မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အတွင်း စစ်တပ်က အင်အား ၇၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးနေရာ ယခုလ၊ ၁ ရက်နေ့မှ စတင်၍ တိုက်ပွဲဖြစ်ပွားနေပြီး တော်လှန်ရေးတပ်များဘက်က အကျအဆုံးရှိသလို ကလေး များအပါအဝင် အရပ်သားခုနစ်ဦး သတ်ဖြတ်ခံရသည်ဟု ဒေသခံများက ပြောသည်။
မြင်းခြံနယ်အတွင်း စစ်ကြောင်း သုံးကြောင်းခွဲပြီး မြင်းခြံမြို့အရှေ့ဘက်၊ ငါးမိုင်ပတ်ချာလည်ရှိ ကျေးရွာများကို ပစ်မှတ်ထား စစ်ကြောင်းထိုးနေခြင်းဖြစ်ပြီး မြောက်ကုန်းနှင့် ဗလုံကျေးရွာများတွင် အရပ်သားများ သတ်ဖြတ်ခံရခြင်းဖြစ်သည်။
ယခုလ အစောပိုင်းတွင် မြင်းခြံ- နွားထိုးကြီး ကားလမ်းမဘေး၊ ကျေးရွာများအတွင်း ဝင်ရောက်လာသော စစ်ကြောင်းနှစ်ခုသည် ရွာအချို့တွင် တပ်စွဲပြီးနောက် အနီးဝန်းကျင်ကို စစ်ကြောင်းထိုးလာခဲ့သည်။
စစ်ကြောင်းဝင်သဖြင့် တစ်ရွာလုံးနီးပါး ထွက်ပြေးကြသော ဗလုံကျေးရွာတွင် ဩဂုတ်လ၊ ၉ ရက်နေ့က အသက် ၄၀ အရွယ် ရွာသားတစ်ဦး ခေါင်းဖြတ်သတ်ခံရသလို ရွာမီးရှို့ခံရမှုကြောင့် လေဖြတ်နေသော အသက် ၇၀ ကျော် ဒေါ်ခင်ဝေ မီးလောင်သေဆုံးသည်။ စစ်တပ်ဒရုန်းဗုံးကြောင့် ခြောက်နှစ်အရွယ် ယောက်ျားလေးတစ်ဦး သေဆုံးပြီး
ထိုကလေး၏ မိသားစုဝင် လေးဦးလည်း ထိခိုက်ဒဏ်ရာရခဲ့သည်။ ဗလုံကျေးရွာရှိ အိမ်ခြေ ၁၅၀ခန့်သည်လည်း မီး လောင်ပျက်စီးခဲ့သည်။
“ မီးလောင်ပြီးသေသွားတာက လေဖြတ်နေတဲ့ အမျိုးသမီးက တစ်ဦးတည်းပဲ။ အသက် ၇၀ကျော် ဒေါ်ခင်ဝေ လို့ ခေါ်တယ်” ဟု ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။
မြင်းခြံအခြေစိုက် ပြည်သူ့စစ်အဖွဲ့များနှင့် ရဲကွန်မန်ဒိုများပါဝင်သည့် အဖွဲ့ကလည်း အသက် ၄၀ အရွယ် ဗလုံရွာခံ အမျိုးသားတစ်ဦးကို ခေါင်းဖြတ်သတ်ခဲ့သည်ဟု ထိုသူက ဆိုသည်။
“သူ့ရဲ့အိမ်က ရွာမြောက်ဘက်က ဝင်လိုက်ရင် တစ်အိမ်နှစ်အိမ်လောက်ပဲ ကျော်တာဆိုတော့ (ရွာထဲ ပြန်ဝင်ပြီး) အိမ်ကိုသွားကြည့်တာ၊ မြင်တာနဲ့ ဘာမှမမေးဘဲ ဖမ်းပြီး သတ်လိုက်တာ၊ ခေါင်းဖြတ်ပြီး အနောက်မြောက် ရွာအဝင် တံခါးပေါက်နားမှာ ထားခဲ့တယ်” ဟု အဆိုပါအမျိုးသားက ရွာခံများကို ကိုးကား၍ ပြောသည်။
အခြားစစ်ကြောင်းတစ်ခုကလည်း မြင်းခြံမြို့အရှေ့မြောက်ဘက် လေးမိုင်ခန့်အကွာ စံပြကျေးရွာဘက်မှ တက်လာခဲ့ပြီး သြဂုတ်လ၊ ၄ ရက်နေ့တွင် မြောက်ကုန်းရွာ၌ ကိုယ်ဝန်ဆောင်အမျိုးသမီး တစ်ဦး၊ ၁၀ နှစ် အရွယ် မိန်းကလေးငယ် တစ်ဦး အပါအဝင် သုံးဦးကို သတ်ဖြတ်ခဲ့သည်။
လက်ရှိတွင် အဆိုပါ စစ်ကြောင်းများသည် ခင်မကန်ရွာနှင့် တဲရွာအပြင် စံပြရွာတွင်လည်း ဖြန့်ကျက်တပ်စွဲ ထားသည်ဟု သိရသည်။
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်းရှိ ရန်ကုန်- မန္တလေးအမြန်လမ်းသစ်ပေါ်သို့ တော်လှန်ရေးတပ်များ စစ်ရေးလှုပ်ရှားမှုများ ရှိလာပြီးနောက် နွားထိုးကြီးမြို့နယ်နှင့် မြင်းခြံမြို့နယ်အကြား ကျေးရွာများကို ယခု လဆန်းမှ စတင်၍ စစ်တပ်နှင့် ပြည်သူ့စစ်များ ပူးပေါင်းပြီး စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။
စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် မြင်းခြံမြို့နယ်အတွင်း သစ်ပင်ရှည်၊ စံပြ၊ သမုန်းကိုင်း၊ ကန်ဆင့် (မြောက်)ရွာနှင့် (တောင်)ရွာ ၊ဗလုံ၊ သဲတော၊ ခင်မကန်၊ မြောက်ကုန်း၊ တဲရွာနှင့် ညောင်ပင်၊ ကျောက်ပြုတ်၊ ဓူဝံ စသည့် ရွာပေါင်း ၁၃ ရွာမှ ဒေသခံ နှစ်သောင်းခန့် စစ်ရှောင်နေရသည်မှာ သီတင်းပတ် နှစ်ပတ်ခန့် ရှိလာပြီ ဖြစ်သည်။
မြင်းခြံခရိုင်သည် စစ်တပ်က လက်နက်တပ်ဆင်ပေးထားသော ပြည်သူ့စစ်များ အားကောင်းသည့် ဒေသ တစ်ခုလည်း ဖြစ်သည်။

စစ်တပ် တိုက်ခိုက်ခံရ
မြင်းခြံမြို့နယ် ကျေးရွာများကို စီးနင်းပြီး အရပ်သားများအား သတ်ဖြတ်နေသည့် စစ်တပ်ကို ဒေသတွင်း တော်လှန်ရေးအင်အားစုများက ပူးပေါင်း တိုက်ခိုက်ခဲ့သလို မြို့မြောက်ဘက်မှ “ တလုတ်မြို့” ကျေးရွာ အခြေစိုက်၊ စစ်တပ်စခန်းတစ်ခုကိုလည်း ဝင်ရောက်တိုက်ခိုက်ခဲ့ကြသည်။
ထိုတိုက်ခိုက်မှုများအတွင်း စစ်တပ်ဘက်က သေဆုံးမှုများရှိသလို တော်လှန်ရေးတပ်များဘက်မှလည်း ခြောက်ဦးထက်မနည်း ကျဆုံးကာ ထိခိုက်ဒဏ်ရာရမှုများလည်း ရှိခဲ့သည်ဟု သိရသည်။
သြဂုတ်လ၊ ၁ ရက်နေ့က စတင်၍ သမုန်းကိုင်းရွာအနီး ငါးရက်နီးပါး တိုက်ပွဲတွင် ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF)၏ အမှတ် (၉) မြင်းခြံခရိုင်တပ်ရင်း (Black Tiger) မှ လေးဦးနှင့် ဒေသခံအဖွဲ့ဝင် (Local) တစ်ဦးကျဆုံးခဲ့သည်။
“ သမုန်းကိုင်းမှာလည်း တိုက်ပွဲက တော်တော်လေးပြင်းထန်တယ်။ ဂျိုင်ရိုကော်ပတာ (Gyrocopter) ရော၊ Mi- 35 ရော၊ ဂျက်ဖိုက်တာနဲ့ပါ လာကြဲတာ။ Black Tiger က ရဲဘော် လေးယောက် ကျသွားတာက ဂျိုင်ရို ကော်ပတာနဲ့ လာကြဲလို့ ကျသွားတာ။ နောက် Local တစ်ဦးက လက်နက်ကြီးမှန်ပြီး ကျသွားတာပါ” ဟု တော်လှန်ရေးအဖွဲ့နှင့် နီးစပ်သူ အမျိုးသားက ဆက်ပြောသည်။
စစ်တပ် ဝါဒဖြန့်အွန်လိုင်းစာမျက်နှာများတွင် စစ်တပ်က မြင်းခြံမြို့နယ်အတွင်း Black Tiger အဖွဲ့စခန်း အပါအဝင် စီးနင်းမှုများ လုပ်ဆောင်ခဲ့သည်ဟု ဖော်ပြထားသည်။
စစ်တပ်အင်အားသုံးစီးနင်းနေမှုကြောင့် စခန်းအချို့လက်လွှတ်ခဲ့ရသည်မှာ မှန်ကန်ကြောင်း မြင်းခြံ Black Tiger အဖွဲ့ တာဝန်ခံ ဗိုလ်မိုက်ခဲက ပြောသည်။
“စခန်းတချို့လက်လွတ်လိုက်ရတာဟုတ်ပါတယ်။ သူတို့ပြောသလိုကြီးလည်းမဟုတ်ပါဘူး။ မြေပြင်မှာ ထိတွေ့တိုက်ပွဲတွေက မကြာခဏဆိုသလိုဖြစ်နေတာ။ လုံးလုံးလွတ်ပေးလိုက်တာတော့မဟုတ်ဘူး။ ခဲယမ်းပြတ်တောက်မှုကြောင့် ကျွန်တော်တို့ ခွာစစ်အနေထားပဲလုပ်ပေးလိုက်တာ။ လောလောဆယ် အနေထားမှာ ကျွန်တော်တို့ တန်ပြန်တိုက်စစ်တွေ ပြန်လုပ်နေတယ်။ ပြောက်ကျားစစ်တွေနဲ့လုပ်နေတာ တွေရှိတယ်”
စစ်ရေးအရ အရေးပါပြီး ဗျူဟာမြောက်နေရာဖြစ်သည့်အတွက် မြင်းခြံမြို့နယ်ကို နယ်မြေပြန်လည် စိုးမိုးနိုင်ရေး စစ်တပ်က အင်အားအများပြားဖြင့် ထိုးစစ်ဆင်နေခြင်းဖြစ်နိုင်ကြောင်း ဗိုလ်မိုက်ခဲက သုံးသပ်သည်။
ဗလုံရွာ မီးရှို့ခံရသည့် ဩဂုတ်လ၊ ၉ ရက်နေ့၊ တစ်ရက်တည်းတွင် မြင်းခြံမြို့မှ ထွက်လာပြီး ကျောက်ရန်- ဖောင်းကားရွာမှ တဆင့်လာသည့် စစ်ကြောင်းတစ်ခုနှင့် ကံဆင့်(မြောက်) ရွာအနီးအရောက်တွင် တိုက်ပွဲပြင်းထန် ခဲ့သည်ဟု တော်လှန်ရေးအဖွဲ့များနှင့် နီးစပ်သည့်ဒေသခံတစ်ဦးက ပြောသည်။
“တောထဲမှာ တိုက်ပွဲဖြစ်တာ ရင်း- ၉ (Black Tiger)၊ Zero ပြောက်ကျားအဖွဲ့နဲ့ ခရိုင်ပကဖ သုံးဖွဲ့ ပေါင်းပြီး ခုခံကာကွယ်တာ တော်တော်ကြာတယ်။ လေယာဉ်နဲ့လည်း အကြာကြီး တစ်နာရီလောက် ကြဲသွားတာ။ တစ်သက်နဲ့တစ်ကိုယ် အပြင်းထန်ဆုံးပဲ”
ကန်ဆင့်(မြောက်)ရွာ တိုက်ပွဲတွင် တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ပြီး စစ်တပ်၏ လက်နက်ကြီးနှင့် လေကြောင်းပစ်ကူများကြောင့် တော်လှန်ရေးတပ်များ ပြန်ဆုတ်လိုက်ရသည်ဟု သိရသည်။
“ကံဆင့်မြောက်ရွာမှာဆိုရင် PDF တပ်ရင်း-၁၊ ၃၊ ၇၊ ၈၊ ၉ အကုန်လုံးလာကြတယ်။ တိုက်ပွဲက သုံး၊ လေး နာရီလောက် ကြာတယ်။ စစ်ကောင်စီဘက်ကလည်း အထိအခိုက်များတယ်။ မိုင်းလည်း မိတယ်လေ။ လက်နက်ကြီး ပစ်ကူရော၊ လေယာဉ်ရောဆိုတော့ အင်အားပိုသာလို့ ဆုတ်ပေးလိုက်ရတာ၊ တော်လှန်ရေး တပ်ဖွဲ့တွေက လက်နက်ခဲယမ်းပြည့်စုံမှု နည်းတယ်၊ မယှဉ်နိုင်ဘူးပေါ့။ အဓိက က ခဲယမ်း၊ ကျည်ဆန် နည်းသွားတာ” ဟု အထက်ပါဒေသခံ အမျိုးသားက ဆက်ပြောသည်။
အဆိုပါစစ်ကြောင်းသည် ကံဆင့်(မြောက်) ရွာကို ဝင်ရောက်ခဲ့ပြီး ထိုမှတဆင့် မြင်းခြံ- နွားထိုးကြီး မြို့နယ်၊ နယ်စပ်ရှိ လက်သမားကန်ရွာတွင် လှုပ်ရှားနေဆဲဖြစ်သည်ဟု တော်လှန်ရေးအဖွဲ့များက ပြောသည်။
“တလုတ်မြို့”ရွာတိုက်ပွဲ
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်အရှေ့ဘက်ကို စစ်တပ်က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေစဉ် မြို့မြောက်ဘက်ရှိ စစ်တပ်အထိုင် စခန်းတစ်ခုအား ဩဂုတ်လ၊ ၉ ရက်နေ့တွင် တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်ခဲ့သည်။
မြင်းခြံမြို့မြောက်ဘက်၊ ရှစ်မိုင်ခန့်အကွာ မြင်းခြံ- ဆီမီးခုံလမ်းပေါ်ရှိ “တလုတ်မြို့”ရွာတွင် တပ်စွဲထား သည့် စစ်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ယင်းနေ့၊ နံနက် ၆ နာရီ ဝန်းကျင်တွင် သုံးနေရာ ခွဲပြီး ဝင်ရောက်စီးနင်းခဲ့ရာ နေ့တစ်ဝက်နီးပါး တိုက်ပွဲပြင်းထန်ခဲ့သည်။

စခန်းသိမ်းနိုင်ရေး ရည်ရွယ်ခဲ့သော်လည်း စစ်တပ်ဘက်က စစ်ကူအင်အားနှင့် လေကြောင်း တိုက်ခိုက်မှုများအပြင် တော်လှန်ရေးအင်အားစုများဘက်မှ လက်နက်ခဲယမ်း အခက်အခဲကြောင့် နောက်ဆုတ်ခဲ့ရကြောင်း တိုက်ပွဲတွင် ပါဝင်သည့် CDSOM ဗိုလ်စကြာ်စစ်ကြောင်းမှ ရဲဘော်စမာ က ပြောသည်။
မြင်းခြံမြို့ဘက်မှ ကား လေးစီးဖြင့် စစ်ကူအင်အား ၁၀၀ နီးပါး လာရောက်သလို အဝေးပစ် လက်နက်ကြီး (ဟောင်ဝစ်ဇာ)များ၊ လေကြောင်းတိုက်ခိုက်မှုများဖြင့် အပြင်းအထန်ခုခံခဲ့သည်။
“အခြေအနေက သိမ်းလုသိမ်းခင် အခြေအနေမှာ မြင်းခြံဘက်က ဟောင်ဝစ်ဇာ ပစ်အားတွေရော၊ ဂျိုင်ရို ကော်ပတာတွေရော၊ MI 35 တွေရော။ ရလုဆဲဆဲ အခြေအနေမှာ သူတို့က ဟိုဘက်က အကူတွေ တအား တောင်းလိုက်တော့ အခြေအနေအရ နည်းနည်းနောက်ဆုတ်ခဲ့ရတယ်”ဟု တိုက်ပွဲတွင် ပါဝင်သည့် PDF (တလုတ်) မှ တာဝန်ရှိသူ ဗိုလ်သိန်းမောင်က ပြောသည်။
နိုင်ငံအနှံ့ စစ်မျက်နှာဖွင့်ကာ နေ့စဉ်နီးပါး လေကြောင်းတိုက်ခိုက်မှု လုပ်နေသည့် စစ်တပ်သည် အင်ဂျင်တပ် လေထီး (စက်တပ် လေထီး/ပါရာမော်တာ)များကို ၂၀၂၄ နှစ်ကုန်ပိုင်း၌ မြန်မာနိုင်ငံအလယ်ပိုင်းတွင် စတင်သုံးစွဲခဲ့ပြီးနောက် ယခုနှစ်၊ နှစ်လယ်မှ စတင်ပြီး ဂျိုင်ရိုကော်ပတာ (gyrocopter) များကိုပါ အသုံးပြုလာကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။
“စက်တပ်လေထီးက မိုးရွာတာ၊ လေတိုက်တာတို့ ကြမ်းရင် ပျံလို့မရဘူး။ ဒီကောင် (ဂျိုင်ရိုကော်ပတာ) က ပါရာမော်တာထက် မြင့်တယ်။ အမြင့်ကြီးထိ ပျံလို့ရတယ်။ တော်လှန်ရေးဘက်က ပွိုင့်ဖိုက်နဲ့ ပစ်မှာစိုးလို့ အမြင့်ကြီးပျံတာ။ သေးသေးလေးပဲ မြင်ရတယ်။ ၈၁ (ဗုံးသီး) တွေ ပစ်ချတာ။ တစ်ခါချရင် ခြောက်လုံးတွဲကြီးတွေ ချတာ” ဟု ရဲဘော်စမာက ပြောသည်။
မြင်းခြံမြို့နယ်အတွင်း လတ်တလော ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် စစ်တပ်ဘက်မှ အဆင့်မြင့်ဒရုန်းများ အပြင် ဗုံးသီးများ ပိုမိုတင်ဆောင်နိုင်သည့် ဂျိုင်ရိုကော်ပတာများလည်း အသုံးပြုလာသည်ဟု သိရသည်။
တလုတ်မြို့တွင် အထိုင်ချထားသည့်စခန်းကို သိမ်းပိုက်နိုင်ရေး ယခုနှစ်၊ ဖေဖော်ဝါရီလတွင် တော်လှန်ရေး အင်အားစုများက တိုက်ခိုက်ခဲ့သော်လည်း စစ်တပ်က လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်မှုကြောင့် မအောင်မြင်ဘဲ နောက်ဆုတ်ခဲ့ရသည်။
တလုတ်ဒေသခံများသည် ဖေဖော်ဝါရီလ၊ တိုက်ပွဲကတည်းက စစ်ဘေးတိမ်းရှောင်နေရပြီး ရွာထဲတွင် စစ်တပ်က ဖြန့်ခွဲ တပ်စွဲထားသည်။
အိမ်ခြေ ၁၂၀၀ ကျော်ရှိသည့် “ တလုတ်မြို့”ကျေးရွာတွင် ဖေဖော်ဝါရီလနှင့် ဩဂုတ်လအတွင်း တိုက်ပွဲများကြောင့် ရွာ၏ ထက်ဝက်ကျော်မှာ ပျက်စီးခဲ့ရသည်။
“အနီးဆုံး ခန့်မှန်းကြည့်တာက အိမ်ခြေ ၈၀၀ ဝန်းကျင်လောက် မီးထဲပါသွားတယ်လို့ ခန့်မှန်းလို့ရတယ်။ ဒီတစ်ခေါက်က ၃၀၀ ဝန်းကျင်လောက်တော့ ပါမယ်။ အရင်တစ်ခေါက်ကလည်း ၅၀၀ ဝန်းကျင်လောက် ပါမယ်” ဟု ဗိုလ်သိန်းမောင်က ပြောသည်။
တလုတ်တိုက်ပွဲအတွင်း စစ်တပ်ဘက်မှ ပစ်ခတ်သည့်လက်နက်ကြီးကြောင့် တော်လှန်ရေးအင်အားစုများ ဘက်မှ တပ်ဖွဲ့ဝင် လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိသည်ဟု တော်လှန်ရေးအင်အားစု များက ထုတ်ပြန်သည်။ စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုနှင့်ပတ်သက်ပြီး Myanmar Now အနေဖြင့် သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။




