သတင်း

ပေါက်မြို့အနီး ကျေးရွာများတွင် လေကြောင်း၊ လက်နက်ကြီးကြောင့် ခြောက်ဦးသေဆုံး

ပေါက်မြို့အရှေ့ဘက် ၁၃ မိုင်ခန့်အကွာ ရေပြာကျေးရွာအနီး စစ်ကောင်စီယာဉ်တန်းရောက်ရှိလာပြီးနောက် လေတပ်က ဗုံးကြဲသလို မြို့အနောက်မြောက်ဘက် ကပစ-၂၄ မှ လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

အာဏာသိမ်းစစ်တပ်က နှစ်လနီးပါးထိုးစစ်ဆင်နေသော မကွေးတိုင်း၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်တွင် ပြီးခဲ့သည့်ရက်များက လေကြောင်းနှင့် လက်နက်ကြီးကြောင့် ကလေးငယ်များ၊ စစ်ရှောင်များအပါအဝင် အရပ်သားခြောက်ဦး သေဆုံးပြီး ၂၇ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ 

ဩဂုတ်လ  ၁၁ ရက်နေ့က စစ်တပ်၏ Y-12 အမျိုးအစား ထောက်ပို့လေယာဉ်ဖြင့် ပေါက်မြို့အရှေ့ဘက် နှင့်အရှေ့မြောက်ဘက် ကပျို၊ ရှခွလေး၊ သနပ္ပင်ဇင်းနှင့် ညောင်ပင်တိုက် စသော ကျေးရွာများကို ဗုံးများ ကြဲချခဲ့သောကြောင့် စစ်ရှောင်များနှင့် ရွာခံများထိခိုက်သေဆုံးမှုများပြားခဲ့သည်ဟု  အမျိုးသားညီညွတ် ရေးအစိုးရ (NUG) ၏ မြို့နယ်လူသားစာနာအဖွဲ့က ပြောသည်။ 

လေကြောင်းဗုံးကြဲမှုကြောင့် စစ်ရှောင်များဖြစ်သော ခြောက်နှစ်အရွယ် မိန်းကလေးတစ်ဦး၊ ကိုးနှစ်အရွယ် ယောကျာ်းလေးနှစ်ဦး၊ ၅၆ နှစ်အရွယ် အမျိုးသားတစ်ဦး၊ ငါးနှစ်ဝန်းကျင် ရွာခံ မိန်းကလေးငယ် သေဆုံးခဲ့ သည်။  

“ ရှခွလေးရွာမှာ လာကြဲတော့  ရေပြာရွာက စစ်ဘေးလာရှောင်တဲ့ အသက်ခြောက်နှစ်အရွယ် မိန်းကလေး က အသက်ဆုံးရှုံးသွားတယ်။  ဖအေဖြစ်သူက ဘယ်ဘက်ပေါင်မှာ မိုင်းစထိမှန်ထားတယ်။  နောက်ထပ် အသက် ငါးနှစ်..ခြောက်နှစ်လောက်အရွယ် ရွာခံ ကလေးမလေးတစ်ယောက်လည်း ဆုံးတယ်”ဟု   ပေါက် မြို့နယ်လူသားစာနာအဖွဲ့တာဝန်ရှိသူက ဆိုသည်။ 

ညောင်ပင်တိုက်ရွာတွင် စစ်ရှောင်နေသည့် အသက် ကိုးနှစ်အရွယ်များဖြစ်သော ညီအကိုဝမ်းကွဲတော်စပ် သည့် ကလေးနှစ်ဦးနှင့် အသက် ၅၆ နှစ်အရွယ် အမျိုးသားတစ်ဦးတို့ သေဆုံးခဲ့သည်ဟု သိရသည်။ 

“ လေယာဉ်ချနေတာသိလို့ ပုန်းနေတဲ့အချိန်မှာ ဝပ်နေတဲ့နေရာနားကို (ဗုံး) လာမှန်သွားတော့ အစ်ကိုဖြစ်သူ က ပွဲချင်းပြီးဆုံးသွားတယ်။   ညီဖြစ်သူနဲ့ အသက် ၅၆နှစ်ရွယ်အမျိုးသားကို ဆေးရုံအချိန်မီပို့ပေးခဲ့ပေမဲ့  ဦးလေးကြီးက လမ်းမှာဆုံးတယ်။  ကလေးက ဆေးရုံရောက်တော့အသက်မရှိတော့ဘူး” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။

ယင်းနေ့ တစ်ရက်တည်းတွင် လေကြောင်းဗုံးကြဲမှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ‌ပေါက်မြို့နယ်တွင် ထိခိုက်ဒဏ်ရာရရှိသူ အမျိုးသား ၁၃ ဦးနှင့် အမျိုးသမီး ၁၄ ဦး စုစုပေါင်း ၂၇ ဦးရှိသည်ဟုလည်း  မြို့နယ် အခြေစိုက် လူသားစာနာအဖွဲ့ထံက သိရသည်။

နောက်တစ်ရက် (ဩဂုတ် ၁၂) တွင် အမှတ် (၂၄) ကာကွယ်ရေးပစ္စည်း ထုတ်လုပ်ရေးစက်ရုံ  (ကပစ-၂၄) မှ အတွဲလိုက်ဒုံးကျည်များ၊ လက်နက်ကြီးများကို ပစ်ခတ်ခဲ့မှုကြောင့် အသက် ၄၂ နှစ်အရွယ်အမျိုးသမီး တစ်ဦး သေဆုံးခဲ့သည်။ 

ဒဏ်ရာရသူ သက်ကြီးပိုင်းအမျိုးသမီးတစ်ဦး။ (ဓာတ်ပုံ-ပေးပို့)

သြဂုတ်လ ၁၀ ရက်နေ့ညသန်းခေါင်ယံမှ စတင်ကာ ကပစ-၂၄ မှ လေးရက်ဆက် တိုက်ပစ်ခတ်နေခြင်း ဖြစ်ပြီး ၁၂ ရက်နေ့အထိ ပစ်ခတ်မှုများကြောင့် ငါးဦးထိခိုက် ဒဏ်ရာရရှိခဲ့သည်။

“ (သြဂုတ်လ) ၁၂ ရက်နေ့က မြောက်ဘက်ရွာကို လက်နက်ကြီးနဲ့ပစ်လို့  ၂ ဦးထိပြီး တစ်ဦးစိုးရိမ်ရတယ်” မုံကုန်းရွာမှာလည်း ၂ ဦးထိပြီး အသက် ၄၂နှစ်အရွယ်အမျိုးသမီးက ဆေးရုံသွားတဲ့လမ်းမှာဆုံးတယ်။ နောက်တစ်ဦးကလည်း အမျိုးသမီးပဲ ဒါဏ်ရာက စိုးရိမ်ရတယ်” ဟု အဆိုပါတာဝန်ရှိသူကဆိုသည်။

ပေါက်မြို့အနောက်မြောက်ဘက် ၁၀ မိုင်ကျော်အကွာ ကပစ-၂၄ မှ အတွဲလိုက်ဒုံးကျည်များ၊ လက်နက် ကြီးများကို သြဂုတ်လ ၁၀ ရက်နေ့ညသန်းခေါင်ယံမှ စတင်ကာ လေးရက်ဆက် တိုက်ပစ်ခတ်မှုကြောင့် အမျိုးသမီးတစ်ဦး သေဆုံးပြီး ငါးဦးထိခိုက်ဒဏ်ရာရ ရှိခဲ့သည်။ 

“ (သြဂုတ်လ) ၁၂ ရက်နေ့က မြောက်ဘက်ရွာကို လက်နက်ကြီးနဲ့ပစ်လို့  နှစ်ဦးထိပြီး တစ်ဦးစိုးရိမ်ရတယ်” မုံကုန်းရွာမှာလည်း နှစ်ဦးထိပြီး အသက် ၄၂ နှစ်အရွယ်အမျိုးသမီးက ဆေးရုံသွားတဲ့လမ်းမှာ ဆုံးတယ်။ နောက်တစ်ဦးကလည်း အမျိုးသမီးပဲ ဒဏ်ရာက စိုးရိမ်ရတယ်” 

ကပစ-၂၄ သည် အရည်ကျိုစက်ရုံအဖြစ် လည်ပတ်နေပြီး အလူမီနီယံ အချောင်း(Raw)များ ထုတ်လုပ်ပြီး အဆိုပါ အလူမီနီယံ Raw များကို အခြား ကပစ တပ်များသို့ ဖြန့်ခွဲသုံးစွဲနေသည်ဟု CDM စစ်သားများထံ က သိရသည်။

ပြီးခဲ့သည့် မေလ၊ ၂၅ ရက်နေ့မှ စ၍ ပခုက္ကူအခြေစိုက် ခြေမြန်တပ်မ (၁၀၁) မှ ကားအစီးရေ ၁၈၀ ကျော် အင်အား ၁,၀၀၀ ဝန်းကျင်သည် လက်နက်နှင့်ရိက္ခာ တင်ထားသော စစ်ယာဉ်တန်းများဖြင့်  ၄၅ မိုင်ခန့် ရှည်လျားသည့် ပခုက္ကူ- ပေါက်လမ်း အတိုင်း ပေါက်မြို့နယ်အတွင်း ရောက်လာကာ စစ်ကြောင်းထိုးကာ ရွာများကို မီးရှို့နေသည်။

ပြီးခဲ့သည့် ဩဂုတ်လ၊ ၄ ရက်နေ့က ဆယ်ဝရွာအနီးတွင် တော်လှန်ရေးတပ်များနှင့် တိုက်ပွဲဖြစ်ပွားပြီး နောက် ရွာကို မီးရှို့သည်၊ လေတပ်ကလည်း အပြင်းအထန် ဗုံးကြဲခဲ့သဖြင့် တော်လှန်ရေးအဖွဲ့များ ခဲယမ်းမလုံလောက်သဖြင့် နောက်ပြန်ဆုတ်ခဲ့ရသည်။

မီးရှို့ခံရသည့် ဆယ်ဝရွာသည် ပေါက်မြို့အရှေ့ဘက်၊ ၁၇ မိုင်ခန့်သာ ကွာဝေးပြီး အိမ်ခြေ ၁၅၀ ကျော်နှင့် ဒေသခံ ၅၅၀ ဦးကျော် နေထိုင်သော ကျေးရွာဖြစ်သည်။

လက်ရှိတွင် အဆိုပါစစ်တပ်ယာဉ်တန်းသည် ပေါက်မြို့အ‌ရှေ့တောင်ဘက် ၁၃ မိုင်ခန့်အကွာ ဆယ်ဝရွာ မြောက်ဘက် လေးမိုင်ကျော်အကွာ ရေပြာကျေးရွာအနီးသို့ ရောက်ရှိနေသည်။ 

ယမန်နေ့ (သြဂုတ်လ ၁၄ ရက်နေ့) တွင် စစ်ယာဉ်တန်းသည် ရေပြာအနီးတဝိုက်တွင်ရှိနေပြီး ရှေ့ပြေး စစ်ကြောင်းများက ဘုရားတောင်၊ဘုရားကုန်းပေါ်နှင့် ဖိုးဖြူးလုံးကန်စသောကျေးရွာများသို့ ဝင်ရောက် သွားကြသည်ဟု ဒေသခံများက ဆိုသည်။  

ရေပြာရွာအနီးရှိ  သမားတော်ရွာ မီးရှို့ခံရပြီး ပြည်သူ လေးဦးလည်းဖမ်းဆီးခံရသည်ဟု သိရသော်လည်း ပျက်စီးဆုံးရှုံးသည့် အိမ်ခြေအရေအတွက်ကို မသိရသေးပေ။ 

ထိခိုက်ပျက်စီးသွားသည့်နေအိမ်တစ်လုံး။(ဓာတ်ပုံ-ပေးပို့)

ရေပြာရွာမြောက်ဘက် သုံးမိုင်ကျော်ခန့်အကွာ ကုက္ကိုစုရွာသည် ပြည်သူ့စစ် ခေါ် ပျူစောထီးများ အခြေ စိုက်သည့်ရွာတည်ရှိသည်။

ထို့ကြောင့် သြဂုတ်လ ၁၃ ရက်နေ့ နံနက်အစောကတည်းက ကုက္ကိုစုရွာအနီးဝန်းကျင်မှ အနည်းဆုံး ခြောက်ရွာခန့်  ထွက်ပြေးနေရပြီး စစ်ယာဉ်တန်း ရောက်နေသော ပေါက်မြို့နယ်တွင် ကျေးရွာပေါင်း ၂၇ ရွာခန့် မှ လူတစ်သောင်းကျော်သည် ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသည်။

ပခုက္ကူ-ကမ္မ-ပေါက် ကားလမ်းအတိုင်း ပေါက်မြို့နယ်ကို ဦးတည်ဝင်ရောက်လာသည့် ထိုစစ်ကြောင်းသည် ချင်းပြည်နယ်ဘက်သို့ စစ်ကြောင်းထိုးရန် တက်လာခြင်း ဟုတ်မဟုတ် ချင်းတော်လှန်ရေးအဖွဲ့များက လည်း စောင့်ကြည့်နေသည်ဟု  ချင်းအဖွဲ့များနှင့် နီးစပ်သော ဒေသခံတစ်ဦးက ယခုလဆန်းက ပြောထား သည်။ 

ဧရာဝတီမြစ်အနောက်ဘက်ကမ်း၊ ပခုက္ကူမြို့မှ ချင်းပြည်နယ် မင်းတပ်မြို့နယ်အထိ လမ်းပေါက်ရောက် ပြီး ချင်းပြည်နယ်သို့ ဝင်ရောက်ရာလမ်းကြောင်းတစ်ခုလည်း ဖြစ်သည်။ 

ဒေသခံတော်လှန်ရေးအင်အားစုများကမူ ကပစ-၂၄ အပါအဝင် ပေါက်မြို့နယ်အတွင်း ပြည်သူ့စစ်ရွာများ ကို ရိက္ခာဖြည့်တင်းရန် စစ်ကြောင်းထိုးလာခြင်းဖြစ်သည်ဟု ယူဆကြသည်။ 

အဆိုပါယာဉ်တန်းတွင် အဆင့်မြင့်ဒရုန်းများ၊  Jammer များ၊ လက်နက်ကြီးများလည်း ပါဝင်သလို စစ်ယာဉ်တန်းအတွက်  လမ်းရှင်းသည့်အနေဖြင့် လေကြောင်းပစ်ကူများဖြင့် စစ်ရေးပစ်မှတ်မဟုတ်သည့် ကျေးရွာများကိုလည်း အကြိမ်ကြိမ် ဗုံးကြဲ တိုက်ခိုက်သည်ဟု တော်လှန်ရေးအဖွဲ့များက ဆိုသည်။

“ တိုက်ပွဲ ထိတွေ့ဖြစ်ချိန်မှာ ဒရုန်းတွေသုံးတယ်။  စစ်ကြောင်းလှုပ်မယ့်အချိန်မှာ လမ်းကြောင်းရှင်းဖို့ အတွက် ဒရုန်းနဲ့ကင်းထောက်တယ်။ ယာဉ်တန်းလှုပ်မယ်ဆိုရင် လေယာဉ်နဲ့ကြိုပြီး ဝေဟင်ပစ်ကူနဲ့ မြေပြင်စစ်ကြောင်းထွက်ဖို့ ဗုံးတွေချတယ်” ဟု ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ မှတာဝန်ရှိသူ တစ်ဦးက ပြောသည်။

လူအင်အားသာလွန်သည့်အပြင် ဝေဟင်နှင့်လက်နက်ကြီး ပစ်ကူများ၏ အကာအကွယ်ဖြင့်  ‌တရွေ့ရွေ့ ရှေ့တိုးလာနေသည့် စစ်တပ်ယာဉ်တန်းကို နှစ်လကျော်ကြာ ဖြတ်တောက် တားဆီးနေရသောကြောင့် တော်လှန်ရေးအင်အားစုများအနေဖြင့် ရိက္ခာ၊ ခဲယမ်းအခက်အခဲများနှင့်ရင်ဆိုင်နေရသည်ဟု သိရသည်။

“ (စစ်ယာဉ်တန်း) ပြန်ဆုတ်သွားအောင် ကြိုးစားလုပ်ဆောင်ရမယ့် အပိုင်းအများကြီး ရှိပါတယ်ဗျာ။ သူတို့ ကလည်း စစ်မိန့်အတိုင်း ဒီကနေ ဒီအထိ ရောက်အောင် သွားရမယ်ဆို ရောက်အောင်သွားမှာပဲ။  အဲဒီနေရာ မှာ ရောက်မသွားအောင် ခုခံမယ် ..တိုက်ခိုက်မယ်ဆိုရင်လည်း ကျွန်တော်တို့မှာ ခွန်အားလိုပါတယ်။ ကျွန်တော်တို့ ခွန်အားက ကျည်၊ ခဲယမ်း၊ရိက္ခာပါ ခင်ဗျာ” ဟု ပေါက်မြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ တာဝန်ခံက ဆိုသည်။

ပေါက်မြို့တွင် မြို့ပေါ် ရပ်ကွက် လေး ခုရှိပြီး ကျေးရွာအုပ်စု ၇၁ အုပ်စုရှိကာ ကျေးရွာပေါင်း ၂၃၅ ရွာ ရှိကြောင်း အထွေထွေအုပ်ချုပ်ဦးစီးဌာန စာရင်းများအရ သိရသည်။ ၂၀၂၃ ခုနှစ် မတ်လကုန်အထိ ပေါက်မြို့နယ်တွင် နေထိုင်သည့် လူဦးရေ နှစ်သိန်းကျော်ရှိသည်။

ဇူလိုင်လ၊ ၃၁ ရက်နေ့က အာဏာသိမ်းစစ်ခေါင်းဆောင်သည် နိုင်ငံအနှံ့မှ တော်လှန်ရေး အားကောင်းသည့် မြို့နယ် များအနက် ၆၃ မြို့နယ်ကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့ရာ မကွေးတိုင်းအတွင်းမှ ပေါက်မြို့နယ်  ပါဝင်သည်။

Related Articles

Back to top button