အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

စစ်တပ်အပြင် တော်လှန်ရေးအဖွဲ့များအတိုင်ပင်ခံအဖွဲ့ အပြိုင် ဖွဲ့စည်း

ကိုယ့်ကိုယ်ကိုယ် ခန့်အပ်သည့် သမ္မတရာထူးယူထားသူ မင်းအောင်လှိုင် ဖွဲ့စည်းလိုက်သော ပြည်ထောင်စု အတိုင်ပင်ခံကောင်စီတွင် ဒုတပ်ချုပ်ဟောင်း ဦးစိုးဝင်းကို ဥက္ကဋ္ဌ၊ စစ်ကော်မရှင် စတင်ဖွဲ့စည်းစဉ်က အဖွဲ့ဝင်များအဖြစ်ပါဝင်ခဲ့သည့် မန်းငြိမ်းမောင်၊ ဒေါ်ဒွဲဘူတို့ကို အဖွဲ့ဝင်များအဖြစ် ထည့်သွင်းထားသည်။

အာဏာသိမ်းစစ်တပ်က ရွေးကောက်ပွဲပြုလုပ်၍  စစ်အုပ်စုအစိုးရဖွဲ့ပြီးနောက် မူဝါဒရေးရာ အကြံပေးမည့် အတိုင်ပင်ခံကောင်စီဖွဲ့စည်းထားပြီး စစ်အာဏာရှင်ကို လက်နက်ကိုင်ဆန့်ကျင်တော်လှန်နေသည့် ကရင်အမျိုးသား အစည်းအရုံး (KNU)  ကလည်း အတိုင်ပင်ခံကောင်စီကို ယနေ့ (ဧပြီလ ၁၀ရက်)တွင် အပြိုင်ဖွဲ့စည်းလိုက်သည်။

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် ၎င်းကိုယ်၎င်း သမ္မတအဖြစ်ခန့်အပ်ပြီးနောက် ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ၏ ဥက္ကဋ္ဌနေရာတွင်  ဒုတပ်ချုပ် တာဝန်ထမ်းဆောင်ခဲ့သည့် ဦးစိုးဝင်းကို ခန့်အပ်လိုက်ကြောင်း ယနေ့(ဧပြီလ ၁၀ ရက်)တွင် ကြေညာသည်။

ပြည်ထောင်စု အတိုင်ပင်ခံကောင်စီအတွင်းရေးမှူးအဖြစ် အငြိမ်းစားဗိုလ်ချုပ်ကြီး မောင်မောင်အေး၊ ကောင်စီအဖွဲ့ဝင်များ အဖြစ် ရှစ်ဆယ့်ရှစ်မျိုးဆက်ဟောင်း ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီး၊ ပါလီမန်ဒီမိုကရေစီခေတ် အစိုးရအဖွဲ့ ဒုဝန်ကြီးချုပ် ဦးကျော်ငြိမ်း၏ သမီး ဒေါ်ချိုချိုကျော်ငြိမ်း၊ ယခင် စစ်ကော်မရှင်၏ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီး ဦးကိုကိုလှိုင်၊ စစ်ကော်မရှင် အကြံပေး ဒေါက်တာရင်ရင်နွယ်၊ စစ်ကော်မရှင်အဖွဲ့ဝင်ဟောင်းများဖြစ်သည့် မန်းငြိမ်းမောင်၊ ဒေါ်ဒွဲဘူ၊ တိုင်းရင်းသား လူမျိုးရေးရာ ဒုဝန်ကြီး ဦးဇော်အေးမောင်၊ ဦးသန်းဆွေး၊ ဦးမိုးအောင်တို့ဖြင့် ဖွဲ့စည်းကြောင်း ကိုယ့်ကိုယ်ကိုယ် ခန့်အပ်သည့် သမ္မတရာထူးယူထားသူ ဦးမင်းအောင်လှိုင်က လက်မှတ်ရေးထိုးထားသည်။

ပြည်ထောင်စု အတိုင်ပင်ခံကောင်စီသည် ပြည်ထောင်စု၏ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးဆိုင်ရာများ၊ နိုင်ငံတကာ ဆက်ဆံရေးဆိုင်ရာများ၊ ငြိမ်းချမ်းရေးဆိုင်ရာများ၊ ဥပဒေပြဋ္ဌာန်းရေးဆိုင်ရာများကို အကြံပေးခြင်း၊ ညှိနှိုင်းဆောင်ရွက်ခြင်းတို့ ပြုလုပ်ရန်ရည်ရွယ်သည်ဟု ဆိုသည်။ ။

အလားတူ စစ်အာဏာရှင်ကို လက်နက်ကိုင်ဆန့်ကျင်တော်လှန်နေသည့် ကရင်အမျိုးသားအစည်းအရုံး (KNU) ကလည်း ကော်သူးလေ အတိုင်ပင်ခံကောင်စီနှင့် ကော်သူးလေအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်းလိုက်ကြောင်း ယနေ့(ဧပြီလ ၁၀ ရက်)တွင် ကြေညာသည်။

 ကော်သူးလေ ဖက်ဒရယ်ယူနစ် တည်ဆောက်ရေးဆိုင်ရာဆွေးနွေးပွဲတွင်တွေ့ရသည့် KNU ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းနှင့်  ဒုဥက္ကဌ ပဒိုစောစဲဂေ။ (ဓာတ်ပုံ − KNU)
 

ကော်သူးလေ ဆိုသည်မှာ ကရင်ဘာသာစကားဖြင့် မကောင်းမှုတို့ ကင်းစင်ရာမြေဟု အဓိပ္ပာယ်ရပြီး ၁၉၄၈ ခုနှစ် မြန်မာ့ပြည်တွင်းစစ် အစပိုင်းကာလကတည်းက ကရင်လူမျိုးများ သီးခြားထူထောင်လိုသည့် နိုင်ငံသို့မဟုတ် ပြည်၏ အမည်ဖြစ်သည်။

ကော်သူးလေအတိုင်ပင်ခံကောင်စီ၏ တာဝန်မှာ ကော်သူးလေ ဖက်ဒရယ်ယူနစ် ပုံဖော်ရေးတွင် သက်ဆိုင်ရာ ဒေသန္တရမှ ကိုယ်စားပြုမှုများ ပိုမိုအားကောင်းလာစေရန်၊ လိုအပ်သော အကြံပေးမှုများ၊ နည်းပညာပံ့ပိုးမှုများရရှိရန်၊ လမ်းညွှန်ဆောင်ရွက်ပေးရန်တို့ဖြစ်သည်ဟု KNU ဗဟို၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကော်သူးလေ အုပ်ချုပ်ရေးကောင်စီ၏ တာဝန်မှာ လက်ရှိ KNU ၏ အုပ်ချုပ်ရေးဌာန (၁၂) ခုအနက် ဌာန (၇) ခုကို အစပြု၍ ပိုမိုကျယ်ပြန့်သော ပါဝင်မှုနှင့် စွမ်းဆောင်ရည် ပိုအားကောင်းသော ဌာနများ ဖြစ်လာစေရန် ကောင်းမွန်သော အုပ်ချုပ်ရေးစံများနှင့်အညီ ဆောင်ရွက်ရန်ဖြစ်သည်ဟုလည်း KNU ဗဟို၏ ကြေညာချက်တွင် ပါရှိသည်။

ကော်သူးလေအတိုင်ပင်ခံကောင်စီနှင့် အုပ်ချုပ်ရေးကောင်စီကို ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်မှ ဧပြီလ ၂ ရက်အထိ ကျင်းပခဲ့သော ကော်သူးလေ ဖက်ဒရယ်ယူနစ် တည်ဆောက်ရေးဆိုင်ရာ တိုင်ပင်ဆွေးနွေးပွဲတွင် ဖိတ်ကြားထားသည့် ကိုယ်စားလှယ် ၆၅ ဦးအနက် ကိုယ်စားလှယ် ၅၈ ဦးတို့ အကျေအလည်ညှိနှိုင်းဆွေးနွေးပြီး အတည်ပြုခဲ့သည်ဟုလည်း ဆိုသည်။

ဆွေးနွေးပွဲတွင် ၂၀၂၀ ရွေးကောက်ပွဲ၌ ပြည်နယ်နှင့် တိုင်းဒေသကြီးအဆင့် ရွေးကောက်တင်မြှောက်ခံရသော ကော်သူးလေ ပဋိညာဉ်ကို လက်ခံသော ဌာနေကိုယ်စားလှယ်များ တက်ရောက်နိုင်ခဲ့ခြင်းမရှိကြောင်းသိရသည်။ သို့သော်လည်း KNU က မတ်လအတွင်း လူချင်းတွေ့၍ အကြံဉာဏ်များ ရယူခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

 ၂၀၂၀ ရွေးကောက်ပွဲ၌ ပြည်နယ်နှင့် တိုင်းအဆင့် ရွေးကောက်တင်မြှောက်ခံရသော လူထုကိုယ်စားလှယ်များ ပါဝင်လာနိုင်ရေးကို ကော်သူးလေအုပ်ချုပ်ရေးကောင်စီဖွဲ့ပြီးနောက် သုံးလအတွင်း ဆောင်ရွက်ရန် အစည်းအဝေးတွင် ဆုံးဖြတ်ထားကြောင်း KNU က ဆိုသည်။ ကော်သူးလေ အတိုင်ပင်ခံကောင်စီနှင့် အုပ်ချုပ်ရေးကောင်စီတွင် မည်သည့် ပုဂ္ဂိုလ်များ ပါဝင်သည်ကို KNU ဘက်က ကြေညာလာခြင်းမရှိသေးပေ။

ကြေညာချက်နှင့် ပတ်သက်၍ ပိုမိုသိနိုင်ရန် KNU ဗဟိုပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးအား Myanmar Now က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ယခုသတင်းရေးသားချိန်အထိ ပြန်လည် ဖြေကြားခြင်းမရှိပေ။ ကော်သူးလေ အုပ်ချုပ်ရေးကောင်စီ၏ နယ်နိမိတ်နှင့် ပတ်သက်၍လည်း ရှင်းရှင်းလင်းလင်းမသိရသေးပေ။

KNU ကမူ မြန်မာပြည်တောင်ပိုင်းတွင် တောင်ငူ ၊ ညောင်လေးပင် ၊ မူတြော် ၊ သထုံ ၊ ဖားအံ ၊ ဒူးပလာယာနှင့် မြိတ်- ထားဝယ်ခရိုင်ဆိုသည့် အုပ်ချုပ်ရေးနယ်မြေ ခုနစ်ခုသတ်မှတ်ပြီး အုပ်ချုပ်ရေးနှင့် စစ်ရေးလှုပ်ရှားမှု လုပ်ဆောင်သည်။

အဆိုပါ ခရိုင် ခုနစ်ခုအနက် တပ်မဟာ ၅ ရှိရာ မူတြော်ခရိုင်တွင် ဖာပွန်မြို့၊ တပ်မဟာ ၆ လှုပ်ရှားရာ ဒူးပလာယာခရိုင်တွင် ကျိုက်ဒုံမြို့နှင့် မြိတ်- ထားဝယ်ခရိုင်တွင် နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သည့် မောတောင်နှင့် ထီးခီးကို KNU က သိမ်းပိုက်ထားသည်။

ကျန်မြို့အများစုကို စစ်တပ်ကသာ စိုးမိုးထိန်းချုပ်ထားပြီး ကျေးလက်ဒေသများကိုမူ KNU က လွှမ်းမိုးထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၃၁ ရက်ကလည်း ဓနုအမျိုးသားဖက်ဒရယ်ကောင်စီ (DNFC) ကို ဓနုတော်လှန်ရေး လက်နက်ကိုင်အင်အားစုများ၊ အရပ်ဘက်အဖွဲ့များ၊ အမျိုးသမီးများ၊ လူငယ်များ၊ ပညာရှင်များနှင့် CDM များပူးပေါင်း ဖွဲ့စည်းထားသည်။

ဓနုလူမျိုးများသည် ရှမ်းပြည်နယ် ကလောမြို့နယ်၊ နောင်ချိုမြို့နယ်၊ ပင်းတယမြို့နယ်၊ ရွာငံမြို့နယ်၊ ရပ်စောက်မြို့နယ်များတွင် နေထိုင်ကြပြီး လူဦးရေ နှစ်သိန်းခွဲကျော်ရှိသည်။

DNFC သည် မျက်မှောက်ကာလတွင် ဖြစ်နေသော နိုင်ငံရေးနှင့် လူမှုစီးပွားဆိုင်ရာ စိန်ခေါ်မှု အကျပ်အတည်းများကို စနစ်တကျကျော်လွှားရန်၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံသည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးဖော်ဆောင်ရန် ဦးဆောင်မည့် နိုင်ငံရေးယန္တရားဖြစ်သည်ဟု DNFC က ထုတ်ပြန်ထားသည်။

DNFC တွင် အဖွဲ့ဝင် ၁၁ ဦးပါဝင်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

တော်လှန်ရေးတပ်များဖွဲ့သည့် အတိုင်ပင်ခံကောင်စီများသည် တော်လှန်ရေးတပ်များအကြား နိုင်ငံရေးအရ ညှိနှိုင်းရန် ဖွဲ့သည့် အဖွဲ့များဖြစ်သည်ဟု အမည်မဖော်လိုသည့် နိုင်ငံရေးလေ့လာသူ မြန်မာသုတေသီ အမျိုးသားတစ်ဦးက ဆိုသည်။

“ချင်းတို့၊ ကချင်၊ ကရင်နီတို့စသဖြင့် အတိုင်ပင်ခံကောင်စီ၊ ကြားကာလကောင်စီတွေဖွဲ့တာက မတူညီတဲ့နိုင်ငံရေး အင်အားစုတွေ စုစည်းဖို့ဖွဲ့တာ။ စစ်ကိုင်းတို့၊ မကွေးတို့၊ မန္တလေးတို့မှာလည်း ဒီလိုပဲ။ မင်းအောင်လှိုင်ဖွဲ့တဲ့ အကြံပေးအဖွဲ့ကတော့ သူ့ဩဇာခံပြီး သူခိုင်းတာလုပ်ဖို့ဖွဲ့တာ” ဟု  ပြောသည်။

မြန်မာပြည်အလယ်ပိုင်း စစ်ကိုင်း၊ မကွေးနှင့် ပဲခူးတို့တွင်မူ အတိုင်ပင်ခံကောင်စီဖွဲ့ခြင်းမရှိဘဲ ဒေသအမည်ကိုယ်စားပြုသည့် ဖက်ဒရယ်ယူနစ်များ ဖွဲ့ထားကြသည်။ မန္တလေးတိုင်းသည် ကြားကာလမန္တလေးဒေသ အုပ်ချုပ်ရေးကောင်စီဖွဲ့ပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)နှင့် ဆွေးနွေးမှုများ လုပ်နေသည်။

“အကုန်လုံးက ကိုယ့်ဒေသနဲ့ ကိုယ်စုစည်းဖို့ ကြိုးစားကြတာပဲ။ ပုံစံတူသလားမတူသလားက အခုအချိန်မှာ ဘာမှပြောလို့မရဘူး။ ဒီပုံစံအတိုင်းပဲ သွားကြမှာလားဆိုတာကလည်း တရားသေပြောမရဘူး။ သေချာတာက နိုင်ငံရေးအရ စုစည်းဖို့နဲ့ စစ်ရေးအရစုစည်းဖို့ ဖွဲ့ကြတဲ့အဖွဲ့တွေဖြစ်တယ်။ ရေရှည်အတည်ဖြစ်မှာလား ဆိုတာကလည်း ပြောရခက်တယ်” ဟု နိုင်ငံရေးလေ့လာသူ မြန်မာသုတေသီက မှတ်ချက်ပေးသည်။

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်တပ်ကို လက်နက်ကိုင်တိုက်နေသည့် တိုင်းရင်းသားတော်လှန်ရေး အင်အားစုများသည် အတိုင်ပင်ခံကောင်စီများ ဖွဲ့ထားကြသည်။

ယခု အသစ်ဖွဲ့လိုက်သည့် ကော်သူးလေအတိုင်ပင်ခံကောင်စီနှင့် ဓနုအမျိုးသားဖက်ဒရယ်ကောင်စီ အပြင် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) ၊ ချင်းအမျိုးသား အတိုင်ပင်ခံကောင်စီ (ICNCC) ၊ ကြားကာလ ကချင်နိုင်ငံရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (KPICT) ၊ တအာင်းအမျိုးသားအတိုင်ပင်ခံကောင်စီ (TNCC) ၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ (PNFC) ၊ မွန်ဖက်ဒရယ်ကောင်စီ (MFC) ၊ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) စသည့် အဖွဲ့များရှိသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button