အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ရောဂါအပြင်းအထန်ခံစားနေရသည့် Myanmar Now သတင်းထောက်ကို ဆေးဝါးကုသခွင့်ပေးရန် အင်းစိန်ထောင်အာဏာပိုင်များငြင်းဆန်

ထောင်တွင်းသတင်းရင်းမြစ်များ၏အဆိုအရ ကိုစိုင်းဇော်သိုက်သည် အကြီးစားခွဲစိတ်ကုသမှု ခံယူရန် လိုအပ်နေသော်လည်း အင်းစိန်ထောင်အာဏာပိုင်များသည် ကိုစိုင်းဇော်သိုက်အား ထောင်ဆေးရုံ (သို့မဟုတ်) ပြင်ပဆေးရုံတွင် ဆေးဝါးကုသခွင့်ပေးရန် ငြင်းဆန်ထားသည်။

ရန်ကုန် အင်းစိန်အကျဉ်းထောင်တွင် နှစ်ရှည်အကျဉ်းချခံထားရသည့် Myanmar Now သတင်းဌာန၏ ဓာတ်ပုံသတင်းထောက် ကိုစိုင်းဇော်သိုက်သည် ကျောက်ကပ်ရောဂါနှင့် လိပ်ခေါင်းရောဂါ ပြင်းထန်စွာ ခံစားနေရသော်လည်း ထောင်အာဏာပိုင်များက လုံလောက်သည့် ဆေးဝါးကုသမှု မပေးကြောင်း ထောင်တွင်းသတင်းရင်းမြစ်ထံက သိရသည်။​

ထောင်တွင်းသတင်းရင်းမြစ်များ၏အဆိုအရ ကိုစိုင်းဇော်သိုက်သည် အကြီးစားခွဲစိတ်ကုသမှု ခံယူရန် လိုအပ်နေသော်လည်း အင်းစိန်ထောင်အာဏာပိုင်များသည် ကိုစိုင်းဇော်သိုက်ကို ထောင်ဆေးရုံ (သို့မဟုတ်) ပြင်ပဆေးရုံတွင် ဆေးဝါးကုသခွင့်ပေးရန် ငြင်းဆန်ထားသည်။ 

ပြင်းထန်စွာခံစားနေရသည့် ဝေဒနာများကို သောက်ဆေးဖြင့်သာကုသရမည်ဟု ထောင်အာဏာပိုင်များက ဆုံးဖြတ်ခဲ့ကြောင်း၊ သို့သော်လိုအပ်သည့် ဆေးဝါးများကိုလည်း ထောင်တွင်းတွင် ရနိုင်၊မရနိုင် မသေချာကြောင်း အထက်ပါ ထောင်တွင်း သတင်းရင်းမြစ်က ပြောသည်။

Myanmar Now သတင်းထောက်၏ ကျန်းမာရေးအခြေအနေအတွက် စစ်တပ်လက်အောက်ခံ ထောင်အာဏာပိုင်များထံ Myanmar Now က ဆက်သွယ်မေးမြန်းနေဆဲဖြစ်သည်။

 ၂၀၂၃ ခုနှစ် မိုခါမုန်တိုင်းဒဏ်ကို ဆိုးရွားစွာခံစားခဲ့ရသည့် ရခိုင်ပြည်နယ်သို့  ကိုစိုင်းဇော်သိုက် သွားရောက်သတင်းယူစဉ် စစ်တပ်က စစ်တွေမြို့တွင် ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့သည်။

ကိုစိုင်းဇော်သိုက်ကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေ ပုဒ်မ ၂၇ ၊ ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅- က၊ ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆ (ဃ)၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၁၂၄ တို့ဖြင့်  စစ်ခုံရုံးတွင် တရားစွဲ၍ ခုခံချေပခွင့်မပေးဘဲ အမိန့်ချခဲ့ခြင်းဖြစ်သည်။

ယမန်နေ့ (ဧပြီလ ၈ ရက်)တွင် နိုင်ငံတကာလွတ်ငြိမ်းအဖွဲ့ (Amnesty International – AI)က ဦးဆောင်၍ ထိုင်းလူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများသည် ကိုစိုင်းဇော်သိုက်အား ခြွင်းချက်မရှိ ပြန်လွှတ်ပေးရန် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်ရှိသည့် စစ်တပ်လက်အောက်ခံ မြန်မာသံရုံးရှေ့တွင်   ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြသည်။

ထိုင်းလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများသည် ကိုစိုင်းဇော်သိုက်ကို လွှတ်ပေးရန် လူပေါင်း ၃,၀၀၈ ဦးက လက်မှတ်ရေးထိုးထားသည့် တောင်းဆိုချက်ကိုလည်း မြန်မာသံရုံးထံ အိတ်ဖွင့်စာပေးခဲ့သည်ဟု AI က ထုတ်ပြန်ထားသည်။ 

ထိုဆန္ဒထုတ်ဖော်ပွဲတွင် ထိုင်းလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူများသည် သနပ်ခါးလိမ်း၊ မြန်မာဝတ်စုံဝတ်ဆင်ထားကြပြီး အာဏာသိမ်းစစ်တပ်အောက်တွင် ဖိနှိပ်ခံနေရသည့် မြန်မာလူထုနှင့်  တသားတည်းရှိကြောင်း ပြသသည်။ 

သတင်းရယူနိုင်ရန် ကြိုးပမ်းမှုသည် ပြစ်မှုမဟုတ်ကြောင်းရေးသားထားသည့် ဆိုင်းဘုတ်များနှင့် ကင်မရာပုံများကို ချိတ်ဆွဲ၍ ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်တွင် စစ်တပ်က အာဏာသိမ်းပြီးနောက် လူပေါင်း သုံးသောင်းကျော် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး လူဦးရေ တစ်သောင်းကျော် (၁၄,၃၂၈ ဦး)မှာ ဆက်လက်ထိန်းသိမ်းခံထားရဆဲ ဖြစ်သည်ဟု နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဧပြီလ ၈ ရက်နေ့                    စာရင်းတွင် တွေ့ရသည်။​

အာဏာသိမ်းပြီး ငါးနှစ်ကြာကာလအတွင်း နိုင်ငံရေးအကျဉ်းသား ၂၇၄ ဦးမှာ ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်မှု၊ ညှဉ်းပန်းနှိပ်စက်မှု၊ သေဒဏ်ချမှုနှင့် သဘာဝဘေးအန္တရာယ်ကြောင့် အကျဉ်းထောင်များတွင် သေဆုံးခဲ့ရသည်ဟု မြန်မာ့အကျဉ်းထောင်သက်သေ (MPW)နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ပူးပေါင်း ကောက်ယူထားသည့် စာရင်းအရသိရသည်။ သေဆုံးသူများအနက် ၁၃၉ ဦးမှာ ကျန်းမာရေးစောင့်ရှောက်မှု မလုံလောက်သဖြင့် သေဆုံးခဲ့ရခြင်းဖြစ်သည်။

အကျဉ်းထောင်များတွင် ဆရာဝန်အင်အားမလုံလောက်သည်ဟု အကြောင်းပြ၍ အကျဉ်းသားများအပေါ် အချိန်မီလာရောက်ဆေးကုသပေးမှုမရှိသလို ပြင်ပဆေးရုံသို့ ပြောင်းရွှေ့ကုသရန်လိုအပ်သည့် အကျဉ်းသားများကိုလည်း အချိန်မီလွှဲပြောင်းမပေးသဖြင့် အသက်ဆုံးရှုံးရသည့် အခြေအနေများလည်းကြုံတွေ့ နေရသည်ဟု PPNM တာဝန်ခံ ကိုသိုက်ထွန်းဦးက ပြောသည်။

“ထောင်ကြီးတွေမှာ ထောင်ဆေးရုံရှိတယ်ဆိုပေမယ့် ဆေးဝါးမလုံလောက်တာ၊ တတ်ကျွမ်းတဲ့ ဆရာဝန်မရှိတာ ကြုံကြရတယ်။ …မိမိဆေးဝါးကုမှု ခံယူရမယ့်အချိန်ကို စောင့်နေရင်းနဲ့လည်း နိုင်ငံရေးအကျဉ်းသားများစွာ အကျဉ်းထောင်တွေထဲမှာ ကျဆုံးခဲ့ရတာတွေဖြစ်နေပါတယ်”ဟု ၎င်းက ပြောသည်။​

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button