အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

သင်္ကြန်ကာလလူစုလူဝေးမလုပ်ရန် အာရက္ခတပ်တော် (AA) သတိပေး

အာရက္ခတပ်တော် (AA) က ယင်းတို့ထိန်းချုပ်နယ်မြေများတွင် သင်္ကြန်ကာလအတွင်း မဏ္ဍပ်များဆောက်၍ ရေကစားခြင်းနှင့် လူစုလူဝေး မပြုလုပ်ရန် တားမြစ်ချက်ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ်အများအပြားကို ထိန်းချုပ်ထားသော အာရက္ခတပ်တော် (AA)က ၎င်းတို့ ထိန်းချုပ်ထားသောမြို့နယ်များတွင် သင်္ကြန်ကာလအတွင်း လူစုလူဝေးဖြစ်စေသော မဏ္ဍပ်များပြုလုပ်၍ ရေမကစားကြရန် သတိပေးထုတ်ပြန်ထားသည်။

လူအရေအတွက် အများအပြား စီးနင်းလိုက်ပါ၍ ကားများဖြင့် မြို့ပေါ်တွင်လှည့်ပတ်ခြင်း၊ တစ်မြို့နှင့်တစ်မြို့၊       တစ်ရွာနှင့်တစ်ရွာ ကားများဖြင့် လှည့်ပတ်သွားလာ၍ ရေကစားခြင်းတို့ မပြုလုပ်ရန် ဧပြီလ ၈ ရက်နေ့တွင် သတိပေးချက် ထုတ်ပြန်ထားသည်။

ထို့အပြင် ဘုန်းကြီးကျောင်းများတွင် လူစုလူဝေးဖြင့် ဥပုသ်သီလဆောက်တည်ခြင်း၊ လူစုလူဝေးဖြင့် အလှူအတန်း ပြုလုပ်ခြင်း၊ အသံချဲ့စက် ဆူညံစွာဖွင့်ခြင်း၊ လူမှုပတ်ဝန်းကျင်ကို အသံ၊ အပြုအမူဖြင့် အနှောင့်အယှက်ဖြစ်စေခြင်း စသည့်လုပ်ရပ်များ မပြုလုပ်ရန် တိုက်တွန်းထားသည်။

AA ထိန်းချုပ်ထားသော ဒေသများကို အာဏာသိမ်းစစ်တပ်က လေကြောင်းဖြင့် မကြာခဏ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူများအနေဖြင့် စည်းကမ်းချက်များကို သေချာလိုက်နာရန်လိုသည်ဟု AA အုပ်ချုပ်ရေးဌာနမှ မြို့နယ်အဆင့် အရာရှိတစ်ဦးက ပြောသည်။

“လေကြောင်းကနေ အချိန်မရွေးဗုံးကြဲနေတာရှိတော့ ပြည်သူတွေ ဘေးကင်းအောင် အခုလို စည်းကမ်းထုတ်ပြန်တာ။ သူတို့(စစ်တပ်)က လူစည်ကားတဲ့နေရာတွေ၊ ဘုန်းကြီးကျောင်းတွေကို ပစ်မှတ်ထားတိုက်ခိုက် နေတာလေ။ သင်္ကြန်ကာလမှာလည်း သူတို့မပစ်နိုင်ဘူးလို့ မပြောနိုင်ဘူးဆိုတော့ ပြည်သူတွေ သတိရှိရှိနဲ့နေသင့်ပါတယ်”ဟု ပြောသည်။

စစ်တပ်သည် ယမန်နေ့(ဧပြီလ ၈ ရက် )တွင်လည်း မင်းပြားမြို့နယ်၊ ပုလဲတောင်(ကပ္ပဲ့)ရွာကို လေကြောင်းဖြင့် ဗုံးကြဲခဲ့သဖြင့်အသက် ၃၅ နှစ်အရွယ် ဦးမျိုးချစ်(ခ)အမဲ သေဆုံး၍ အသက် ၁၅ နှစ်အရွယ် မောင်သန်းဝင်းမောင် ဒဏ်ရာ ရရှိသွားသည်။

ထိုကဲ့သို့ လေကြောင်းတိုက်ခိုက်မှုများ ရှိနေသောကြောင့် စိုးရိမ်ကြောက်လန့်စိတ်များဖြင့် နေထိုင်ရပြီး လုံခြုံမှုကင်းမဲ့နေသည်ဟုလည်း မင်းပြားမြို့နယ်မှ ဒေသခံတစ်ဦးက ပြောသည်။

“လန့်သွားတယ်။ လာပြီး ဂျိမ်း… ဂျိမ်းနဲ့ ပစ်ခတ်ခဲ့တာ အခုဆိုရင် ဘယ်နေရာမှာ ရှောင်နေမှ၊ ပြေးနေမှ အန္တရာယ်ကင်းမလဲတွေးနေတာ၊ လေယာဥ်တစ်စီးပျံလာတိုင်း ဗုံးကြဲသွားမလားဆိုပြီး စိုးရိမ်နေရတယ်။ ခရီးသွားရင်လည်း ဗုံးခိုကျင်း ဘယ်မှာရှိမလဲ စုံစမ်းထားပြီး နေရတယ်”ဟု ၎င်းက ဆိုသည်။

ကာကွယ်ရေးဦးစီးချုပ်အဖြစ် ဗိုလ်ချုပ်ကြီးရဲဝင်းဦး ဆက်ခံပြီးနောက် ဧပြီလ ၁ ရက်နေ့တွင်လည်း သံတွဲမြို့နယ်ကို လေကြောင်း၊ ရေကြောင်းတိုက်ခိုက်ခဲ့သဖြင့် ကလေးများအပါအဝင် အရပ်သားလေးဦး သေဆုံး၊ သုံးဦးဒဏ်ရာ ရသည်။

ယခုနှစ်စပိုင်းတွင် အထင်ရှားဆုံးဖြစ်ရပ်အဖြစ် ပြီးခဲ့သည့် မတ်လ ၈ ရက်တွင် အမ်းမြို့နယ်၊ ဒါးလက်ချောင်း ဒေသရှိ စစ်သုံ့ပန်း အကျဉ်းစခန်းကို စစ်တပ်က ဗုံးကြဲခဲ့ရာ စစ်သုံ့ပန်း ၁၁၆ ဦး သေဆုံးခဲ့ပြီး ၃၂ ဦး ဒဏ်ရာရရှိခဲ့သည်။ ထိုအထဲတွင် ဖမ်းဆီခံ စစ်တပ်အရာရှိကြီးများလည်း ပါဝင်သည်ဟု AA က ဆိုသည်။

ယခုရက်များအတွင်း ရခိုင်ပြည်နယ်ကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ရာ တစ်ကြိမ်တည်းမှာပင် လေယာဥ် အများအပြား အသုံးပြုတိုက်ခိုက်လာသဖြင့် ပြည်သူများအနေဖြင့် လေကြောင်းအန္တရာယ် အထူးသတိ ရှိရန် AA ကတိုက်တွန်းထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button