အာဏာသိမ်းစစ်တပ်၏ ပိတ်ဆို့ကြောင့် ယနေ့(ဩဂုတ်လ၊ ၁၄ ရက်နေ့)၊ နံနက်မှစ၍ ထိုင်း- မြန်မာနယ်စပ် မြဝတီ၌ လောင်စာဆီပြတ်လပ်ပြီး ထိုင်းဘက်မှ တင်သွင်းမည့် ကုန်တင်ကားများလည်း နယ်စပ်တွင် ပိတ်မိနေသည်။
ကျားဖြန့်(အွန်လိုင်းငွေလိမ်လုပ်ငန်း) များ နှိမ်နှင်းရန် ထိုင်းဘက်က လောင်စာဆီပိတ်ပင်ထားသဖြင့် ပြည်မဘက်မှ ဆီများကို ဝယ်ယူအသုံးပြုရပြီး ယခုအခါ စစ်ကောင်စီက မြဝတီအတွက် ဆီခွဲတမ်းကို ပိတ်ပင်လိုက်ကြောင်း နယ်စပ်ကုန်သည်များနှင့် မြို့ခံများကပြောသည်။
တစ်ပြိုင်တည်းတွင် လိုင်စင်မဲ့ကုန်စည်များ စိစစ်မှုတင်းကျပ်လိုက်ခြင်းကြောင့် မြတီမြို့တစ်ဖက်ခြမ်း၊ မဲဆောက်မြို့ အမှတ် ၂ ချစ်ကြည်ရေးတံတားအနီးတွင် ကုန်တင်ကား ၅၀၀ ဝန်းကျင် ပိတ်မိနေကြောင်း အမည်မဖော်လိုသည့် မြဝတီမြို့ခံ ကုန်သည်တစ်ဦးက ပြောသည်။
“အောက်မှာလည်း ကားတွေ ဖမ်းမိတဲ့အခါကြတော့ ဒီအောက်က ဖမ်းမိတဲ့ကားတွေမှာပါတဲ့ ကုန်စည်တွေက ဘယ်ကလာလဲ၊ ဘယ်လိုဖြစ်လဲဆိုတဲ့ဟာကို စိစစ်တဲ့ပုံစံဖြစ်တော့ ဒီဘက်ကလည်း နည်းနည်းလေးကျပ်လိုက်တဲ့ ပုံစံဖြစ်မယ်။ အဲ့ဒါကြောင့် အဝင်မခံတာတော့ မဟုတ်ဘူး။ အဝင်တော့ခံတယ်။ စိစစ်ပြီး ခွင့်ပြုတဲ့ ပုံစံဖြစ်တော့ အရင်လိုမျိုး ဝင်ချင်သလို ဝင်လိုမရတဲ့ ပုံစံမျိုးဖြစ်သွားတယ်” ဟု ၎င်းက ပြောသည်။
ထိုင်းဘက်မှ တင်းသွင်းသည့် ကုန်စည်များထဲတွင် ဒေသသုံး အိမ်ဆောက်ပစ္စည်း၊ စားသောက်ကုန်နှင့် အခြားသောကုန်စည်များ ပါဝင်သည်။ စက်သုံးဆီပြတ်လပ်သွားခြင်းမှာ ဘားအံ ဆီခွဲတမ်းသာခွင့်ပြုပြီး မြဝတီအတွက် ဆီခွဲတမ်းကို ခွင့်မပြုတော့၍ ဖြစ်ကြောင်း ၎င်းက ပြောသည်။
ယနေ့၊ နေ့လယ်ပိုင်းအထိ ဒီဇယ်အနည်းငယ် ဝယ်ယူ၍ရသော်လည်း ကျန်ဆီများ ဝယ်ယူ၍မရတော့ဘဲ မြဝတီမြို့ပေါ်တွင် စက်သုံးဆီဆိုင်များ ပိတ်ထားကြောင်း နောက်ထပ် မြဝတီမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။
“ထိုင်းဘက်က ကျားဖြန့်ကိစ္စကတည်းက ပိတ်ထားတာ။ အခုချိန်ထိ မဖွင့်ဘူး။ အောက်က ပြည်မကနေ ပို့တာ၊ ဒေါနတောင် လမ်းဟောင်းကနေဖြတ်တာ။ အဲ့ဒါကို စစ်ကောင်စီဘက်က ဖြတ်ခွင့် မပေးတော့တာ။ ဘားအံလောက်တော့ ရမှာပေါ့။ ဘားအံကနေအကျော် ကော့ကရိတ်၊ မြဝတီဘက်လာမယ့် လမ်းကြောင်းမှာ ဆီကားတွေ ပေးမဖြတ်တော့တာ” ဟု ၎င်းက ပြောသည်။
လောင်စာဆီပိတ်ဆို့မှုကြောင့် ကုန်ဈေးနှုန်းပိုကြီးကာ အခက်အခဲတွေ့နိုင်ကြောင်း ၎င်းက ပြောသည်။
မြဝတီမြို့ ဆီပြတ်လပ်မှု၊ ကုန်တင်ယာဉ်များ ပိတ်ဆို့မှုနှင့်ပတ်သက်၍ စစ်ကော်မရှင်ခန့် ကရင်ပြည်နယ်၊ စီးပွားရေးဝန်ကြီး ဦးစောခင်မောင်မြင့်ကို ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိပေ။
မြန်မာသည် ပြည်ပသွင်းကုန်အမျာအပြား ဝယ်ယူအသုံးပြုရသော်လည်း စစ်ကော်မရှင်အသွင်ပြောင်း စစ်ကောင်စီသည် နိုင်ငံခြားငွေအကျပ်အတည်းကြောင့် ဆေးနှင့် ဆေးပစ္စည်းအပါအဝင် သွင်းကုန်များကို သွင်းကုန်လိုင်စင်ထုတ်မပေးခြင်းဖြင့် ထိန်းချုပ်ထားသည်။
တော်လှန်ရေးတပ်များ၏ ထိုးစစ်ဆင်တိုက်ခိုက်မှုကြောင့် နယ်စပ်ကုန်သွယ်ရေးဂိတ် အများအပြားကို စစ်ကောင်စီတပ်က လက်လွှတ်ဆုံးရှုံးထားရပြီး နယ်စပ်လမ်းကြောင်း အသီးသီးမှ ဝင်ရောက်လာသည့် သွင်းကုန်ပစ္စည်းများကို ၎င်းတို့ထိန်းချုပ်ဂိတ်များတွင် လိုင်စင်မဲ့ကုန်စည်ဟုဆိုကာ ဖမ်းဆီးနေသည်။
နယ်စပ်ဂိတ်များကို တော်လှန်ရေးတပ်များ ထိန်းချုပ်လာမှုကြောင့် ကုန်သွယ်ရေး အခွန်အခရရှိကာ တပ်အင်အားကြီးထွားလာနိုင်၍ ထိုသို့ ကုန်သွယ်မှုကို တရားမဝင်ကုန်သွယ်မှုများအဖြစ် ဖမ်းဆီးရန် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဩဂုတ်လ၊ ၁၂ ရက်နေ့၊ စစ်ကော်မရှင်အစည်းအဝေးတွင် ပြောဆိုခဲ့သည်။
ကရင်ပြည်နယ်မှ ထိုင်း- မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းကြောင်းဖြစ်သော အာရှလမ်းမကြီးပေါ်ရှိ ကျုံဒိုး- ကော့ကရိတ် လမ်းပိုင်းကို စစ်ကောင်စီတပ်က ဇူလိုင်လကုန်တွင် ပြန်လည်ထိန်းချုပ်ခဲ့ပြီး ထိုလမ်းကြောင်း မှ ထိုင်းနှင့် ကုန်သွယ်ရေး ပြန်စနိုင်ရန် မျှော်လင့်နေသည်။



