တအာင်းတပ် (TNLA) ထိန်းချုပ်ထားသည့် နောင်ချိုမြို့အား ထိုးစစ်ဆင် သိမ်းပိုက်ခဲ့သည့် စစ်တပ်က အစ္စလာမ်ဘာသာဝင်များ ဝတ်ပြုရာ ဗလီ၊ ဂေါ်ရခါးလူမျိုးများ၏ ဓမ္မသာလတည်းခိုရိပ်သာနှင့် အရပ် သားနေအိမ် ၂၀ ကျော်ကို ချိပ်ပိတ်ထားသည်ဟု ဒေသခံများထံက သိရသည်။
ယခုနှစ် ဇူလိုင် ၁၆ ရက်နေ့ နောင်ချိုမြို့ထဲ စစ်တပ် ပြန်ဝင်ပြီးနောက် TNLA, PDF များနှင့် ဆက်စပ်သည်ဟု ဆိုကာ အဆိုပါအဆောက်အအုံများအား လိုက်လံချိပ်ပိတ်ခဲ့ခြင်းဖြစ်သည် ဟု နောင်ချိုဒေသခံများက ဆိုသည်။
“အရင်းဆုံး ဗလီကိုပိတ်တာပဲ။ စည်းတံဆိပ်နဲ့ကို ချိပ်ပိတ်သွားတာ။ နောက်ပြီးတော့ ဂေါ်ရခါး ဘာသာရေးအဖွဲ့က ဖွင့်ထားတဲ့ တည်းခိုခန်းရော အောက်က ဆိုင်ခန်းတွေပါ ချိပ်ပိတ်ခံရတယ်။ ဗလီကို ကြတော့ ခွင့်ပြုချက်မရှိဘဲ ပြင်လို့ဆိုပြီး ပိတ်တာ” ဟု နောင်ချိုဒေသခံတစ်ဦးက ပြောသည်။
ရွှေဆိုင်၊ ဓာတ်ဆီဆိုင်များလည်း စစ်တပ်၏ချိပ်ပိတ်ခံရသည့် အထဲတွင် ပါသည်ဟု နောင်ချိုဒေသခံ နောက်တစ်ဦးကလည်း ဆိုသည်။
“အောင်ကျော်စိုး ရွှေဆိုင်ပါတယ်။ အဲ ရွှေဆိုင်ဆိုတာ လေးထပ်တိုက်ကြီး ဆောက်ထားတာတောင် မကြာသေးဘူး။ ချိပ်ပိတ်လိုက်တာ။ PDF တွေနဲ့ ဆက်စပ်လို့ဆိုပြီး တိုင်တဲ့သူရှိလို့ ပိတ်တာ။ အခု စစ်သားတွေက အဲမှာ နေကြတယ်။ ဆီဆိုင်တွေလည်း ချိပ်ပိတ်ခံရတဲ့အထဲမှာ”
TNLA ထိန်းချုပ်ခဲ့သော ကာလအတွင်း TNLA၊ PDF နှင့် ဆက်စပ်မှုရှိသည်ဟု စွပ်စွဲခံသူ ဒေသခံ အနည်းဆုံး ၂၀ ယောက်ဝန်းကျင်လည်း ဖမ်းဆီးစစ်ဆေးခံနေရသည်ဟု ဒေသခံများက ဆိုသည်။
“နောင်ချိုမှာ အရင်ထဲက ဒလန်တွေ ရှိတယ်။ ပြောရရင် စစ်တပ်သတင်းပေးတွေပေါ့။ လေကြောင်းနဲ့ ပစ်ခံရတာလည်း သူတို့လက်ချက်ပဲ။ အခုလည်း စစ်တပ် ပြန်ဝင်လာတော့ ဘယ်သူတွေက ဘာလုပ်ခဲ့ တယ်ဆိုတာမျိုး စစ်တပ်ကို သတင်းပေးတော့ အိမ်တွေ ချိပ်ပိတ်ခံရ၊ လူတွေ ဖမ်းပြီး အစစ်ခံရနဲ့ အဲလို ဖြစ်နေတာ” ဟု နောင်ချိုမြို့ခံ အခြားတစ်ဦးက ပြောသည်။
နောင်ချိုမြို့အား သိမ်းပိုက်ခဲ့သည့် စစ်ကောင်စီ တပ်သည် မိုးကုတ်-နောင်ချို လမ်းပိုင်းရှိ သုံးဆယ်ရွာ၊ ဟိုခိုရွာများအား ယခုလအတွင်း ဆက်လက် ထိုးစစ်ဆင်သိမ်းပိုက်ခဲ့ပြီး ဒိုးပင်ရွာသို့ ဆက်လက် ထိုးစစ် ဆင်နေသည်ဟု ဒေသခံများထံက သိရသည်။
ဟိုခိုနှင့် သုံးဆယ်ရွာများတွင်လည်း အရပ်သားနေအိမ်နှင့် ဆိုင်ခန်းတစ်ချို့အား စစ်တပ်က ချိပ်ပိတ် လိုက်သည်ဟု ဟိုခိုရွာခံတို့က ဆိုသည်။
“ဆိုင်အကြီးတွေပေါ့ဗျာ။ အရင်ကတည်းက ဖွင့်ထားကြတာတဲ့ ကုန်စုံဆိုင်တွေ၊ ကုန်မာ ဆိုင်တွေ လေး ငါးဆိုင်လောက် ရှိတယ် ချိပ်ပိတ်သွားတာ” ဟု ဟိုခိုရွာခံ တစ်ဦးကလည်း ပြောသည်။

စစ်တပ် ဝါဒဖြန့် မီဒီယာများတွင်လည်း နောင်ချိုတွင် TNLA၊ PDF တပ်ဖွဲ့နှင့် ဆက်စပ်သည့် နေအိမ် များအား ချိတ်ပိတ်လိုက်သည်ဟု ဖော်ပြကြသည်။
နေအိမ်များလိုက်လံချိပ်ပိတ်ရာတွင် ထွေအုပ်ဝန်ထမ်း၊ မီးသတ်ဝန်ထမ်း ရဲတပ်ဖွဲ့နှင့် စစ်သားများ ပါဝင်သည်ကို တွေ့ရသည်။
“၁၀၂၇ စစ်ဆင်ရေး” ဒုတိယလှိုင်း ဆင်နွှဲခဲ့သည့် ၂၀၂၄ ဇူလိုင် ၁၀ ရက်နေ့တွင် TNLA ဦးဆောင်သည့် မဟာမိတ်တပ်များက နောင်ချိုမြို့ပေါ်ကို သိမ်းပိုက်ပြီးနောက် မြို့၏ တောင်ဘက် ၁၈ မိုင်အကွာ အမှတ် (၉၀၂) အမြောက်တပ် ရှိရာ တောင်ခမ်းရွာထိ ထိန်းချုပ်နိုင်ခဲ့သည်။
ကိုးကန့် MNDAA တပ်ဖွဲ့က လားရှိုးမြို့အားသိမ်းပိုက်ပြီးနောက် အပစ်ရပ်ရန် မြောက်ပိုင်းညီနောင်သုံးဖွဲ့ အား တရုတ်နိုင်ငံက ဖိအားပေးသဖြင့် ၂၀၂၄ ဒီဇင်ဘာလတွင် ထိုးစစ်များရပ်မည် ဟု TNLA က ထုတ် ပြန်ခဲ့ရာ တောင်ခမ်းဒေသ ထိုးစစ်များလည်း ရပ်သွားခဲ့သည်။
၂၀၂၅ ဖေဖော်ဝါရီလကုန်ပိုင်းတွင် စစ်ကောင်စီတပ်က တောင်ခမ်း-အမတ ၉၀၂ မှ တပ်မ ၁၁၊ တပ်မ ၅၅ စစ်ကြောင်း နှစ်ကြောင်း၊ ပြင်ဦးလွင်မှ စစ်ကြောင်း တစ်ကြောင်းဖြင့် ပြန်ထိုးစစ်ဆင်ခဲ့ရာ ခြောက်လအကြာ ဇူလိုင် ၁၆ ရက်တွင် နောင်ချိုမြို့အား ပြန်လည် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်သည်။
နောင်ချိုအား သိမ်းပိုက်ခဲ့သည့် စစ်တပ်သည် မြို့တွင် စာသင်ကျောင်းများ၊ ဆေးရုံများ ပြန်ဖွင့်ကာ ဒေသခံများ နေရပ်ပြန်လာပြီဖြစ်ကြောင်း၊ လျှပ်စစ်မီးများပြန်လည်ရရှိကာ မြို့တွင်း၌ စည်ကားနေသည် ဟု ဝါဒဖြန့်သည်။
သို့ရာတွင် ယနေ့ (ဩဂုတ်လ ၁၄ ရက်) အထိ ဌာနဆိုင်ရာ ရုံးများ အပြည့်အဝ လည်ပတ်နိုင်ခြင်း မရှိသေးဘဲ၊ လျှပ်စစ်မီးများလည်း အပြည့်အဝ မရသေးဟု နောင်ချို မြို့ခံများက ဆိုကြသည်။
“မီးက ဌာနဆိုင်ရာ ရုံးတွေတောင် အပြည့်မရသေးပါဘူး။ မြို့ခံတွေလည်း တစ်ရာမှာ သုံးဆယ်လောက်ပဲ ပြန်လာရဲသေးတယ်။ ဘယ်အချိန် ဘာ ပြန်ဖြစ်မယ်ဆိုတာ ဘယ်သူမှ မပြောနိုင်ဘူး” ဟု အထက်ပါနောင်ချို မြို့ခံက ပြောသည်။
TNLA သိမ်းပိုက်ထားသည့် သီပေါ၊ ကျောက်မဲမြို့များအတွကက် လူဝင်မှုကြီးကြပ်ရေးရုံးများအား နောင်ချိုမြို့တွင် တွဲဖက်အနေဖြင့် ဖွင့်လှစ်ထားသည်ဟု ဒေသခံများက ပြောသည်။
မြို့တွင် လမ်းဆုံနှင့်နေရာအချို့၌ စစ်သားများက အမြဲ စောင့်ကြည့်နေပြီး ကျောင်းဆင်းချိန်နှင့် မနက်ပိုင်း ခဏသာ လူစည်ကားသည်ဟု ဒေသခံတို့ ဆိုသည်။
နောင်ချိုမြို့ပေါ်တွင် ရပ်ကွက် ၆ ခုရှိပြီး လူဦးရေ ၁၇၀၀၀ ကျော် နေထိုင်သည်။ တိုက်ပွဲကြောင့် မြို့ပေါ် ရပ်ကွက် ၆ ခုမှာ ဒေသခံများအပါအဝင် မြို့အနီးအနားရှိ ကျေးရွာများမှ ဒေသခံ ငါးသောင်းကျော် ကျောက်မဲမြို့နယ် နောင်ပိန်ရွာနှင့် နီးစပ်ရာ မြို့များသို့ တိမ်းရှောင်ခဲ့ရပြီး လက်ရှိတွင် မြို့ခံ အချို့ နေရပ် ပြန်လာနေကြသည်။
Myanmar Now က စုစည်းထားသည့်စာရင်းများအရ တအာင်းတပ် (TNLA) ၊ ဓနုတပ် (DPLA) နှင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (MDY-PDF) တပ်ဖွဲ့များ ပူးပေါင်း၍ သိမ်းပိုက်ထားသည့် နောင်ချိုမြို့ရှိ အရပ်သားပစ်မှတ်များကို စစ်တပ်က ၂၀၂၄ စက်တင်ဘာလမှ စတင်ကာ ၂၀၂၅ ဇူလိုင်လ ၇ ရက်နေ့ အထိ (တစ်နှစ်နီးပါး) ကာလအတွင်း လေကြောင်းမှ အနည်းဆုံး အကြိမ်၂၀ ကျော် တိုက်ခိုက်ခဲ့သည်။
ထိုသို့ တိုက်ခိုက်မှုများကြောင့် သံဃာများ၊ ကလေးငယ်များနှင့် စစ်သုံ့ပန်းများ အပါအဝင် စုစုပေါင်း ၇၇ ဦး သေဆုံးခဲ့ပြီး၊ သံဃာ ၁၆ ပါးအပါအဝင် လူစုစုပေါင်း ၁၁၂ ဦး ဒဏ်ရာရခဲ့သည်။
လေကြောင်း တိုက်ခိုက်ခံရသည့် နေရာများသည် TNLA၊ PDF တပ်ဖွဲ့များနှင့် ဆက်စပ်သူ များ၏ နေအိမ်များ ဖြစ်သည်ဟု စစ်တပ်ဝါဒဖြန့်မီဒီယာများ ရေးသားဖြန့်ဝေထားသည်။
နောင်ချိုမြို့သည် တရုတ်-မြန်မာ နယ်စပ် ကုန်သွယ်ရေးအတွက် အရေးပါသည့် လမ်းကြောင်းပေါ်တွင် ရှိသည့် အရေးပါသည့် မြို့ကြီးတစ်ခု ဖြစ်သည်။




