အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဗိုလ်ချုပ်ဂွန်မော် ရှမ်းမြောက်ခရီးစဉ်တွင် TNLA၊ MNDAA၊ SSPP တို့နှင့် တွေ့ဆုံ

ခရီးစဉ်အတွင်း ရှမ်းမြောက်ရှိ တိုင်းရင်းသားလူမျိုးများအကြား အတူယှဉ်တွဲနေထိုင်ရေးအတွက် ပြောဆိုခဲ့ကြသလို ရှမ်းလက်နက်ကိုင်တပ် (SSPP/SSA)၊ တအာင်းတပ် (TNLA)၊ ကိုးကန့်တပ် (MNDAA)လက်နက်ကိုင်တပ်သုံးဖွဲ့နှင့်လည်း တွေ့ဆုံခဲ့ကြသည်ဟု KIO သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

ကချင်လွတ်လပ်ရေးအဖွဲ့ (KIO/KIA) ထိပ်ပိုင်းခေါင်းဆောင်နှင့်အဖွဲ့၏  ရှမ်းပြည်နယ်မြောက်ပိုင်း ခရီးစဉ်အတွင်း ဒေသခံလူထုအပါဝင် တိုင်းရင်းသားလက်နက်ကိုင်သုံးဖွဲ့နှင့်ပါတွေ့ဆုံ၍ အတူယှဉ်တွဲနေထိုင်ရေးအတွက် ဆွေးနွေးခဲ့ကြောင်း သိရသည်။ 

KIO ဒုတိယဥက္ကဋ္ဌဖြစ်သူ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်ဦးဆောင်သည့် အဖွဲ့သည် ဧပြီလ ၄ ရက်မှ ၆ ရက်အထိ ရှမ်းပြည်နယ် မြောက်ပိုင်းသို့ ခရီးနှင်ခဲ့ကြသည်။

အဆိုပါခရီးစဉ်သည် ရှမ်းပြည်နယ် မြောက်ပိုင်းရှိ KIO/KIAတပ်များနှင့် ဝန်ထမ်းများကို သွားရောက်တွေ့ဆုံခြင်းဖြစ်ကြောင်း KIO သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီး နော်ဘူက ပြောသည်။

ခရီးစဉ်အတွင်း ရှမ်းမြောက်ရှိ တိုင်းရင်းသားလူမျိုးများအကြား အတူယှဉ်တွဲ နေထိုင်ရေးအတွက် ပြောဆိုခဲ့ကြသလို ရှမ်းလက်နက်ကိုင်တပ် (SSPP/SSA)၊ တအာင်းတပ် (TNLA)၊ ကိုးကန့်တပ် (MNDAA)လက်နက်ကိုင်တပ်သုံးဖွဲ့နှင့်လည်း တွေ့ဆုံခဲ့ကြသည်ဟု ၎င်းက ဆိုသည်။

“MNDAAနဲ့ TNLA ပြဿနာတွေဖြစ်ခဲ့တယ်ဆိုတော့ ပြည်သူလူထုတွေလည်း အားငယ်နေကြမှာပေါ့။ ဒါကြောင့် အခက်အခဲတွေကို အားလုံးဝိုင်းဝန်းအဖြေရှာပြီး ကျော်ဖြတ်ရအောင်၊ စိတ်အားမငယ်ကြနဲ့ဆိုပြီးမှ အားပေးစကားပြောတာပေါ့”ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“ပလောင်တိုင်းရင်းသားနဲ့ ကျွန်တော်တို့ ကချင်တွေက ရှေးယခင်ကတည်းက အတူယှဉ်တွဲနေထိုင်ကြတဲ့ သူတွေဖြစ်တယ်။ တော်လှန်ရေးလမ်းစဉ်ကလည်း အတူတူလျှောက်လှမ်းတဲ့ အဖွဲ့စည်းတွေဖြစ်တယ်။ ဒါကြောင့် အချင်းချင်းလက်တွဲပြီးမှ ကူညီရအောင်ဆိုပြီး အားပေးစကားတွေပြောထားတာ”

၂၀၂၄ ခုနှစ် ဇန်နဝါရီလအတွင်း ရှမ်းမြောက် ကွတ်ခိုင်မြို့နယ် နမ့်ဖတ်ကာ ဒေသကို KIA က  သိမ်းပိုက်ထားခြင်းဖြစ်ပြီး လူမျိုးပေါင်းစုံနေထိုင်လျက်ရှိသည့် ဒေသတစ်ခုလည်းဖြစ်သည်။

ထို့အပြင် အဆိုပါဒေသတွင် လှုပ်ရှားနေသည့် လက်နက်ကိုင်တပ်များဖြစ်သော SSPP၊ TNLA၊ MNDA Aတို့နှင့် KIO ဒုတိယဥက္ကဋ္ဌနှင့်အဖွဲ့က သီးခြားစီတွေ့ဆုံခဲ့ခြင်းဖြစ်ပြီး တော်လှန်ရေးအဖွဲ့များအကြား အချင်းချင်းကူညီဖေးမ နေထိုင်ရန် ပြောဆိုခဲ့သည်ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

“အချင်းချင်း မဟာမိတ်တွေဖြစ်တဲ့အတွက် အချင်းချင်းကူညီပြီးမှ နေရအောင်ဆိုပြီး အားပေးစကားတွေ ပြောထားတာပေါ့”ဟု ၎င်းက ပြောသည်။

အဆိုပါသုံးဖွဲ့နှင့် တွေ့ဆုံစဉ် စစ်ရေးနှင့်ပတ်သက်သည့် ပြောဆိုဆွေးနွေးမှုအခြေအနေ မကြားသိရကြောင်း ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

 ညီနောင်မဟာမိတ်နှစ်ဖွဲ့ဖြစ်သည့် ကိုးကန့်တပ်နှင့် တအာင်းတပ်နှစ်ခုအကြားတွင် ယခုနှစ် ဖေဖော်ဝါရီလမှစ၍ နှစ်ဖက်အကြား စစ်ရေးတင်းမာမှုများဖြစ်ပေါ်လျက်ရှိပြီး ပြီးခဲ့သည့် မတ်လ ၁၄ ရက်တွင် ကွတ်ခိုင်မြို့အပါအဝင် တအာင်းတပ်က ထိန်းချုပ်ထားသည့်နေရာများကို ကိုးကန့်တပ်က ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ထားသည်။

ထို့နောက် နှစ်ဖက်ခေါင်းဆောင်များအကြား တွေ့ဆုံဆွေးနွေးပြီးနောက် အပစ်အခတ်ရပ်စဲထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button