောက်ကျသည့် ညောင်ဦးမြို့နယ်တွင် အင်အားအလုံးအရင်းနှင့်ထိုးလာသည့် စစ်ကောင်စီ စစ်ကြောင်းများနှင့် ရင်ဆိုင်တိုက်ပွဲဖြစ်ပွားခြင်းမရှိသေးဟု ညောင်ဦးမြို့နယ်တွင် စစ်ရေးပြင်ဆင်လှုပ်ရှား နေသည့်အဖွဲ့များက ပြောကြသည်။
“ ဒီဘက်မှာ တိုက်ပွဲက အခုမှ ကနဦးအစလိုမျိုးဖြစ်နေလို့ နယ်မြေအစိမ်းသက်သက်ဖြစ်နေတယ်။ လက်နက်ကိုင်လမ်းစဉ် ပေါက်ဖွားခဲ့တဲ့နေရာမဟုတ်ဘူး။ လေးနှစ်တာ ကာလရန်သူ့လက်အောက်မှ နေရပြီးမှ သေနတ်သံစပေါက်တော့ ကျွန်တော်တို့က စည်းရုံးရေးဆင်းနေရတဲ့အဆင့်ပဲရှိသေးတယ်” ဟု PDA အဖွဲ့တာဝန်ခံက ပြောသည်။
“လမ်းပန်းဆက်သွယ်ရေးကလည်း တစ်နေရာကနေတစ်နေရာသွားဖို့ကလည်း ခက်ခဲတယ်။ ရန်သူ့ နယ်မြေကို ဖြတ်နေရတဲ့အနေထားမျိုးရှိတယ်။ လူထုကတော့ ကြောက်တာပဲသိပေမယ့် ကျွန်တော်တို့ ရောက်လာတော့ကြိုဆိုကြပါတယ်။ သူတို့ (စစ်ကောင်စီ) လက်အောက်မှာတော့ ဘယ်သူမဆို မနေချင်ကြဘူးလေ” ဟု ၎င်းက ဆက်ပြောသည်။
ညောင်ဦးခရိုင်ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၅)တပ်ရင်း အခြေစိုက်သော ညောင်ဦးမြို့နယ် တွင် နယ်မြေနှစ်ပိုင်းခွဲခြားထားပြီး ညောင်ဦး-ကျောက်ပန်းတောင်ကားလမ်းမ၏ အနောက်ဘက်ခြမ်းတွင် ဒေသအခြေစိုက် သီးခြားရပ်တည်ကြသည့် တပ်ရင်းများနှင့် လိုကယ်အဖွဲ့များရှိသကဲ့သို့ ညောင်ဦးပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) လက်အောက်ခံ တပ်ရင်းဖြစ်သည့် ပုဂံဗိုလ်ချိုအဖွဲ့ လည်း လှုပ်ရှားကြသည်။
အနောက်ခြမ်းတွင် ကျောင်းသားသမဂ္ဂအဖွဲ့ဝင်များနှင့် ဖွဲ့စည်းထားသည့် ပြည်သူ့ဒီမိုကရက်တစ်တပ်တော် (People’s Democratic Army) အပြင် ဒေသအခြေစိုက် ရန်ကြီးအောင်၊ ထနောင်းမြေစစ်ကြောင်း၊ Bagan & Nyaung-U Special Task Force စသဖြင့် ရှိပြီး ညောင်ဦးအရှေ့ခြမ်းတွင်မူ မြို့နယ်ပြည်သူ့ကာကွယ်ရေး (ပကဖ) အဖွဲ့ ဖြစ်သည့် ပုဂံဘီလူးအပါအဝင် မြင်းခြံနှင့် ပုပ္ပါးနှင့် ပခုက္ကူအခြေစိုက်အဖွဲ့များလည်း ဝင်ရောက်လှုပ်ရှားသည်။
စစ်ကောင်စီသည် ပုဂံမြို့ဟောင်းအနီးရှိ ညောင်ဦးမြို့နှင့် ညောင်ဦးအရှေ့ဘက် ၁၅ မိုင်အကွာ ငါ့သရောက်မြို့တို့ကို ထိန်းချုပ်ထားပြီး စဉ့်ကူနှင့် တောင်ဇင်းရွာများတွင်လည်း အခြေစိုက်ရဲစခန်းများ ရှိသည်။ ညောင်ဦးလေဆိပ်အနီးတွင် စစ်ကောင်စီ၏ အမှတ် (၄၁၅) ခြေလျင်တပ်ရင်း ရှိပြီး ကျောက်ပန်းတောင်းနှင့် ချောက်မြို့နယ်မှ စစ်ကြောင်းများလည်း ဝင်ရောက်လှုပ်ရှားလေ့ရှိသည်။
ညောင်ဦးမြို့နယ်တွင် စစ်ကောင်စီလက်အောက်ခံ ပျူအဖွဲ့နှစ်ဖွဲ့ရှိသော်လည်း ပျူအဖွဲ့များ အထိုင်စခန်းချ ခံစစ်ပြင်ထားသည့် ရွာများမရှိသေးဘဲ ပုဂံမြို့သစ်အနီးရှိ ဂန့်ဂါရွာကို ပျူရွာအဖြစ် ဖွဲ့စည်းရန်စုဝေးနေစဉ် တော်လှန်ရေးအဖွဲ့တစ်ဖွဲ့မှ ဝင်ရောက်ပစ်ခတ်ခဲ့သောကြောင့် ပျူနှင့် ဆက်စပ်သူ ၈ဦးခန့်သေဆုံးခဲ့သည်ဟု ဒေသခံများက ဆိုသည်။

ညောင်ဦးမြို့နယ်ရှိ ရဲစခန်းများကို ဒရုန်းဖြင့်တိုက်ခိုက်ခြင်း၊ စစ်ကောင်စီလက်အောက်ခံ ပျူအဖွဲ့ဝင်များ ကို ပစ်ခတ်တိုက်ခိုက်မှုများရှိသော်လည်း အင်အားအလုံးအရင်းဖြင့် ထိုးနေသည့် စစ်ကောင်စီ စစ်ကြောင်းများကို ထိပ်တိုက်ရင်ဆိုင်နိုင်ရန် ဒေသအခြေစိုက်အဖွဲ့များ တစ်စုတစ်စည်းတည်း ပူးပေါင်းပြီး စစ်ရေးဖော်ဆောင်ရန်လိုအပ်နေသည်ဟုလည်း ညောင်ဦးခရိုင် ပကဖ တာဝန်ခံက ပြောသည်။
“ Local (ဒေသခံ) အဖွဲ့တွေက ပြန့်ကြဲနေတယ်။ တစ်ဖွဲ့ချင်းစီ ချိတ်ဆက်ဆောင်ရွက်နိုင်မှု အားနည်းနေတာ တစ်ချက်။ အဲ့ နှစ်ချက်ကြောင့် စုစုစည်းစည်းနဲ့မတိုက်နိုင်တာပေါ့။ လက်နက်အင်အားကတော့ Local အဖွဲ့တွေရော အားလုံး ပေါင်းရင် လာတဲ့စစ်ကြောင်းအနေအထားကို ကျွန်တော်တို့ ပြန်တုန့်ပြန်နိုင်ဖို့ အင်အားအပြည့်အစုံရှိတယ်”
ဒေသအခြေစိုက်အဖွဲ့ အသီးသီး ချိတ်ဆက်ဆောင်ရွက်နိုင်ခဲ့မှု အားနည်းပြီး တိမ်းရှောင်မိခဲ့ကြသည်၊ စစ်ကြောင်းထိုးခံရသည့်ကျေးရွာများကို ကာကွယ်နိုင်ခြင်းမရှိခဲ့ဟု ၎င်းကပြောသည်။
“ရွာအနီးနားမှာ သူတို့အင်အားပဲရှိတယ်ထင်ပြီး ရှောင်ပြေးသွားတာမျိုးပေါ့။ ကျွန်တော်တို့အားလုံး အင်အားနဲ့ဆိုရင် အေးအေးဆေးဆေး ခုခံနိုင်တယ်။ တစ်ယောက်နဲ့တစ်ယောက် မချိတ်ဆက်မိဘဲ ရှောင်ရင်းရှောင်ရင်းနဲ့ ရွာတွေမီးရှို့ခံရတယ်ပေါ့” ဟု သူက ဆိုသည်။
အညာဒေသများတွင် တော်လှန်ရေးအတွေ့ကြုံယူခဲ့သည့် ညောင်ဦးတော်လှန်ရေးအဖွဲ့များက အင်အား ပြန်လည်စုစည်းပြီး ညောင်ဦးမြို့နယ်တွင် စစ်ရေးလှုပ်ရှားနေသည်မှာ တစ်နှစ်မပြည့်သေးပေ။ စစ်ကောင်စီက စစ်ကြောင်းထိုးလာသည့်အခါတွင်လည်း တိမ်းရှောင်နေကြရသည်။
“စစ်ကြောင်းလာရင် ရှောင် ရှောင်ပေးရတဲ့အနေအထားမျိုးဆိုတာကြောင့် နယ်မြေစိုးမိုးနိုင်မှုရှိတယ်လို့ လုံးလုံးပြောလို့မရသေးဘူး၊ စိုးမိုးလှုပ်ရှားအနေနဲ့ကတော့ ညောင်ဦးမြို့နယ်အတွင်းမှာ ၈၀ ရာခိုင်နှုန်းလောက် ဝင်ထွက်သွားလာလို့ရနေတာမျိုးပေါ့”ဟု အထက်ပါညောင်ဦးပကဖ အဖွဲ့တာဝန်ခံက ပြောသည်။
တစ်ဖက်တွင်လည်း နီးစပ်ရာ တော်လှန်ရေးအဖွဲ့များပူးပေါင်းပြီး စစ်ကောင်စီစခန်းများကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်နေသလို စစ်ကောင်စီဘက်ကလည်း တိုက်ခိုက်ခံရသည့် စခန်းများကို အင်အားဖြည့်တင်း မှုများလုပ်နေသည်။
“စဉ့်ကူစခန်းကို နှစ်ရက်ဆက်တိုက် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်။ စနေနေ့၊ နေ့လယ် ၁၂ ခွဲလောက်က ဒရုန်းနဲ့ဗုံးသီးလေးလုံးချခဲ့တယ်။ နောက်တစ်နေ့မှာ ချောက်မြို့နယ်မှ စဉ့်ကူ ရဲစခန်းကို စစ်ကောင်စီဘက် အင်အားဖြည့်လို့ နောက်တစ်ကြိမ် ဒရုန်းနဲ့ ထပ်တိုက်ခဲ့တယ်” ဟု ပုဂံဗိုလ်ချိုအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သို့ရာတွင် ပုဂံယဉ်ကျေးမှုနယ်မြေအတွင်း ရှေးဟောင်းစေတီဘုရားများ ထိခိုက်ပျက်စီးမှုမဖြစ်စေရန် တော်လှန်ရေးအဖွဲ့များက ရှောင်ရှားကြသော်လည်း စစ်ကောင်စီတပ်သည် ဘုရားစေတီများကို အကာအကွယ်ယူ တပ်စွဲပြီး လက်နက်ကြီးပစ်ခတ်မှုများလည်းရှိသည်ဟု ဒေသခံများထံက သိရသည်။
“ကျွန်တော်တို့ကတော့ တက်နိုင်သမျှ တိုက်ပွဲဇုန်မဖြစ်အောင် လို့တော့ ဆင်ခြင်ပြီးတော့လုပ်မှာပါ။ စစ်ရေးအရ အရမ်းအရေးမပါဘူးဆိုပေမယ့် စစ်ကောင်စီဘက်က နိုင်ငံတကာကိုချပြနေတဲ့ မျက်နှာစာ တစ်ခုဖြစ်နေတယ်။ ကျွန်တော်တို့အဖွဲ့တွေကိုလည်း စည်းစည်းလုံးလုံးနဲ့ အင်အားတောင့်တင်းအောင် လုပ်ပြီး စခန်းသိမ်းပွဲတွေလုပ်သွားမှာပါ” ဟု ခရိုင်ပကဖ တာဝန်ရှိသူက ဆိုသည်။
ပုဂံညောင်ဦးဒေသသည် စစ်ကောင်စီ အာဏာမသိမ်းခင်က ကမ္ဘာလှည့်ခရီးသွားများနှင့် အမြဲမပြတ် စည်ကားခဲ့သည့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဖြစ်သည်။



