ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ်၊ ထန်းရှောက်ခံကျေးရွာတွင် အစုအပြုံလိုက် တွေ့ခဲ့ကြရသည့် အလောင်း ၁၀၀ ခန့်မှာ အာဏာသိမ်း စစ်တပ် တပ်ဖွဲ့ဝင်တို့၏ ရုပ်အလောင်းများသာဖြစ်သည်ဟု အာရက္ခတပ်တော် (AA) ပြောရေးဆိုခွင့် ရှိသူက ပြောသည်။
မြို့အရှေ့တောင်ဘက်၊ ခုနစ်မိုင်ခန့်အကွာ ထန်းရှောက်ခံရွာဖြစ်စဥ်သည် ၂၀၂၄ ခုနှစ်၊ မေလတွင် ပေါ် ပေါက်ခဲ့ခြင်းဖြစ်သည်၊ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သားများသည် အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲရေးဌာနချုပ် (စကခ -၁၅) ကို စွန့်ခွာ၍ ထန်းရှောက်ခံရွာမှ ဆုတ်ခွာခဲ့ရာတွင် AA တပ်ဖွဲ့ဝင်များကို ခုခံရန် ကြိုးစားခဲ့သည်ဟု ဆိုသည်။
“ကျွန်တော်တို့ဘက်ကလည်း ထောင့်ပေါင်းစုံကနေပြီးတော့ ဝိုင်းဝန်းပိတ်ဆို့ပြီး သူတို့ကို ချေမှုန်းဖို့ ကြိုးစားပါ တယ်။ အဲဒီ ထန်းရှောက်ခံရွာမှာ တိုက်ပွဲ သုံးရက်လောက် ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပါတယ်။ အဲဒီ အချိန်မှာ အကြမ်းဖက် စစ်ကောင်စီဘက်က အနည်းဆုံး ၂၀၀ ဝန်းကျင်လောက် ကျဆုံးခဲ့ပါတယ်”ဟု ဦးခိုင်သုခက ဩဂုတ်လ၊ ၁၁ ရက်နေ့ ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
“ဒါကြောင့်မို့ အဲဒီနေရာမှာ အလောင်းတွေ ပုံသွားတဲ့ အခြေအနေမျိုးပါ။ တချို့အလောင်းတွေကို အကြမ်းဖက်စစ်ကောင်စီက (အလောင်း) ၂၀၊ ၃၀ ကို တစ်တွင်း၊ အဲဒီလိုမြှုပ်ထားတာတွေ ရှိခဲ့ပေမဲ့ တချို့အလောင်း လေးငါးခြောက်ဆယ်၊ ၁၀၀ နီးပါးက မမြှုပ်နိုင်ဘဲနဲ့ ကျန်ခဲ့တာရှိပါတယ်”
ယခုနှစ်၊ မတ်လ ၂၈ ရက်နေ့ ရက်စွဲဖြင့် ထွက်ပေါ်လာသော ရုပ်အလောင်းတို့၏ ဓာတ်ပုံများတွင်လည်း စစ်တပ်က အသုံးပြုသည့် ဦးထုပ်များ ၊ စစ်ဖိနပ်များကိုတွေ့ရမည် ဖြစ်သည်ဟု ၎င်းက ဆိုသည်။
“ဒါကြောင့် သူတို့ စွပ်စွဲထားသလို ရွာသား ၆၀၀ လောက်ကို ULA/AA က အစုလိုက်အပြုံလိုက် သတ်ဖြတ်ထားတယ်ဆိုတဲ့ ကိစ္စဟာ လုံးဝ မဟုတ်ပါဘူး “
AA သည် ယမန်နှစ်အတွင်း၊ ဘူးသီးတောင်၊ မောင်တောတိုက်ပွဲများ၌ ရိုဟင်ဂျာများကို လူ့အခွင့်အရေး ချိုးဖောက်မှုရှိနေကြောင်း၊ ထန်းရှောက်ခံရွာသူ၊ ရွာသား ၆၀၀ ခန့်ကို သတ်ဖြတ်ခဲ့ကြောင်း ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူများ၊ နိုင်ငံတကာလူ့အခွင့်အရေးသမားများ က စွပ်စွဲထားကြသည်။
၂၀၂၄ ခုနှစ်၊ မေလ၊ ၂ ရက်နေ့မှာ ဘူးသီးတောင်မြို့နယ်၊ အတွင်းငှက်သေကျေးရွာအုပ်စု၊ ထန်းရှောက်ခံရွာ (ရိုဟင်ဂျာအခေါ် ဟောယ်ယာစီးရီး) က ရွာသူရွာသား၊ ကလေး၊ လူကြီး၊ သက်ကြီးရွယ်အို၊ အမျိုးသမီး၊ ကိုယ်ဝန်ဆောင်၊ မသန်စွမ်းပါမကျန် အနည်းဆုံး ၆၀၀ နီးပါးကို AA တပ်ဖွဲ့ဝင်များက အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့သည်ဟု ရိုဟင်ဂျာအရေးတက်ကြွလှုပ်ရှားသူ ရိုနေဆန်းလွင်က သြဂုတ်လ၊ ၃ ရက်နေ့တွင် ၎င်း၏ Facebook လူမှုကွန်ရက်စာမျက်နှာတွင် ရေးသားထားသည်။
“အလောင်းတွေကို ဓာတ်ဆီနဲ့ မီးရှို့ခဲ့တာတွေလည်းရှိတယ်။ ရာဇဝတ်မှုကို ဖျောက်ဖျက်ဖို့ ကြိုးစားပေမဲ့ တစ်နှစ်ကျော်ကြာပြီးမှ ဓာတ်ပုံတွေ ထွက်လာပြီ”ဟု ၎င်းက ဆိုသည်။
ထိုဒေသများရှိ ရိုဟင်ဂျာများအပေါ် ကျူးလွန်သော စစ်ရာဇဝတ်မှုများကို နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) က စုံစမ်းစစ်ဆေးရန် ထိုင်းနိုင်ငံအခြေစိုက် လူ့အခွင့်အရေးအဖွဲ့အစည်းဖြစ်သည့် Fortify Rights က ဇူလိုင်လ၊ ၂၃ ရက်နေ့တွင် ထုတ်ပြန်တောင်းဆိုခဲ့သည်။
ရိုဟင်ဂျာအရေး တက်ကြွလှုပ်ရှားသူများ၏ ပြောဆိုချက်မှာ အခြေအမြစ်မရှိသည့် လုပ်ကြံဖန်တီးမှုသာ ဖြစ်သည်ဟု AA ပြန်ကြားရေး တာဝန်ခံ ဦးခိုင်သုခက သြဂုတ်လ၊ ၁၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် တုံ့ပြန်ခဲ့သည်။
“ဒီစွပ်စွဲချက်တွေကို တဖက်ကပြောရမယ်ဆိုရင် အညံ့စားလုပ်ကြံသတင်းဖြန့်နေတာဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲ
ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မောင်တောခရိုင်၊ ဘူးသီးတောင်မြို့နယ်တွင် စကခ-၁၅ လက်အောက်ခံ ခြေမြန်နှင့် ခြေလျင် ၁၁ ရင်း အခြေစိုက်ထားပြီး အမှတ် (၃၇၈) အမြောက်တပ်နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ အမှတ် (၃) နှင့် (၈) တို့ ရှိသည်။
ထိုတပ်ရင်းများထဲမှ ခမရ ၅၅၂ ကို ၂၀၂၄၊ ဖေဖော်ဝါရီလ၊ ၂၄ ရက်နေ့တွင် AA က စတင်ထိုးစစ်ဆင်ပြီး မတ်လ၊ ၂၅ ရက်နေ့တွင် သိမ်းပိုက်ခဲ့ပြီးနောက် စခန်းသိမ်းတိုက်ပွဲများ ဆက်တိုက်ပြုလုပ်ခဲ့သည်။
ထိုအချိန်တွင် စစ်တပ်သည် မြို့ကို AA လက်ထဲမကျရန်အတွက် ယင်းဒေသမှ ရိုဟင်ဂျာများ အပါအဝင် မွတ်စလင်များကို စစ်သင်တန်းများပေးကာ AA ကို တန်ပြန်တိုက်ခိုက်ရန် ပြင်ဆင်ခဲ့သည်။
AA နှင့် စစ်တပ်တို့ စစ်ရေးပြင်းထန်နေချိန် ၂၀၂၄၊ မတ်လ၊ ၁၉ ရက်နေ့တွင် ဘူးသီးတောင်မှ ရာနှင့်ချီသော ရိုဟင်ဂျာများ၊ မွတ်စလင်များသည် ရခိုင်တပ် AA ကို ဆန့်ကျင်ကြောင်း ချီတက်ဆန္ဒပြခဲ့သည်။ အဆိုပါဆန္ဒပြပွဲသည် စစ်တပ်၏ အစီအစဉ်တစ်ခုဖြစ်ကြောင်း ဘူးသီးတောင်မှ ရိုဟင်ဂျာအချို့က ဆိုကြသည်။
စစ်တပ်က ဘူးသီးတောင်မြို့တစ်ဝိုက်တွင် မွတ်စလင်များကို လက်နက်များ တပ်ဆင်ပေးကာ ရခိုင် မုန်းတီးရေး လုပ်ဆောင်နေကြောင်း AA ပြောခွင့်ရသူက ဧပြီလ၊ ၁၃ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ဘူးသီးတောင်မြို့၊ အရှေ့ဘက် မေယုမြစ်နှင့် စိုင်းဒင်မြစ်ကြားရှိ စကခ ၁၅ ဌာနချုပ်ကို ၂၀၂၄၊ ဧပြီလ၊ နောက်ဆုံးအပတ်တွင် ထိုးစစ်အရှိန်မြှင့်ခဲ့ကာ မေလ၊ ၂ ရက်နေ့တွင် AA က သိမ်းပိုက်နိုင်ခဲ့သည်။
မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ် မောင်တောဒေသ၏ သြဇာအကြီးဆုံး စစ်ဗိုလ်ချုပ် ဖြစ်သော စကခ ၁၅ ၏ ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်သူရိန်ထွန်း ကို လက်ရဖမ်းမိခဲ့ပြီး ဖမ်းမိထားကြောင်း ရုပ်သံမှတ်တမ်းဖိုင်ကို ထုတ်ပြန်ခဲ့သည်။
လက်နက်ချသူ ရာနှင့်ချီရှိပြီး ဒဏ်ရာရသူ အများအပြားအပြား ပါဝင်ကြောင်း ရုပ်သံတွင် တွေ့ရသည်။ ထိုအထဲတွင် ရိုဟင်ဂျာဟု ယူဆရသူအနည်းငယ်လည်း ပါဝင်နေသည်။ AA က မေလ၊ ၁၈ ရက်နေ့တွင် ဘူးသီးတောင်မြို့ကို အပြီးသတ် သိမ်းနိုင်ခဲ့သည်။
ဘူးသီးတောင်အပါအဝင် ရခိုင်ပြည်နယ်မှ မွတ်စလင်များကို စစ်ကောင်စီအပါအဝင် မြန်မာအစိုးရ အဆက်ဆက်က နိုင်ငံသားအဖြစ် သတ်မှတ်ရန် အစဉ်တစိုက် ငြင်းဆိုထားသည်။ စစ်တပ်သည် ၎င်းတို့ကို နိုင်ငံတကာက ခေါ်ဆိုသည့် ရိုဟင်ဂျာဆိုသည့် အမည်ကိုပင် လက်မခံဘဲ ဘင်္ဂါလီဟုသာ သုံးနှုန်းလေ့ရှိသည်။
AA က ဘူးသီးတောင်မြို့ကို စတင်တိုက်ခိုက်စဉ်ကာလမှာပင် စစ်တပ်က ဒုက္ခသည်စခန်းရှိ ရိုဟင်ဂျာ များကို လက်နက်တပ်ဆင်ပေးခဲ့ပြီး “ မွတ်စလင်” ဟုသာ ခေါ်ဝေါ်သုံးစွဲခဲ့သည်။
စစ်တပ်က လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများ ဖြစ်ပွားစေရန် လှုံ့ဆော်လေ့ရှိသော ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်က ရိုဟင်ဂျာနှင့် ရခိုင်တို့ကြား လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ပွားပြီးနောက် နှစ်ဖက် ဆက်ဆံရေး တင်းမာခဲ့ကြသည်။
ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နှင့် မောင်တောမြို့နယ်များအတွင်း ၂၀၁၇ ခုနှစ်မှစသည့် စစ်တပ်၏ စစ်ဆင်ရေးများအတွင်း ရိုဟင်ဂျာ သိန်းနှင့်ချီသည် အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ ထွက်ပြေးခဲ့ရဖူးသည်။ ထိုလုပ်ရပ်ကြောင့် အပြည်ပြည်ဆိုင်ရာ တရားရုံး (ICJ) တွင် စစ်တပ်က အမှုရင်ဆိုင်နေရသည်။
၂၀၁၉ ခုနှစ်၊ စက်တင်ဘာလအထိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ စာရင်းများအရ ဘူးသီးတောင် မြို့နယ်တွင် အိမ်ခြေ သုံးသောင်းကျော်၊ လူဦးရေ နှစ်သိန်းကျော်ရှိသည်။




