၂၀၂၁ ခုနှစ်တွင် နိုင်ငံတော်အာဏာကို လက်နက်အားကိုးဖြင့် သိမ်းယူခဲ့သည့် အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကိုယ့်ကိုယ်ကိုယ် ခန့်အပ်သည့် သမ္မတရာထူးအတွက် ယနေ့ (ဧပြီလ ၁၀ရက်) နံနက်ပိုင်းတွင် နေပြည်တော်ရှိ စစ်အုပ်စု၏ ပြည်ထောင်စုလွှတ်တော်တွင် ကတိသစ္စာပြုသည်။
အာဏာသိမ်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဒု သမ္မတ နှစ်ဦးတို့ အပြင် ၎င်းစိတ်တိုင်းကျ ဖွဲ့စည်းထားသည့် အစိုးရအဖွဲ့သစ်ဝင် ဝန်ကြီး ၃၀ ဦးတို့ ကတိသစ္စာ ပြုခဲ့ကြပြီးနောက် မင်းအောင်လှိုင်က ၎င်း၏ မိန့်ခွန်းတွင် “၂၀၂၀ ရွေးကောက်ပွဲတွင် မဲလိမ်မှုများရှိခဲ့၍ စစ်တပ်က မလွှဲမရှောင်သာ အာဏာသိမ်းခဲ့ရသည်”ဟု ထည့်သွင်းပြောကြားခဲ့သည်။
“အဲဒီအချိန်က အာဏာရပါတီဟာ အလွန်အရုပ်ဆိုး အကျည်းတန်တဲ့ မဲမသမာမှုတွေကို ပြုလုပ်ခဲ့တာကြောင့် ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ တရားမျှတပြီး စစ်မှန်တဲ့ ရွေးကောက်ပွဲ မဖြစ်ခဲ့ဘဲ ပါတီစုံဒီမိုကရေစီ စနစ်ကို ပျက်ယွင်းစေတဲ့ မရိုးသားတဲ့ နိုင်ငံရေး တရပ်ကို ဦးဆောင်ခဲ့ပါတယ်” ဟု စစ်ခေါင်းဆောင်က ၎င်း၏ မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုခဲ့သည်။
၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် မဲလိမ်မှုများရှိခဲ့သောကြောင့် စစ်တပ်က အာဏာကို မလွှဲမရှောင်သာ ရယူခဲ့ရခြင်းဖြစ်သည်ဟု ၎င်းက ယခင်ကြိမ်ဖန်များစွာပြောဆိုခဲ့ဖူးသည့် အကြောင်းပြချက်ကို ထပ်မံ၍ ခုခံကာကွယ်သွားခဲ့သော်လည်း အဆိုပါ မဲလိမ်မှု စွပ်စွဲချက်များကို ပြည်တွင်း၊ ပြည်ပ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့များက ပယ်ချထားပြီးဖြစ်သည်။
ထို့အပြင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ပွဲများ ဖြစ်ပွားနေ၍ ၎င်းတို့၏ နယ်မြေများ ဆုံးရှုံးနေရချိန်တွင် သုံးပိုင်းခွဲပြီး ကျင်းပခဲ့ရသည့် ၂၀၂၅ ရွေးကောက်ပွဲကိုမူ “လွတ်လပ်၍ တရားမျှတပြီး သန့်ရှင်းသည့် “ ရွေးကောက်ပွဲဟု ညွှန်းဆိုပြီး ဒီမိုကရေစီလမ်းကြောင်းကို ပြန်လည်လျှောက်လှမ်းနေပြီဖြစ်သည်ဟု မင်းအောင်လှိုင်က ထည့်သွင်း ပြောဆိုခဲ့သည်။
“ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို လျှောက်လှမ်းနေပြီဖြစ်တဲ့ အတွက် ပါတီစုံ ဒီမိုကရေစီစနစ် ပိုမိုခိုင်မာအောင် ကြိုးပမ်းတည်ဆောက်သွားရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ အစိုးရအသစ်အတွက် စိန်ခေါ်မှုများစွာက စောင့်မျှော်နေတယ် ဆိုတာကိုလည်း ကျွန်တော့်အနေနဲ့ သိထားပါတယ်” ဟု ၎င်းက ပြောသည်။
ထို့နောက် ၎င်းက ဒီမိုကရေစီနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်နိုင်ရန် ပြည်ထောင်စု အတိုင်ပင်ခံ ကောင်စီကို ဖွဲ့စည်းသွားမည်၊ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံတွင် သဘောတူညီထားသည့် ပြည်ထောင်စု သဘောတူစာချုပ်များကို ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်း အတည်ပြုချက် ရယူမည်ဟုလည်း ဆိုသည်။
“NSPNC နဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ နိုင်ငံရေး ပါတီ အစုအဖွဲ့များ ဖွဲ့စည်းပုံ အခြေခံပြင်ဆင်ရန် ဆွေးနွေး သဘောတူညီထားတဲ့ အချက် ၄၃ ချက်ကိုလည်း ပြည်ထောင်စု လွှတ်တော်သို့ တင်သွင်း ဆွေးနွေးသွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
ထိုသို့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို ပြောကြားခဲ့သော်လည်း စစ်တပ်က မတရားဖမ်းဆီးထားသည့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ ပြန်လည်လွှတ်ပေးမည့် အစီအစဉ်ကိုမူ စစ်ခေါင်းဆောင်က ထည့်သွင်းပြောကြားခြင်းမရှိပေ။
အာဏာသိမ်း စစ်တပ်က ကျင်းပခဲ့သည့် ရွေးကောက်ပွဲနှင့် အစိုးရအဖွဲ့သည် တရားဝင်မှု မရှိကြောင်း နိုင်ငံရေး အင်အားစုအသီးသီးက ထုတ်ပြန်ထားပြီး စစ်အုပ်စု ယခုဖွဲ့စည်းသည့် အစိုးရသစ်တွင်လည်း အဂတိလိုက်စားမှု၊လူ့အခွင့်အရေးချိူးဖောက်မှုများကြောင့် နာမည်ပျက်ရှိသူများနှင့် စစ်ဗိုလ်ချုပ်ဟောင်းများကိုသာ ပြန်လည်နေရာချထားခြင်းကြောင့် တိုင်းပြည်စီးပွားရေးနှင့် တည်ငြိမ်ရေးမှာ ပိုမိုဆိုးရွားလာနိုင်ဖွယ်ရှိသည်ဟု ဝေဖန်မှုများလည်း ရှိနေသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ့်ကိုယ်ကိုယ်ခန့်အပ်သည့် သမ္မတရာထူးအတွက် ကျမ်းသစ္စာကျိန်ဆိုပွဲသို့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ တရုတ်ပြည်သူ့ နိုင်ငံရေး အတိုင်ပင်ခံ ဒုတိယ ဥက္ကဋ္ဌ ၊ ဘယ်လာရုစ်နိုင်ငံ အောက်လွှတ်တော် ဥက္ကဋ္ဌ ၊ ရုရှားအောက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ ၊ ကမ္ဘောဒီယား အစိုးရ၏ အာဆီယံဆိုင်ရာ အထူး ကိုယ်စားလှယ်၊ ထိုင်းနိုင်ငံ အငြိမ်းစား ဒုတိယ ဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးတို့ အပါအဝင် နိုင်ငံပေါင်း ၂၃ နိုင်ငံ မှ သံအမတ်ကြီး ၁၆ ဦး သံရုံးတာဝန်ခံ ခုနစ်ဦးတို့ တက်ရောက်ခဲ့ကြသည်ဟု ပြည်ထောင်စု လွှတ်တော်က ထုတ်ပြန်ထားသည်။



