အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နတ်တလင်းတွင် မြေပြင်ဝေဟင် တိုက်ခိုက်မှုကြောင့် ၂ ဦးသေ၊ ၁၀၀ ကျော်ဖမ်းခံရ

စစ်ရေးပြင်းထန်နေသော နတ်တလင်းမြို့နယ်အရှေ့ခြမ်း၌ လွန်ခဲ့သည့်ရက်များတွင် ကျေးရွာများကို စီးနင်း၊ စစ်ကြောင်းထိုးစဉ် လက်နက်ကြီးနှင့်ဒရုန်းကြောင့် ဒေသခံနှစ်ဦး သေဆုံးပြီး ရွာခံ ၁၀၀ ကျော်အား လူသားဒိုင်းအဖြစ် စစ်တပ်က ဖမ်းဆီးထားသည်။

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်အရှေ့ဘက်ကျေးရွာနှစ်ရွာတွင် ဧပြီလ ပထမပတ်၌ စစ်တပ်က ဝင်ရောက် စီးနင်းခဲ့ပြီး လေကြောင်း၊ လက်နက်ကြီးပစ်ခတ်မှုများအတွင်း နှစ်ဦး သေဆုံး၊ နှစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့သည့်အပြင် ဒေသခံ ၁၀၀ ကျော် ဖမ်းဆီးခံထားရကြောင်း ဒေသခံများ၊ စစ်ရေးသတင်းရင်းမြစ်များထံက စုံစမ်းသိရသည်။

ဧပြီလ ၅ ရက်နေ့တွင် စစ်တပ်သည် နတ်တလင်းမြို့၏ အရှေ့ဘက် ခြောက်မိုင်ကျော်အကွာ ကံသာယာ ကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး ပိတ်မိသွားသော ရွာခံအများစုကို ဖမ်းဆီးခဲ့သည်။ နောက်တစ်နေ့ နံနက်တွင် ပေါင်းတည်မြို့ပေါ်အခြေစိုက် စစ်တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များ ကံသာယာကျေးရွာ၏ မြောက်ဘက် ကပ်လျက် ပဲမခမ်းကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့သည်။

ထိုနေ့တစ်နေ့တည်းတွင် ပဲမခမ်းကျေးရွာကို ဒရုန်း၊ အင်ဂျင်တပ်လေထီးဖြင့် လေကြောင်းဗုံးကြဲ တိုက်ခိုက်ခြင်းများ ပြုလုပ်ခဲ့သည်ဟု သိရသည်။ 

ဒရုန်းကြောင့် အမျိုးသားတစ်ဦးနှင့် ထမင်းချက်နေသည့်အမျိုးသမီးတစ်ဦး သေဆုံးပြီး နှစ်ဦးဒဏ်ရာ ပြင်းထန်စွာရရှိသည်ဟု နတ်တလင်းမြို့နယ်ဒေသခံများထံက သိရသည်။

“လေးယောက်ထိပြီး နှစ်ယောက် သေသွားတာ။  ရွာထဲကသူတွေကိုတော့ လူသားဒိုင်း သဘောထားပြီး ဖမ်းတယ်လို့ ယူဆတာပဲ၊ ၁၀၀ လောက်ရှိတယ်။ သူတို့က ရွာထဲပိတ်မိပြီး ဖမ်းဆီးခံထားလိုက်ရတာ” ဟု စစ်ရှောင်များကို ကူညီနေသူ အမျိုးသမီးတစ်ဦးက ဆိုသည်။

နတ်တလင်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်တစ်ဦးကလည်း “ စစ်ကြောင်း က ကံသာယာရွာထဲ ဝင်လာပြီး ဒေသခံတွေကို ဖမ်းလို့ ပဲမခမ်းကိုပြေးကြချိန် စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ချိန်မှာ သေဆုံးကြတာ။ အခု စစ်တပ်က ကံသာယာမှာရော ပဲမခမ်းမှာရော အထိုင်နေပြီး အနီးအနားရွာတွေကို လှည့်ပတ်နေတာ”ဟု ပြောသည်။

လက်ရှိတွင် ကံသာယာနှင့် ပဲမခမ်းရွာတို့၌ စစ်တပ်က တပ်စွဲအထိုင်ချလိုက်ပြီး အနီးအနားကျေးရွာများကို စစ်ကြောင်းထိုးနေရာ ဖမ်းဆီးထားသော ကန်သာယာကျေးရွာဒေသခံများကို ခေါ်ဆောင်သွားကြောင်း  အထက်ပါ စစ်ရှောင်အရေးကူညီသူအမျိုးသမီးထံက သိရသည်။

ဖမ်းဆီးခံထားရသည့် ဒေသခံများထဲတွင် သက်ကြီးရွယ်အိုများနှင့်  လူငယ်အမျိုးသားများပါဝင်ပြီး လတ်တလောတွင် အင်တာနက်နှင့် ဖုန်းလိုင်းအခက်အခဲများကြောင့် စစ်တပ်က ဖမ်းဆီးထားသူများနှင့် ဆက်သွယ်မရသည်မှာ သုံးရက်ကြာမြင့်နေပြီ ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ကံသာယာနှင့်ပဲမခမ်းကျေးရွာများတွင် တပ်စွဲထားသည့် စစ်တပ်ကအနီးနားရှိ  ညောင်ဝိုင်း၊ စံကြီးလောင့် ၊ ကျောက်စွယ်၊ ကျောက်ခွက် စသော ကျေးရွာများကို လှည့်လည်၍ စစ်ကြောင်းထိုးနေသည်။ 

စစ်ကြောင်းထိုးခံနေရသည့်ကျေးရွာများသည် တော်လှန်ရေးတပ်ဖွဲ့များ ဖြတ်သန်းသွားလာမှုသာရှိသည့် ကျေးရွာများဖြစ်ကြောင်း ထိုအမျိုးသမီးက ရှင်းပြသည်။

 “သတိရတိုင်း စစ်ကြောင်းဝင်သလို ဖြစ်နေတယ်။ နတ်တလင်းကို ဘာလို့အငြိုးထားနေလဲဆိုတာ စဉ်းစားလို့တောင်မရပါဘူး” ဟု ဆိုသည်။

ဘာကြောင့် နတ်တလင်းက စစ်ရေးပစ်မှတ်ဖြစ်လာတာလဲ

နတ်တလင်းမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ညိုသစ်တောကြိုးဝိုင်းအလွန် PDFများ၊ ကရင်အမျိုးသား အစည်းအရုံး(KNU)တပ်များ လှုပ်ရှားကြသော ဖြူးမြို့နယ်နှင့် ကျောက်တံခါးမြို့နယ်ရှိသည်။

နတ်တလင်းမြို့နယ်၏ တောင်ဘက်တွင် ဇီးကုန်းမြို့နယ်၊ ကြို့ပင်ကောက်မြို့နယ်တို့နှင့် ထိစပ်လျက်ရှိသည်။ အနောက်တွင် သာယာဝတီခရိုင် မိုးညို၊ ရွှေတောင်၊ မြောက်ဘက်တွင် ပြည်ခရိုင်၊ ပေါင်းတည်၊ သဲကုန်းမြို့တို့နှင့် ထိစပ်နေသည့် မြို့ဖြစ်သည်။

ပဲခူးအရှေ့ပိုင်းနှင့်အနောက်ပိုင်းတပ်များ တပြိုင်နက် စစ်ရေးလှုပ်ရှားမှုများ ယခုနှစ်များ၌ စိပ်လာချိန် စစ်တပ်က ထိုအခြေအနေကို ဖြတ်တောက်ရန် ကြိုးပမ်းလာသည်။ 

အလားတူ ဧရာဝတီမြစ်အနောက်ဘက်တွင်လည်း ရခိုင်ရိုးမနှင့်ထိစပ်နေရာ အာရက္ခတပ်တော် (AA) ၏ ထိုးစစ်သည်လည်း ပုသိမ်- မုံရွာလမ်းမကြီးကျော်၍ မြစ်အနောက်ဘက် ပြည်ခရိုင်၊ ပန်းတောင်းမြို့အနီး ရောက်ရှိလာသည်။

နတ်တလင်းမြို့အရှေ့ခြမ်းသည် တော်လှန်ရေးတပ်ဖွဲ့များ စိုးမိုးထားသည့် နယ်မြေဖြစ်ပြီး သိမ်းပိုက်ထားသည့် စစ်တပ်အထိုင်စခန်းများပြန်လည်ရယူလိုခြင်းနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များ နတ်တလင်းမြို‌ပေါ်သို့ တိုက်ပွဲ ဖော်ဆောင်နိုင်ခြင်းမရှိနိုင်ရန် ရည်ရွယ်၍ စစ်ကြောင်းထိုးတိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း  အထက်ပါ PDF တပ်ဖွဲ့ဝင်က ဆိုသည်။

၂၀၂၅ ခုနှစ် ဧပြီလ ၁၁ ရက်တွင် တွေ့ရသော သာယာဝတီခရိုင် အမှတ် (၃၈၀၁)တပ်ရင်း ရဲဘော်များ။ (ဓာတ်ပုံ- ၃၈၀၁)တပ်ရင်း) 

ယနေ့ (ဧပြီလ ၈ ရက်) နံနက်အထိ စစ်တပ်က နတ်တလင်းမြို့နယ်အရှေ့ပိုင်းကျေးရွာများကို လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသလို တိုက်ပွဲများ ပြင်းထန်နေဆဲဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) သာယာဝတီခရိုင်၊ အမှတ် (၃၈၀၁) တပ်ရင်းမှ ဒုတပ်ရင်းမှူး ကိုညီညီက နံနက်ပိုင်းတွင် ပြောသည်။

လတ်တလောတွင် တိုက်ပွဲဖြစ်နေ၍ အသေးစိတ်မဖြေကြားနိုင်သေးကြောင်း ၎င်းက ဆက်ပြောသည်။

နတ်တလင်းအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ဝင် အခြား အမျိုးသားတစ်ဦးက စစ်တပ်သည စစ်ကြောင်းများ ဖြန့်ခွဲပြီး မြို့နယ်အရှေ့ခြမ်းကို စစ်ကြောင်းထိုးနေခြင်းဖြစ်သည်ဟု ဆိုသည်။ 

“ ဒမငယ်ဘက်က xxx ကတော့ မဆုတ်သေးဘူး။ လက်ရှိကတော့ ဖြန့်ထိုးတဲ့အနေအထားရှိတာပေါ့” ဟု ဆိုသည်။​ 

ဆက်လက်၍ “ တိုက်ပွဲကတော့ နယ်မြေပြန်လိုချင်တဲပုံစံမျိုးရှိတယ်။ ထိုးတာကတော့ ဖြန့်ပြီးတော့မှ အဘက်ဘက်က ညှပ်ထိုးတာပေါ့။ ၆ ရက်နေ့ကဆိုရင် ပါရာမော်တာတောက်လျှောက်လာတယ်။ ဒရုန်းတွေသုံးတယ်။ ပေါင်းတည်တပ်ကနေ ဟောင်ဝစ်ဇာအမြောက်တွေနဲ့ထုတာတွေရှိတယ်။ စစ်ကြောင်း သုံးလေးကြောင်းလောက်တော့ ရှိတယ်။ ညှပ်ထိုးနေတာ” ဟု ၎င်းက ဆက်ပြောသည်။ 

ပေါင်းတည်မှ နတ်တလင်းဘက် သွားသည့်လမ်းကြောင်းများကို တော်လှန်ရေးတပ်များဘက်က ပိတ်ထားနိုင်ဖွယ်ရှိကြောင်း ၎င်းက ဆိုသည်။

“ ပေါင်းတည်ကနေ ဒီဘက်တဝိုက် နတ်တလင်းဘက်ဝင်နိုင်မယ့် ကျောက်ဆွယ်၊ ကျောက်ခွက် ၊ မန်ကျည်းပင်၊ ကင်ပုံဘက်၊ မဲခေါင်းဘက် လမ်းကြောတွေပိတ်တယ်။ မနက်ဖြန်လောက်ကိုပိတ်မယ်။ ငါးရက်လောက်ပိတ်မယ်။ ပိတ်တာကတော့ တိုက်ပွဲဖြစ်ကတည်းကတောက်လျှောက်လိုလိုပဲ ပိတ်ထားတာ။ အခုဟာကထပ်ပြီးတော့ ပိတ်မယ်ဆိုပြီး ထပ်ပြောပြီးပိတ်မယ့်အနေအထားရှိတယ်” ဟု အထက်ပါ နတ်တလင်းတော်လှန်ရေးအဖွဲ့ဝင်က ပြောသည်။ 

ပဲခူးရိုးမကို အခြေပြု၍ လက်နက်ကိုင်ခုခံနေသော ပဲခူးတိုင်းအနောက်ခြမ်း တော်လှန်ရေးတပ်ဖွဲ့များ အားကောင်းလာသဖြင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှစ၍ စစ်တပ်စစ်ကြောင်းများသည် နတ်တလင်းမြို့နယ် အရှေ့ခြမ်းကျေးရွာများကို စစ်ကြောင်းထိုး ဝင်ရောက်လာခဲ့ရာမှ ဒေသတွင်း စစ်ရေးပြင်းထန်ခဲ့သည်။

ထို့ကြောင့် လတ်တလောတွင် ကံသာယာ၊ ပဲမခမ်း၊ စံကြီးလောင့်၊ ကျောက်ဆွယ်၊ ကျောက်ခွက်၊ ရှားစေဖိုး၊ ဖလံပင်၊ သရက်ပင်ကံရိုး၊ ညောင်ဝိုင်း၊ ထန်းတော၊ အိုးဖိုကုန်း၊ ရေနံကုန်း၊ လယ်မအင်း၊ ဘန့်ဘွေးကုန်း၊ ချောင်း ကမ်းကြီး ၊ သာယာကုန်း စသော ကျေးရွာ ၁၆ ရွာထက်မနည်းမှ ဒေသခံ တစ်သောင်းကျော် စစ်ဘေးရှောင်နေကြကြောင်း အထက်ပါ စစ်ဘေးရှောင်များကို ကူညီနေသူ နတ်တလင်းဒေသခံ အမျိုးသမီးက ဆိုသည်။

နတ်တလင်းမြို့နယ် ရှားစေဖိုးရွာဒေသခံများ တောတောင်များအတွင်း တိမ်းရှောင်နေသည်ကို ယမန်နှစ် ဒီဇင်ဘာလအတွင်း တွေ့ရစဉ်။ (ဓာတ်ပုံ-ပေးပို့)

ထွက်ပြေးတိမ်းရှောင်ရသည့် စစ်ဘေးရှောင်များ ပိုမိုများပြားလာသလို နွေရာသီအချိန်ဖြစ်၍ သောက်သုံးရေ၊ အစားအသောက်နှင့် ဆေးဝါးများအဓိက လိုအပ်နေကြောင်း ပြောသည်။

မတ်လဒုတိယပတ်ကလည်း နတ်တလင်းမြို့နယ်တွင် နေအိမ် ၁၅၀ ကျော် မီးရှို့ခံရပြီး အရပ်သား သုံးဦး သတ်ဖြတ်ခံရသည့်အပြင် ငါးဦး ဖမ်းဆီးခံခဲ့ရသည်။

ယခုနှစ် ဖေဖော်ဝါရီလဆန်းကတည်းက နတ်တလင်းမြို့အရှေ့ဘက် ရှစ်မိုင်ခန့်အကွာ ဒမငယ်ကျေးရွာတွင် အထိုင်ချတပ်စွဲထားသော စစ်တပ်က ရုတ်တရက်စစ်ကြောင်းထိုးလာပြီး ဖမ်းဆီးသတ်ဖြတ်ခဲ့ခြင်း ဖြစ်သည်။ 

လက်ရှိအချိန်အထိ ဒမငယ်နှင့် ငုတ်တရာကျေးရွာတို့တွင် အထိုင်ချတပ်စွဲထားသော စစ်တပ်စစ်ကြောင်း တစ်ခု ဆက်ရှိနေဆဲဖြစ်သည်ဟု  ဒေသခံများထံက သိရသည်။

ထိုစဉ်ကတည်းက စစ်ရှောင် ဒေသခံ သောင်းဂဏန်းရှိနေရာမှ လတ်တလော စစ်ကြောင်းကြောင့် စစ်ရှောင်များ တစ်သောင်းနီးပါး ထပ်တိုးလာသည်ဟု ဆိုကြသည်။ 

နတ်တလင်းမြို့နယ်အရှေ့ပိုင်း စစ်ရေးအခြေအနေပြမြေပုံ။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button