သတင်း

စစ်ရှောင်များရှိသည့် မိုးကုတ်ဘုန်းကြီးကျောင်း ဗုံးကြဲခံရပြီး ၂၁ ဦး သေ၊ ၇ ဦး ပျောက်ဆုံး

စစ်ရှောင်များခိုလှုံနေသော ဘုန်းကြီးကျောင်းတစ်ခု ညအချိန် ဗုံးကြဲခံရပြီး တစ်ညအတွင်း လူ ၂၀ ကျော် သေဆုံးမှုများကြောင့် မိုးကုတ်ဒေသခံအများအပြား စိုးရိမ်ထိတ်လန့်ကာ တိမ်းရှောင်မှုများရှိနေသည်။

မန္တလေးတိုင်း၊ မိုးကုတ်မြို့တွင် ယမန်နေ့၊ (ဩဂုတ်လ၊ ၁၄ ရက်နေ့) ညက စစ်ဘေးရှောင်များ ခိုလှုံ နေထိုင်နေသည့် ဘုန်းကြီးကျောင်း လေကြောင်း ဗုံးကြဲခံရပြီး ကလေးများ၊ ကိုယ်ဝန်ဆောငိအမျိုးသမီး တစ်ဦး အပါအဝင် ဒေသခံ ၂၁ ဦး သေဆုံးခဲ့ပြီး ခုနစ်ဦး ပျောက်ဆုံးနေသည်ဟု မိုးကုတ်မြို့ဒေသခံနှင့် စစ်ရေးရင်းမြစ်များထံက သိရသည်။

ယမန်နေ့၊ ည ၈ နာရီခွဲခန့်က မိုးကုတ်မြို့အရှေ့ပိုင်း၊ လင်းရောင်ခြည်ဘုန်းကြီးကျောင်းကို တိုက်ခိုက်ရေး လေယာဉ်တစ်စီးက ဗုံးကြဲချခဲ့ခြင်းဖြစ်သည်၊ သက်လတ်ပိုင်းအရွယ် မြို့ခံအမျိုးသား တစ်ဦးက Myanmar Now ကို ပြောသည်။

“ညကဖြစ်ပြီးတော့ မိနစ်နှစ်ဆယ်ကျော် ကျွန်တော်တို့ရောက်တဲ့အချိန်မှာ ခြောက်လောင်းကို ကောက် လိုက်နိုင်တယ်” 

ညအချိန်တွေ့ရှိသည့် ကိုးဦးမှာ နေရာမှာပင် သေဆုံးခဲ့ပြီး ယနေ့၊ နံနက် ၁၀ ဦး အလောင်းထပ်တွေ့ရကာ ဒဏ်ရာရ လူနာ ငါးဦးအနက်မှ အမျိုးသားနှစ်ဦး သေဆုံးခဲ့သောကြောင့် ယနေ့ မွန်းလွဲ ၁ နာရီတွင် သေဆုံးသူ ၂၁ ဦး ရှိလာပြီဟု တအာင်းတပ် (TNLA) နှင့် နီးစပ်သူ စစ်ရေးသတင်းရင်းမြစ် အမျိုးသားတစ်ဦးက ပြောသည်။ 

“ညက (သေဆုံးသူ) ကိုးယောက်အထိရှိတယ်။ ဒီမနက် ၁၀ ယောက် ထပ်တွေ့တယ်။ လူနာ ငါးယောက် က နှစ်ယောက်သေသွားလို့ ၂၁ ယောက်ဖြစ်သွားတာ” 

ကိုယ်ဝန်ဆောင်အမျိုးသမီး မီးဖွားရန် ဖြစ်နေသဖြင့် ဆရာဝန်သွားခေါ်စဉ် လူနာစောင့်သူများပါ ရောက်ရှိ နေကြရာ ဗုံးကျရောက်ပေါက်ကွဲချိန် အထိအခိုက်များခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

“အမျိုးသမီးတစ်ဦးက ကလေးမွေးဖို့အတွက် သတင်းလာမေးသူတွေနဲ့ လာစောင့်သူတွေ စုနေတာ၊ ကလေး မမွေးနိုင်လို့ ဆရာဝန်သွားခေါ်‌နေတဲ့အချိန် ဗုံးလာကြဲသွားတာ”ဟု ၎င်းက ဆက်ပြောသည်။ 

ထိခိုက်ဒဏ်ရာရရှိသူ များပြားပြီး  ဒေသခံခုနစ်ဦး ပျောက်ဆုံးနေသည့်အတွက် ရှာဖွေကယ်ဆယ်ရေးများ ဆက်လက် လုပ်ဆောင်နေသော်လည်းလေကြောင်းရန် စိုးရိမ်နေရသေးသောကြောင့် ရှာဖွေရေးများ ခက်ခဲနေသည်ဟု အထက်ပါမြို့ခံအမျိုးသားက ပြောသည်။

“ညကလည်း လေယာဉ်နှစ်စီး ဝဲသွားတယ်။ ခုမနက်လည်း သုံးစီး ဝဲသွားတယ် ။ အဲဒီလိုမျိုးတွေ ဖြစ်နေတဲ့ အတွက် ကျွန်တော်တို့ရှာဖွေရေးမှာ နည်းနည်းလေးခက်တယ်ဗျ။ ဖြစ်တဲ့ဟာက တောင်ကုန်းပေါ်မှာ ဆိုတော့ သွားရေးလာရေးလည်း ခက်တယ်ဗျ” ဟု ၎င်းက ဆက်ပြောသည်။

အရပ်သားစစ်ရှောင်များကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းဖြစ်ပြီး မကြာသေးခင်ကလည်း မြို့အရှေ့ပိုင်း၊ ကျောက်နဂါးရွာ၊ ဘုန်းကြီးကျောင်းကိုလည်း လေကြောင်းမှ တိုက်ခိုက်ခဲ့သည်ဟု ၎င်းကဆိုသည်။

ဩဂုတ်လ၊ ၉ ရက်နေ့၊ ညနေ ၆ နာရီ ၃၀ မိနစ် ခန့်က မြို့အရှေ့ပိုင်း၊ ကျောက်နဂါးကျေးရွာ ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပေါ်သို့ တိုက်ခိုက်ရေးလေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးနှစ်ဦး ၊ သက်ကြီးရွယ်အို တစ်ဦး၊ ကိုရင်တစ်ပါးအပါအဝင် ငါးဦးသေဆုံးခဲ့ပြီး ရဟန်းတစ်ပါးအပါအဝင် လေးဦး ဒဏ်ရာရရှိခဲ့သည်။

ကျောက်နဂါးကျေးရွာ ဘုန်းကြီးကျောင်းလေကြောင်းမှတိုက်ခိုက်ခံရပြီးနောက် တွေ့ရစဉ်။ (ဓာတ်ပုံ- ပေးပို့)

မိုးကုတ်မြို့အနောက်ပိုင်း၊ ကျပ်ပြင်ရပ်တွင် တော်လှန်ရေးတပ်ဖွဲ့အများအပြား အခြေစိုက်ရာ ထိုတပ်ဖွဲ့ များကို ဦးတည်သော တိုက်ခိုက်မှုများလည်း စစ်တပ်က ပြုလုပ်နေသည်။

ဩဂုတ်လ၊ ၂ ရက်နေ့ က ပြင်ဦးလွင်ခရိုင်၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့၏ ရုံးတစ်ခုနေရာအနီး လေကြောင်း တိုက်ခိုက်ခံရမှု ဖြစ်ပွားခဲ့ပြီး အနီးရှိ ဈေးတွင် လူစည်ကားချိန် ဖြစ်သည့်အတွက် ရဟန်း တစ်ပါး၊ ကလေး တစ်ဦး၊ အမျိုးသား ၁၀ ဦး သေဆုံးခဲ့ပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

တအာင်းတပ် (TNLA) ထိန်းချုပ်သော မိုးကုတ်မြို့ကို စစ်တပ်က ပြန်ရရန် ကြိုးပမ်းနေရာ နောင်ချို- မိုးကုတ်လမ်းအတိုင်း မြေပြင်ထိုးစစ်ဆင်နေသလို ယခင်လဆန်းမှ စတင်၍ လေကြောင်းတိုက်ခိုက်မှု  ဆက်တိုက်လုပ်နေသည်။ 

လေကြောင်းတိုက်ခိုက်မှုများ အဆက်မပြတ်လုပ်ဆောင်နေရာ ဇူလိုင်လဆန်းမှ ဩဂုတ်လ၊ ၁၄ ရက်နေ့အထိ ကိုးကြိမ် တိုက်ခိုက်ခံရသည်။ ယင်းကဲ့သို့ တိုက်ခိုက်ခံရမှုတွင်  သံဃာ၊ ကလေးငယ်များအပါအဝင် ၃၂ ဦး သေဆုံးခဲ့သည့်အပြင် လူ ၅၀ ကျော်ဒဏ်ရာရရှိပြီး ပျောက်ဆုံးသူများလည်း ရှိနေသည်ဟု TNLA ထံက သိရသည်။

ဇူလိုင်လအတွင်း ခြောက်ကြိမ်၊ ယခုလအတွင်း သုံးကြိမ် စုစုပေါင်း ကိုးကြိမ်လေယာဉ်ဖြင့် ဗုံးကြဲခဲ့စဉ် ထိုသို့သေဆုံးမှုများပေါ်ပေါက်ခဲ့ပြီး ဘုန်းကြီးကျောင်းနှင့် လူနေအဆောက်အအုံ ၅၀ နီးပါး ပျက်စီးခဲ့သည် ဟု TNLA က ဆိုသည်။

ကမ္ဘာကျော်ပတ္တမြားအပါအဝင် အဖိုးတန်ကျောက်မျက်များထွက်ရှိရာ မန္တလေးတိုင်း၊ မိုးကုတ်မြို့ကို တအာင်းတပ်မတော်(TNLA)အပါအဝင် တော်လှန်ရေးပူးပေါင်းတပ်များက ၂၀၂၄ ခုနှစ်၊ “ ၁၀၂၇ စစ်ဆင်ရေး”ဒုတိယပိုင်းအတွင်း သိမ်းပိုက်ထိန်းချုပ်ထားခြင်းဖြစ်သည်။

စစ်တပ်သည် မိုးကုတ်မြို့၊ နောင်ချိုမြို့အပါအဝင် မြို့ ငါးမြို့ကို ပြန်ပေးရန် တရုတ်အကူအညီဖြင့် TNLA ထံ တောင်း ဆိုခဲ့စဉ် TNLA က ငြင်းဆန်ခဲ့ပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့ကို စတင် ပစ်မှတ်ထား ခဲ့သည်။

မိုးကုတ်ကိုခြိမ်းခြောက်

လေကြောင်းပစ်ကူ၊ မြေပြင်ထိုးစစ်များဖြင့် နောင်ချိုမြို့ကို ပြန်လည်ရယူသွားခဲ့ပြီးနောက် စစ်ကော်မရှင်တပ်၏ ထိုးစစ်သည်  မိုးကုတ်မြို့ကို ခြိမ်းခြောက်နေသည်။

 မိုးကုတ်မြို့ကို ၂၀၁၉ ခုနှစ် ဇန်နဝါရီလအတွင်းက မြင်တွေ့ရစဉ် (ဓာတ်ပုံ- တင်ထက်ပိုင်)

“စစ်ရေးအရလည်း မိုးကုတ်က တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေနဲ့ PDFအဖွဲ့ပေါင်းစုံနဲ့ နယ်နိမိတ်ချင်း ထိစပ်တဲ့နေရာ ဖြစ်တဲ့အတွက် တော်တော်လေး အရေးပါတယ်။ စကစနဲ့ သူ့ရဲ့ခရိုနီတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့နဲ့ စစ်တပ်အတွက် အသုံးစရိတ်တွေအတွက်လည်း မိုးကုတ်ဟာ အရေးပါတယ်လို့မြင်တယ်” ဟု တအာင်းအရပ်ဘက်အမျိုးသမီးအဖွဲ့ကလည်း Myanmar Now ကို ယမန်နေ့က ပြောသည်။

“မိုးကုတ် ကနေ မန္တလေးအထိ စစ်မျက်နှာဖွင့်သွားနိုင်မယ်ဆိုရင် စစ်ရေးအရလည်း စကစဘက်က စိုးရိမ်စရာဖြစ်တယ်”ဟု ထိုအဖွဲ့မှ တာဝန်ရှိသူ အမျိုးသမီးတစ်ဦးက ဆိုသည်။ 

ပတ္တမြားကဲ့သို့သော အဖိုးတန် သယံဇာတ အများအပြား ထွက်ရှိပြီး တရုတ်- မြန်မာနယ်စပ် ကုန်သွယ်ရေး လမ်းများနှင့် ချိတ်ဆက်နေသလို ရှမ်းမြောက်နှင့် မန္တလေးတိုင်း ဆက်သွယ်ထားရာ မိုးကုတ်မြို့သည် စစ်ရေးဗျူဟာအရလည်း  အချက်အချာကျသည်။

မိုးကုတ်မြို့ကို စစ်တပ် ပြန်ရသွားပါက မိုးကုတ်မြို့အရှေ့ဘက်၊ TNLA ထိန်းချုပ်မြို့များကို ခြိမ်းခြောက်နိုင်မည် ဖြစ်သလို မိုးကုတ်မြို့အနောက်ဘက်၊ သပိတ်ကျင်းမြို့မှတဆင့် ဧရာဝတီမြစ်အရှေ့ခြမ်း၊ တော်လှန်ရေး စိုးမိုးနယ်မြေများကို စစ်တပ်က ထိုးဖောက်ဝင်ရောက်နိုင်မည်ဖြစ်သည်။

စစ်တပ်ဘက်က စစ်ရေးအရှိန်မြှင့်ပြင်ဆင်နေသလို TNLA ကလည်း ခုခံကာကွယ်ရန် စစ်ရှိန်မြှင့်ပြင်ဆင် နေသည့်အတွက် မိုးကုတ်ကို တော်လှန်ရေးအဖွဲ့များ လက်လွှတ်ရရန် မဖြစ်နိုင်သေးကြောင်း တအာင်း အမျိုးသမီးအဖွဲ့က ယူဆသည်။

မိုးကုတ်မြို့ စစ်တပ်လက်သို့ကျလျှင် မြန်မာ့တော်လှန်ရေးတစ်ခုလုံးအတွက် စိုးရိမ်ဖွယ်ရှိပြီး အထူးသဖြင့် နိုင်ငံ အလယ်ပိုင်း ဒေသများ၊ ရှမ်းမြောက်နှင့် ကချင်တို့တွင်လည်း စိုးရိမ်ဖွယ်ရှိသည်ဟု ဆိုသည်။

“ဒေသခံတွေအနေနဲ့လည်း စိုးရိမ်မှုအများကြီးရှိပါတယ်။လက်ရှိလည်း စကစ လေကြောင်းကြောင့် လူ သေဆုံးမှုနဲ့ နေအိမ်ဆုံးရှုံးမှုအများကြီး ရှိနေတဲ့အတွက် ထပ်ပြီးဆုံးရှုံးစရာမရှိတဲ့အပြင် ဘာလုံခြုံမှုမှမရှိတဲ့ ပြည်သူတွေဘဝ ဖြစ်နေပါပြီ”ဟု ၎င်းက ဆက်ပြောသည်။

မိုးကုတ်မြို့သာကျပါက အထက်ပိုင်းတော်လှန်ရေးနယ်မြေများကို စစ်တပ်က ပိုဖိအားပေးလာနိုင်တော့ မည်ဟု မိုးကုတ်ပကဖ ပြောရေးဆိုခွင့်ရှိသူကလည်း ပြောထားသည်။
လက်ရှိတွင် အာဏာသိမ်းစစ်တပ်၏ မြေပြင်ထိုးစစ်နှင့် ဝေဟင်တိုက်ခိုက်မှုများကြောင့် မိုးကုတ်ဒေသခံ အများစု ထိတ်လန့်နေကြပြီး  စစ်ဘေးရှောင်ထွက်ပြေးနေကြသူများလည်း ရှိနေသည်။

ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်း‌ရေးရုံး (UNOCHA) က စစ်ပွဲများကြောင့် မြန်မာနိုင်ငံတဝန်း နေရပ်စွန့်ခွာသူဦးရေသည် ၃ ဒသမ ၆ သန်း နီးပါးရှိပြီဟု ခန့်မှန်းထားကြောင်း ယမန်နေ့က ထုတ်ပြန်ထားသည်။

(ယနေ့ မွန်းလွဲ ၁ နာရီအထိ စာရင်းများအရ သေဆုံးသူအရေအတွက် ဖြည့်စွက်ထားပါသည်။)

Related Articles

Back to top button