အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါးအတွေးအမြင်

စစ်အာဏာရှင် နို့သက်ခံ နိုင်ငံရေးကပ်ပါးကောင်များ၏ ရွေးကောက်ပွဲပြဇာတ်

အာဏာသိမ်းဗိုလ်ချုပ်များဘက်က ရပ်တည်ခဲ့ကြသော အထင်ကရ နိုင်ငံရေးသမားတချို့သည် ပြည်သူများသတ်ဖြတ်ခံနေရချိန် ပေါ်လာမည့် ရွေးကောက်ပွဲအတွက် အသင့်ဖြစ်နေကြသည်။

အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ဒီဇင်ဘာလတွင် ရွေးကောက်ပွဲကျင်းပမည်ဟု ကြေညာလိုက်ပြီးနောက် စစ်အာဏာသိမ်းမှုကို တစ်နည်းနည်းဖြင့် ထောက်ခံပံ့ပိုးမှု ပြသခဲ့ကြသော စစ်ဒီမိုကရေစီလိုလားသူ အရပ်သားနိုင်ငံရေးသမားတစ်သိုက်က ရွေးကောက်ပွဲဝင်ရောက်ရေး အလုအယက် လှုပ်ရှားလာကြသည်။

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သော မျိုးဆက်သစ်လူငယ် Generation Z များ၏ လက်နက်ကိုင် တော်လှန်ရေး ကြောင့် “စစ်ဘောင်ကျယ်၍ နိုင်ငံရေးဘောင်ကျဉ်းသွားပြီ” ဟု လွန်ခဲ့သောနှစ်များက ငြီးတွားခဲ့ကြသော အနှီ နိုင်ငံရေးသမားများသည် ယခုအခါ ၎င်းတို့၏အလှည့် ‌ရောက်လာပြီ ဖြစ်သလို၊ ၎င်းတို့၏ ရုပ်ပုံလွှာစစ်စစ် များ လည်း တဖြည်းဖြည်း ပေါ်ထွက်လာနေပြီ ဖြစ်သည်။

“ရုပ်ပုံလွှာစစ်စစ်” ဟု ဆိုရာတွင် “ငြိမ်းချမ်းရေး” ၊ “ဒီမိုကရေစီ” ၊ “ရွေးကောက်ပွဲ” စသည့် အမည်နာမများဖြင့် ထိုနိုင်ငံရေးသမားများသည် ၎င်းတို့၏ အရေးပါမှုကို ခံကတုတ်လုပ် အကာအကွယ်ယူထားခဲ့ပြီး၊ လက်ရှိ ဖြစ်ပေါ်နေသော လက်နက်ကိုင် တော်လှန်ရေးကြောင့် မြေပေါ်နိုင်ငံရေးလမ်းကြောင်း ပျောက်ဆုံးမသွားစေရန် ကာကွယ်နေကြသော ငြိမ်းချမ်းရေး စစ်သူကြီးများ သဖွယ် ပုံဖော်ကာ သတင်းမီဒီယာများ၊ အင်တာဗျူးများတွင် လူသိရှင်ကြား ပြောဆိုလာခဲ့ကြသည်။ သို့သော် အခြားတစ်ဖက်တွင် စစ်အာဏာရှင် “နို့သက်ခံ” နိုင်ငံရေး သမားဘဝ ခံယူနေကြသည်ကို ပြည်သူများက မသိ၍ မဟုတ်ပါ။

“နို့သက်ခံ” ဆိုသည့်မှာ မိခင်နို့ရည်ကို ကိုယ်တိုင်အားထုတ် သောက်သုံးရန် မကြိုးစားဘဲ၊ မိခင် နို့သက်လာ သည်ကို စောင့်၍ စို့တတ်ခြင်းကို ဆိုလိုသည်။ ထိုနည်းအတိုင်း ဒီမိုကရေစီစနစ်နှင့် တန်ဖိုးများကို ကျားကုတ် ကျားခဲ ကိုယ်တိုင်ကာကွယ်ခုခံရန် ဆန္ဒမရှိကြသော အနှီနိုင်ငံရေးသမားများသည် အာဏာရှင် နို့သက်ခံ ဘဝ ကို ခံယူလိုက်ကြပြီး၊ အာဏာရှင်က ပြဋ္ဌာန်းခွင့်ပြုသမျှ ခြေသုပ်ပုဆိုး မြွေစွယ်ကျိုးသကဲ့သို့ ပြုမူနေကြခြင်း ဖြစ်သည်။ 

သို့သော် အခြားတစ်ဖက်တွင် ၎င်းတို့သည်သာလျှင် ဒီမိုကရေစီကို စစ်စစ်မှန်မှန် ယုံကြည်ကြသူများ၊ အကြမ်း မဖက် နိုင်ငံရေးလမ်းကြောင်းကို ကာကွယ်နေကြသူများသဖွယ် ပြည်သူတို့ကို လိမ်ညာဝါဒဖြန့်နေ ကြသည်။ ထို့ကြောင့် အနှီနိုင်ငံရေးသမားများသည် ၎င်းတို့မှာ စစ်အာဏာရှင်နှင့် လက်နက်ကိုင်တော်လှန်ရေးအကြား “သားကောင်” များ ဖြစ်နေသယောင်   ပုံဖော်လျက်ရှိပြီး၊ ၎င်းတို့၏ လုံခြုံရေးကို ခြိမ်းခြောက်နေသည့် အန္တရာယ်ကြားမှ နိုင်ငံရေးလမ်းကြောင်း ပျောက်ဆုံးသွားမည့်အရေး စိုးရိမ်စိတ်ကြီးစွာဖြင့်၊ ကိုယ်ကျိုးစွန့်အနစ်နာခံ လုပ်ဆောင် နေရလေဟန် ပြောဆိုနေတတ်သေးသည်။ 

စင်စစ် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ပြည်သူများက ဒီမိုကရေစီနည်းကျ တရားဝင် ရွေးကောက်တင်မြှောက် ခဲ့ပြီး၊ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၂၁ ခုနှစ် မတ်လ ၃၁ ရက်နေ့တွင်မှ အစိုးရသက်တမ်း ၅နှစ် ကုန်ဆုံးမည့် သမ္မတဦးဝင်းမြင့် ဦးဆောင်သော အရပ်သားအစိုးရကို အစိုးရသက်တမ်းမကုန်မီ ၂လ အလို၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွင် စစ်အင်အားသုံးပြီး ကမ္ဘာသိ စစ်အာဏာသိမ်းမှုသည် နိုင်ငံတော်အာဏာကို ဥပဒေဖောက်ဖျက်လုယက်မှုဖြစ်ပြီး နိုင်ငံတော်သစ္စာဖောက်မှု ဆိုသည်မှာ ထင်ရှားလှသည်။ 

သို့သော် အနှီနိုင်ငံရေးသမားများသည် ထိုဖြစ်ရပ်ကို တစ်စိုက်မတ်မတ် “အာဏာထိန်း” သည်ဟု စစ်ဗိုလ်ချုပ် များ၏ ဇာတ်ညွှန်းအတိုင်း အသုံးတော်ခံ “နိုင်ငံရေးခဝါချ” ပေးနေကြသူများ မဟုတ်ပါလား။ ထို့ကြောင့် ၎င်းတို့သည် အာဏာသိမ်းမှုကို စိတ်လိုလက်ရ ကိုယ်တိုင်ပူးပေါင်းကူညီ နေကြသောသူများဖြစ်ပြီး၊ ၎င်းတို့ကိုယ်တိုင် ဦးထိပ်ပန်ဆင်ထားကြသော ၂၀၀၈ ခြေ/ဥ ကို ဖောက်ဖျက်ပြီး စစ်တပ်၏ နိုင်ငံတော်သစ္စာဖောက်မှု ကျူးလွန်ရာတွင် အားပေးအားမြှောက်ပြု ပူးပေါင်းကူညီနေကြသူများ ဖြစ်သည်။ 

ထိုနိုင်ငံရေးသမားများအထဲ အာဏာသိမ်းစစ်ကောင်စီအဖွဲ့တွင် အဖွဲ့ဝင်များ ဖြစ်ခဲ့ကြသည့် ခင်မောင်ဆွေ၊ သိန်းညွန့်နှင့် စစ်ကောင်စီအစိုးရအဖွဲ့ဝင်ဖြစ်ခဲ့သူ သက်သက်ခိုင် တို့က ထင်ရှားသည်။ ထို့အပြင် စစ်ကောင်စီ၏ ရာထူးနေရာပေးခြင်း မခံရသော နိုင်ငံရေးသမားများ (အကယ်၍ ရာထူးနေရာပေးခဲ့လျှင် မဆိုင်းမတွ အပြေး အလွှား လက်ခံကြမည့်သူများဟု ယုံကြည်ရသူများ) မှာ စန္ဒာမင်း၊ ကိုကိုကြီးနှင့် ရခိုင်နိုင်ငံရေးသမား အေးမောင် တို့က ထင်ရှားသည်။

သို့သော် ထိုနိုင်ငံရေးသမားအားလုံးသည် တူညီသော အကျိုးရလဒ်တစ်ခုကို ယခုအခါ အတူတူ မျှဝေခံစားနေ ရပြီ ဖြစ်သည်။ ယင်းမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် အသုံးတော်ခံဘဝမှ စွန့်ပစ်ခံဘဝသို့ တစ်ယောက်ပြီး တစ်ယောက် ရောက်ရှိသွားကြပြီး၊ အသက်ရှင်လျက် နိုင်ငံရေးဘဝ တစ်ခုလုံး သင်းသတ်ခံလိုက်ရပြီ ဖြစ်သည်။ သို့သော် ၎င်းတို့သည် မြန်မာ့နိုင်ငံရေးနယ်ပယ်တွင် နိုင်ငံရေးကပ်ပါးကောင်များ (Political Parasites) အဖြစ် ဆက်လက်ရှိနေလိမ့်ဦးမည်။

မင်းအောင်လှိုင် နို့သက်ခံ နိုင်ငံရေးသမားတစ်ဦး၏ “မပဋာ မြေလူး” ပြဇာတ်

စစ်အာဏာရှင် နို့သက်ခံ နိုင်ငံရေးသမားများထဲမှ ထင်ရှားသူ တစ်ဦးဖြစ်သော စန္ဒာမင်း၏ ဖြစ်ရပ်က ခေတ်သစ် “မပဋာ မြေလူး” ပြဇာတ် ကြည့်ရသည့်အလား ထင်ရသည်။ စင်စစ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ လွှတ်တော်ကိုယ်စားလှယ်ဟောင်း စန္ဒာမင်းသည် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အရှိန်အဝါ ကြောင့် လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ဖြစ်ခွင့်ရလာသူများထဲမှ တစ်ဦး ဖြစ်သည်။ 

စန္ဒာမင်းသည် စစ်အာဏာသိမ်းချိန်ကတည်းက စစ်တပ်နှင့် တိတ်တဆိတ်ပူးပေါင်း ဆောင်ရွက်နေခဲ့ပြီး၊ NLD လွှတ်တော်ကိုယ်စားလှယ်များကို စစ်တပ်နှင့်ပူးပေါင်းဆောင်ရွက်ရန်၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့နှင့် မပတ်သက်ရန် အဓိက လိုက်လံစည်းရုံး နေသူ ဖြစ်သည်။ အာဏာသိမ်းပြီးစ အစောပိုင်းကာလ စန္ဒာမင်း၏ တိတ်တဆိတ် စည်းရုံးခြင်းခံရသူများအထဲ ထိုင်း-မြန်မာနယ်စပ်သို့ ရောက်ရှိနှင့်ပြီး တော်လှန်ရေးထဲ ခြေစုံပစ်ပါဝင်နေသူ လွှတ်တော်အမတ်များ ပါဝင် သည်။ စန္ဒာမင်းကိုယ်တိုင်ကမူ ထိုလွှတ်တော်အမတ်များ ပြည်တွင်း၌ ပုန်းအောင်းနေသည်ဟု ထင်မှတ်ပြီး၊ စည်းရုံးနေခဲ့ခြင်း ဖြစ်သည်။

ထိုမျှမက စန္ဒာမင်းသည် အာဏာသိမ်းသည့်နေ့မှစ၍ အဓမ္မဖမ်းဆီး ချုပ်နှောင်ခြင်းခံထားရသော ဒေါ်အောင်ဆန်း စုကြည်ကိုပင် အကျဉ်းထောင်ထဲအထိ သွားရောက်တွေ့ဆုံပြီး၊ မင်းအောင်လှိုင် အလိုကျ သွေးဆောင်လှည့်ဖျား ရန် ကြိုးပမ်းပေးခဲ့သူ ဖြစ်သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ခွင့်ပြုချက်မရဘဲ ထိုသို့ တွေ့ဆုံရန် မည်သို့မျှ မဖြစ်နိုင်ပေ။ 

နောက်ဆုံး စန္ဒာမင်း၏ ရုပ်ပုံလွှာစစ်စစ် ပေါ်ထွက်လာပြီး မင်းအောင်လှိုင်ကျင်းပမည့် ရွေးကောက်ပွဲကို တစ်နိုင်ငံ လုံး အတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေသော အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ (NDF) ထံသို့ လွန်ခဲ့သောလတွင် ဘက်ပြောင်းဝင်ရောက်သွားခဲ့ပြီး၊ NDF က ပူပူနွေးနွေး ချီးမြှောက်ခဲ့သော ဒုတိယ ဥက္ကဋ္ဌ ရာထူးကို လက်ခံရယူခဲ့သည်။

စန္ဒာမင်း ပါတီ ဒု-ဥက္ကဋ္ဌ ဖြစ်မှ NDF သည် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲထက် ပို၍ဆိုးရွားသော ကံကြမ္မာနှင့် ရင်ဆိုင်ခဲ့ရလေသည်။ NDF သည် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန်ပင် သတ်မှတ်အဆင့်အတန်း မပြည့်မီသော ပါတီအဖြစ် စစ်ကော်မရှင်ခန့် ရွေးကောက်ပွဲ ကော်မရှင်၏ တစ်ချက်လွှတ် ဆုံးဖြတ်ဖြင့် ဖျက်သိမ်းကြောင်း ကြေညာခြင်းကို ခံလိုက်ရသည်။ 

မိုးမသောက်မီ နေဝင်သွားသည့် NDF ပါတီဖျက်သိမ်းခံရကြောင်း သတင်းထွက်ပေါ်လာပြီးနောက် BBC မြန်မာဌာနက ၎င်းအနေဖြင့် ဘာဆက်လုပ်မည်နည်း ဟု အင်တာဗျူးမေးမြန်းချိန်တွင် ပူပူနွေးနွေး ဒု-ဥက္ကဋ္ဌသစ် စန္ဒာမင်းက “ကျမ ဘာမှဆက်မလုပ်တော့ဘူး၊ ကျမ တော်တော်စိတ်ဒဏ်ရာ ရတယ်” ဟု ဖြေဆိုသွားခဲ့သည်။ စန္ဒာမင်း ဆက်ပြောလိုက်သည်က “နိုင်ငံရေးဆိုတာ ဒီလိုဘဲ၊ ဖျက်ခံလိုက်ရတော့လဲ ဘာတတ်နိုင်မလဲ။ ကျမတို့ က Against သွားလုပ်တယ်ဆိုရင် ကိုယ့် ပါတီဝင်တွေ၊ ကိုယ့် အဖွဲ့ဝင်တွေ၊ ကိုယ့် ကိုယ်စားလှယ်လောင်းတွေဘဲ အန္တရာယ်ရှိတယ်လေ” ဟု ဆို၏။

ယင်းသည် စန္ဒာမင်း၏ ပုံရိပ်လွှာ အစစ်အမှန် ဖြစ်သည်။ ပြည်သူ့မျက်နှာမကြည့်၊ စစ်အာဏာရှင်ကို ဒူးထောက် အညံ့ခံစိတ် အပြည့်ရှိသော စန္ဒာမင်း၏စိတ်ဓာတ်ကို ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ၎င်းကိုလာရောက် တွေ့ဆုံခဲ့စဉ် အခိုက်အတန့်အတွင်း အကဲခတ်နိုင်စွမ်း ရှိခဲ့ပါလိမ့်မည်။ ထို့ကြောင့် စန္ဒာမင်းတောင်းဆိုခဲ့သော NLD ရုံးချုပ်ကို ပြန်လည်ဖွင့်ခွင့်ပေးရန်နှင့် သူ့ကိုတာဝန်ပေးရန်တို့ကို ဒေါ်အောင်ဆန်းစုကြည်က ပြတ်ပြတ် သားသား ငြင်းပယ်ခဲ့ခြင်း ဖြစ်သည်။ သို့မဟုတ်ပါက NLD သည် ယခုအခါ စစ်အာဏာရှင် အလိုတော်ရိ စန္ဒာမင်းနှင့် အပေါင်းအပါများ၏ လက်ထဲတွင် ရေစုန်မျောနေပြီ ဖြစ်သည်။  

လွန်ခဲ့သော ၅ နှစ်နီးပါး မင်းအောင်လှိုင်၏ လူသတ်မီးရှို့ အကြမ်းဖက်မှုပေါင်းများစွာကို ခါးစည်းရင်ဆိုင် ခံစား နေကြရသော ပြည်သူများသည် စန္ဒာမင်း၏ “ဘာမှ ဆက်မလုပ်တော့ဘူး” ဆိုသည့် သတင်းစကားကို ဝမ်းသာ အားရ ကြိုဆိုထောက်ခံကြပေလိမ့်မယ်။ အဘယ်ကြောင့်ဆိုသော စန္ဒာမင်း ကဲ့သို့ နိုင်ငံရေး ကပ်ပါးကောင် တစ်ကောင် စောစောစီးစီး အရှင်လတ်လတ် ချုပ်ငြိမ်းသွားခြင်းကြောင့် ဖြစ်သည်။ 

NDF သည် ယခင် NLD ပါတီမှ ခွဲထွက်ခဲ့သည့် ခင်မောင်ဆွေ ဦးဆောင်တည်ထောင်ထားသော ပါတီဖြစ်ပြီး၊ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမတိုင်မီ ဩဂုတ်လအတွင်း ရွေးကောက်ပွဲရလဒ် မမျှတလျှင် စစ်အာဏာသိမ်းရန် မင်းအောင်လှိုင်ကို သွားရောက်တွေ့ဆုံ တောင်းဆိုခဲ့သော နိုင်ငံရေးပါတီ ၃၄ ခုထဲ ပါဝင်သည်။ 

ထိုရွေးကောက်ပွဲကို NDF ပါတီကိုယ်စားလှယ် ရာနှင့်ချီ ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း မဲဆန္ဒနယ် တစ်နယ် ၌ပင် NDF အနိုင်ရခြင်း မရှိခဲ့ပါ။ ရွေးကောက်ပွဲအရှုံးကို လက်မခံနိုင်ဘဲ တိုင်းပြည်ကို အကြီးအကျယ် ပျက်စီးစေ မည့် စစ်အာဏာသိမ်းမှု ပေါ်ပေါက်ရန် အကြံပေးခဲ့သော ခင်မောင်ဆွေကို မင်းအောင်လှိုင်က ကျေးဇူးဆပ်သည့်အနေဖြင့် စစ်ကောင်စီတွင် တစ်နေရာပေး ယာယီမြှောက်စား ခဲ့သည်။ 

အာဏာရှင်ဟောင်း ဦးနေဝင်းလက်ထက်ကစ၍ စစ်ခေါင်းဆောင်အဆက်ဆက်သည် အရပ်သား နိုင်ငံရေး သမားများကို ၎င်းတို့ကိုယ်ကျိုးအတွက် အသုံးတည့်မည်ဆိုလျှင် အသုံးချတတ်ပြီး၊ မည်သည့်အခါမျှ မယုံကြည် သော DNA ရှိကြသည်။ အသုံးမတည့်တော့သည့် တစ်နေ့ ကန်ထုတ်ခဲ့ကြသည့် သမိုင်းကြောင်းသာ ရှိခဲ့သည်။ 

ခင်မောင်ဆွေ၊ သိန်းညွှန့်နှင့် သက်သက်ခိုင် သုံးဦးလုံးသည် ဒေါ်အောင်ဆန်းစုကြည်ပါတီထွက်များ ဖြစ်ပြီး၊ ၎င်းတို့ကို စစ်ကောင်စီယန္တရားထဲ ထည့်သွင်းဖွဲ့စည်းခဲ့ခြင်းဖြင့် ဒေါ်အောင်ဆန်းစုကြည်အပေါ် ပုဂ္ဂိုလ်ရေး အာဃာတ မရှိကြောင်း၊ တစ်ချိန်က NLD ပါတီဝင် ဖြစ်ဖူးခဲ့သူများကိုပင် နေရာပေး ပူးပေါင်းဆောင်ရွက်နိုင်ခဲ့ ကြောင်း၊ နိုင်ငံတကာသို့ ပြယုဂ်ကောင်းစေရန် ၎င်းတို့ကို မင်းအောင်လှိုင် အခိုက်အတန့် အသုံးချခဲ့ခြင်း ဖြစ်သည်။   

မင်းအောင်လှိုင် နို့သက်ခံဘဝမှ ကြေညာချက်တစ်စောင်ဖြင့် နိတ္ထိတံသွားခဲ့သော NDF ပါတီ၏ ကံကြမ္မာက နိုင်ငံရေးပါတီ ဆိုသည်မှာ အာဏာသိမ်းစစ်ဗိုလ်ချုပ်များ သေနတ်ပြောင်းဝမှ ထွက်လာမည့် ကျည်ဆံတစ်တောင့်မျှပင် တန်ဖိုးမရှိကြောင်း၊ ကြေညာချက် စာရွက်တစ်စောင်မျှဖြင့် နိဂုံးချုပ်ပေးနိုင်ကြောင်း၊ နိုင်ငံရေးပါတီတစ်ခု၏ ကံကြမ္မာကို စစ်ဗိုလ်ချုပ်များ မှောက်ချည်လှန်ချည် လုပ်၍ရကြောင်း သက်‌သေပြလိုက်သော သာဓက တစ်ခု ပင် ဖြစ်သည်။  

မင်းအောင်လှိုင်ထံမှ ထမင်းစားလက်မှတ် ရရှိသွားသော ရခိုင်နိုင်ငံရေးသမား အေးမောင်    

NDF ပါတီကို ဖျက်သိမ်းပြီး ၂ရက် အကြာ စက်တင်ဘာလ ၁၁ ရက် နေ့တွင် မင်းအောင်လှိုင်သည် ကိုယ့်ကိုယ်ကိုယ် ခန့်အပ်ထားသော တရားမဝင် ယာယီသမ္မတ ကျင့်သုံးခွင့် မရှိသည့် ၂၀၀၈ ခုနှစ် ခြေ/ဥ ပုဒ်မ ၂၀၄၊ ပုဒ်မခွဲ (ခ) အရ ဟုဆိုကာ ၂၀၁၈ ခုနှစ်က ရခိုင်နိုင်ငံရေးသမား အေးမောင် ကျူးလွန်ခဲ့ပြီး ထိုစဉ်က စစ်တွေခရိုင်တရားရုံးက ပြစ်မှုထင်ရှား၍ ထောင်ဒဏ်ချမှတ်ခဲ့ပြီးသား အမှုနှင့်ပြစ်ဒဏ်များကို ပယ်ဖျက်သည့် လွတ်ငြိမ်းချမ်းသာခွင့် အမိန့် ထုတ်ပြန်ခဲ့သည်။ ယင်းလုပ်ရပ်သည် နိုင်ငံရေးသမားတစ်ဦး၏ နိုင်ငံရေးဘဝ သေခြင်းရှင်ခြင်း ကံကြမ္မာက စစ်အာဏာရှင်၏ လက်ထဲတွင်ရှိကြောင်း နောက်ထပ် သက်‌သေပြလိုက်သော သာဓက တစ်ခုပင် ဖြစ်သည်။  

စန္ဒာမင်း၏ ဖြစ်ရပ်နှင့် ဆန့်ကျင်ဘက်ဟု အပေါ်ယံ ရှုမြင်နိုင်သော်လည်း အကျိုးရလဒ်မှာ မကွာခြားလှပါ။ အကြောင်းမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ထံမှ လာမည့်ရွေးကောက်ပွဲဝင်ရောက်ခွင့် ထမင်းစားလက်မှတ် ရရှိသွားခဲ့သူ ရခိုင်နိုင်ငံရေးသမား အေးမောင်သည် မင်းအောင်လှိုင်၏ ခဲနှစ်လုံးဖြင့် ဆင့်ကဲပစ်ချခြင်းခံလိုက် ရပြီး၊ တောင်ပံပါသော်လည်း ပျံသန်းနိုင်စွမ်းမရှိတော့သည့် ဒဏ်ရာရ ငှက်တစ်ကောင် ဖြစ်သွားသည်။

ပထမခဲလုံးမှာ အေးမောင်သည် မင်းအောင်လှိုင်၏ နို့သက်ခံ နိုင်ငံရေးသမားတစ်ဦး၊ မင်းအောင်လှိုင်ကြောင့်သာ ၎င်း၏နိုင်ငံရေးဘဝ ရှင်သန်ခွင့်ရသည့်အဖြစ်သို့ ရောက်ရှိသွားပြီး၊ ဒုတိယခဲလုံးမှာ စစ်တပ်ကို အကြွင်းမဲ့သစ္စာခံ သော နိုင်ငံရေးသမားဆိုလျှင် ရွေးကောက်ပွဲဥပဒေနှင့် ညှိစွန်းနေသော်လည်း ရွေးကောက်ပွဲ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ကို တစ်ချက်လွှတ်အမိန့်ဖြင့် အခွင့်အရေးပေးနိုင်ကြောင်း ပြသလိုက်ခြင်း ဖြစ်သည်။ 

ရခိုင်ပြည်နယ်၏ အခြေအနေမှာ ၁၇ မြို့နယ်တွင် ၁၄ မြို့နယ်သည် အာရက္ခတပ်တော် (AA) လက်အောက် ကျရောက်လျက်ရှိပြီး၊ စစ်တပ်သည် ရခိုင်စစ်မျက်နှာတွင် ယနေ့အချိန်ထိ တန်ပြန်ထိုးစစ် မဆင်နိုင်သေးပါ။ အေးမောင်၏ ဇာတိ ရသေ့တောင်မြို့နယ်သည် ယခုအခါ AA ၏ အုပ်ချုပ်မှုအောက် ရောက်ရှိနေပြီ ဖြစ်သည်။ 

ထို့ကြောင့် စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် ၃ မြို့နယ်တွင်သာ ရွေးကောက်ပွဲကျင်းပနိုင်မည် ဖြစ်သည်။ ထို့ ကြောင့် ရခိုင်ပြည်နယ် လွှတ်တော်ခေါ်နိုင်မည် မဟုတ်သလို၊ အစိုးရ မဖွဲ့နိုင်ပါ။ သို့ဆိုလျှင် အေးမောင်အတွက် လာမည့် ရွေးကောက်ပွဲက မည်ကဲ့သို့ အဓိပ္ပာယ်ရှိမည်နည်း။ ပြည်နယ်အဆင့် နိုင်ငံရေးပါတီတို့အတွက် လိုအပ် ချက်များကို ရခိုင်နိုင်ငံရေးပါတီများ ပြည့်မီနိုင်ပါမည်လော။ ယနေ့အချိန်ထိ ရခိုင်ပါတီများ ဖျက်သိမ်းခံရခြင်း မရှိသေးသည်က စိတ်ဝင်စားစရာအချက် ဖြစ်သည်။    

ကျောက်ဖြူမြို့နယ်တွင် ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲကတည်းက ဝင်ရောက်ယဉ်ပြိုင်ဖူးသူ ဝါရင့်နိုင်ငံရေး သမားကြီးဖြစ်သူ ဦးဘရှိန်သည် နိုင်ငံရေးပါတီသစ်တစ်ခု တည်ထောင်ပြီး ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေပြီ ဖြစ်သည်။ ၂၀၁၀ ၊ ၂၀၁၅ နှင့် ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲများတွင် ရခိုင်ပြည်နယ်မဲဆန္ဒနယ်များ ကို လွှမ်းမိုးထိန်းချုပ်ထားနိုင်သော ရခိုင်နိုင်ငံရေးပါတီများသည် ယခုအခါ ၎င်းတို့၏ မဲဆန္ဒနယ်မြေများ AA ၏ ထိန်းချုပ်မှုအောက် ရောက်ရှိသွားခဲ့ပြီး၊ ထိုမြို့နယ်များတွင် ပါတီရပ်တည်ရေးနှင့် စည်းရုံးလှုံ့ဆော်ခွင့် လုံးဝမရှိ သဖြင့် ရခိုင်နိုင်ငံရေးအသွင်အပြင်များ ပြောင်းလဲသွားပြီ ဖြစ်သည်။ 

ထိုအခြေအနေတွင် အေးမောင်အတွက် စစ်ကော်မရှင်ကျင်းပမည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင် ရေးနှင့် နိုင်ငံရေးသမားတစ်ယောက်အဖြစ် ရပ်တည်ခွင့်ရရှိရေး မင်းအောင်လှိုင်ထံမှ ထမင်းစားလက်မှတ် ရရှိ သွားခဲ့သော်လည်း၊ ပြည်သူ့ရှေ့မှောက်တွင် မင်းအောင်လှိုင်၏ အရှင်လတ်လတ် နိုင်ငံရေးသတ်ခြင်း ခံလိုက်ရပြီဖြစ်သည်၊ ယခင် ရွေးကောက်ပွဲများမှာကဲ့သို့ ရခိုင်ပြည်သူများ၏ ထောက်ခံမဲရရန် မလွယ်ကူနိုင်တော့ပါ။  

မင်းအောင်လှိုင်၏ နောက်ထပ် ပစ်မှတ်ဖြစ်လာနိုင်သူ

စန္ဒာမင်း၊ အေးမောင်တို့နှင့်အတူ ပြည်တွင်း၌ နိုင်ငံရေးဘောင် ပြန်လည်ချဲ့ထွင်ရေး အတူတူကြိုးပမ်းခဲ့ကြသည့် အထင်ကရများထဲတွင် ပြည်သူ့ပါတီ ဥက္ကဋ္ဌ ကိုကိုကြီး တစ်ဦးသာ ကျန်ရှိပါတော့သည်။ ကိုကိုကြီးသည် စန္ဒာမင်းနှင့် အေးမောင်တို့၏ ကံကြမ္မာနှင့်မတူ ရွေးကောက်ပွဲဝင်ပြိုင်နိုင်ရေး ပထမစာမေးပွဲကို ကျော်လွှားအောင်မြင်ခဲ့ပြီး၊ ဖျက်သိမ်းခံရသော ပါတီများအထဲ ၎င်း၏ပါတီ မပါဝင်ခဲ့ပါ။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းခြင်းနှင့်အတူ ဒီမိုကရေစီနိုင်ငံရေး ရှင်သန်ရပ်တည်မှုကို ရိုက်ချိုးဖျက်ဆီးလိုက်သူမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဖြစ်သည်။ ထိုအချက်ကို ပြည်သူတစ်ရပ်လုံးက လက်ခံထားကြသလို၊ နိုင်ငံတကာအသိုက်အဝန်းကလည်း လက်ခံထားခဲ့ကြသည်။ ဥပဒေကြောင်းအရ ကြည့်ကြည့်၊ နိုင်ငံရေးအရ ကြည့်ကြည့် နားလည်ရခက်ခဲပြီး ရှုပ်ထွေးသော ဖြစ်စဉ်မျိုး မဟုတ်ပေ။

သို့သော် မင်းအောင်လှိုင်၏ အာဏာသိမ်းခြင်း လုပ်ရပ်ကို စန္ဒာမင်းနှင့် အေးမောင် ကဲ့သို့ပင် “အာဏာထိန်း” ခြင်းပါဟု ကမ္ဘာသိ ဝိုင်းဝန်းလိမ်ညာပေးခဲ့သူများထဲ ကိုကိုကြီးလည်း ထိပ်ဆုံးမှ ပါဝင်ခဲ့ပြီး၊ နိုင်ငံရေးဘောင် ပျက်စီးသွားခဲ့ရသည့် ဖြစ်ရပ်မှန် စစ်အာဏာသိမ်းမှုကို လစ်လျူရှုနှုတ်ဆိတ်လျက် ဒေါ်အောင်ဆန်းစုကြည် အပေါ် အပြစ်ပုံချခဲ့သည်။ 

ကိုကိုကြီးသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲမတိုင်မီက ဒေါ်အောင်ဆန်းစုကြည်၏ NLD ပါတီမှ ဝင်ရောက် ယှဉ်ပြိုင်ရန် ကြိုးစားခဲ့ဖူးပြီး၊ NLD က သူ့ကို လွှတ်တော်ကိုယ်စားလှယ်လောင်းအဖြစ် ရွေးချယ်မှု မပြုခဲ့သည့်အတွက် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံရေးအရ အာဃာတ ထားသူတစ်ဦး ဖြစ်သည်။

ထို့ကြောင့် အထက်တွင်ဖော်ပြခဲ့သော နိုင်ငံရေးသမားများထဲမှ အေးမောင်မှလွဲလျှင် ကျန်သူများအားလုံးသည် NLD ပါတီကို ဝင်ရောက်ပြီး လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရေး ကြိုးပမ်းခဲ့ကြသူများဖြစ်ပြီး၊ NLD ပါတီနှင့် အဆင်မပြေတော့သည့်အခါ ပါတီမှထွက်၊ ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံရေး အာဃာတထားကြသူများ ဖြစ်သည်။ 

ထိုအချက်ကို သိထားသော မင်းအောင်လှိုင်သည် ၎င်းတို့ကို စစ်အာဏာသိမ်းပြီးနောက် သိမ်းသွင်းစည်းရုံး နေရာပေး၍ အသုံးချခဲ့ပြီး၊ ယခုအခါ စစ်တပ်၏ အာဏာတည်ဆောက်ရေးလမ်းကြောင်းတွင် မလိုအပ်တော့ချိန် ရောက်လာသည့်အခါ နိုင်ငံရေး သင်းသတ်ခံလိုက်ရသူများအဖြစ် ရောက်ရှိသွားပြီ ဖြစ်သည်။ 

သို့ရာတွင် အနှီနိုင်ငံရေးသမားများသည် မြန်မာ့နိုင်ငံရေးတွင် နိုင်ငံရေးကပ်ပါးကောင်များအဖြစ် ဆက်လက် တွယ်ကပ်နေမည်မှာ သေချာပါသည်။ မင်းအောင်လှိုင်၏ ရက်စက်မှုကြောင့် အတိဒုက္ခရောက်ခဲ့ရသော ပြည်သူများကို ကျောခိုင်းလစ်လျူရှုခဲ့သော ထိုနိုင်ငံရေးသမားများသည် မကြာခင်ကာလတွင် ပြည်သူ့ဆန္ဒမဲများကို တောင်းခံကြတော့မည် ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။   

Related Articles

Back to top button