ဗိုလ်မင်းအောင်လှိုင်ကနေ သမ္မတ (ဦး) မင်းအောင်လှိုင် လက်ထဲ အာဏာလွှဲပေးလိုက်တော့ လက်ရှိမှာ သူ့အလိုကျ အားလုံးဖြစ်နေတယ်လို့ ယူဆစရာပါ။ ဒါပေမဲ့ မြန်မာစစ်တပ်ရဲ့ သမိုင်းနဲ့ စစ်အာဏာရှင်စနစ်ကို တွဲကြည့်မယ်ဆိုရင် ဒါဟာ နောင်တချိန်မှာ ဖြစ်လာမယ့် အာဏာလုပွဲတွေအတွက် မျိုးစေ့ချချိန်လို့ ရှုမြင်နိုင်ပါတယ်။ ဗိုလ်မင်းအောင်လှိုင်က သူ့သစ္စာခံ ဗိုလ်ရဲဝင်းဦးကို စစ်တပ်ရဲ့ အမြင့်ဆုံးရာထူးပေးပြီး သူက အရပ်ဝတ်ပြောင်း၊ နိုင်ငံရေးအာဏာ ဆက်ကိုင်မယ့် လမ်းကြောင်းဟာ သမ္မတ ဖြစ်ချင်လွန်းတဲ့ သူ့အတ္တကြောင့် အန္တရာယ်ကြီးလှတဲ့ လောင်းကြေးထပ်ခြင်း တစ်မျိုးလို့ ဆိုရပါမယ်။
စစ်တပ်ဓလေ့မှာ သစ္စာခံမှုနဲ့ လူရင်းနှီးမှုက အဖွဲ့အစည်း လုပ်ထုံးလုပ်နည်းထက် ပိုအရေးပါတာကြောင့် ဗိုလ်ရဲဝင်းဦးက ဗိုလ်စိုးဝင်းထက်ကျော်ပြီး တပ်ချုပ်ဖြစ်လာတာက တကယ်တော့ အံ့သြစရာ မရှိပါဘူး။
ဗိုလ်မင်းအောင်လှိုင်က သူ့ရဲ့ လုံခြုံရေးအတွက် ဗိုလ်ရဲဝင်းဦးကို ပုဂ္ဂိုလ်ရေး ယုံကြည်မှု အပြင် အသက်အရွယ်၊ ဝါစဥ် သေချာတွက်ချက်ပြီး စနစ်တကျ ချိန်ဆ ရွေးချယ်ခဲ့တာပါ။ သူ့အာဏာအကူးအပြောင်းကို အာမခံချက်ရဖို့ လုပ်တာပါ။ ဒါပေမဲ့ ရာစုနှစ်ဝက်ကျော် အာဏာအတွက် နိုင်ငံရေးဇာတ်သွင်းလာခဲ့တဲ့ စစ်တပ်သမိုင်းစဉ်က အဲဒီလောက် မရိုးရှင်းပါဘူး။
မြန်မာ့စစ်အုပ်စု နိုင်ငံရေးဓလေ့မှာ ပုဂ္ဂလိက သစ္စာစောင့်သိမှုနဲ့အတူ လူယုံကို မြှောက်စားတာ၊ ရာထူးတိုးပေးတာ၊ တချို့ အရိုက်အရာ လွှဲပေးတာမျိုး ဖြစ်တတ်ပါတယ်။ ဒါပေမဲ့ အဲဒါက စစ်တပ်လက်ကိုင်မဲ့သွားသူကို ရေရှည်ကာကွယ်မပေးနိုင်ပါဘူး။ နောက်လူက အာဏာ အခြေတည်သွားတာနဲ့ အရင်လူရဲ့ လောင်းရိပ်အောက်ကနေ ရုန်းထွက်ပြီး ကိုယ့်တက်လမ်း ကိုယ်ဖောက်တာက ပုံမှန်ဖြစ်စဉ်ပါပဲ။
ဆက်ခံသူက အမြင့်ဆုံး မရောက်သေးခင် ကြားခံ အသုံးချရုံသက်သက် ဘဝနဲ့ (ဗိုလ်ရွှေမန်း၊ ဗိုလ်စိုးဝင်းတို့လို) အားနည်းသွားတတ်တာ ရှိပါတယ်။ ဒါပေမဲ့ ဆက်ခံသူက ခိုင်မာတဲ့ နေရာ ရသွားပြီ ဆိုရင်တော့ စစ်အဆောက်အဦ အရင်းအမြစ်တွေကို စုစည်းပြီး ခေါင်းကိုင် (patron) အသစ် ဖြစ်လာတာပါပဲ။ ဗိုလ်နေဝင်း၊ ဗိုလ်စောမောင်၊ ဗိုလ်သန်းရွှေ၊ ဗိုလ်ခင်ညွန့် အစရှိတဲ့ ထိပ်တန်း စစ်ဗိုလ်ချုပ်တွေရဲ့ ဖြစ်စဥ်တွေမှာ ဒီသင်ခန်းစာက ထပ်ခါတလဲလဲ သက်သေပြထားပြီးဖြစ်ပါတယ်။ အဲဒီအတွက် မြန်မာ့စစ်အာဏာရှင်သမိုင်းဟာ ရိုးရိုးတန်းတန်း အစဥ်တစိုက် အာဏာလွှဲပြောင်း ဆက်ခံလေ့ရှိတာမျိုး မဟုတ်ဘဲ “ဇာတ်တူသားစားသမိုင်း” လို့တောင် ခေါ်ရပါမယ်။
ဘာကြောင့်ဖြစ်ရလဲ ဆိုတော့ စစ်အာဏာရှင်စနစ်မှာ ‘ဆရာ-တပည့်’ ဆိုတာ ကိုယ်ကျင့်တရားနဲ့ စည်းနှောင်တာမျိုးထက် အာဏာနဲ့ တက်လမ်းအတွက် နည်းဗျူဟာကျကျ တွက်ချက်မှု (tactical calculation) ပိုဆန်လေ့ရှိလို့ပါ။ နှောင်းလူ ဆက်ခံသူက အင်အား တစ်စုတစ်စည်းတည်းဖြစ်လာချိန်မှာ သစ္စာစောင့်သိမှုကနေ အကြွင်းမဲ့ အာဏာအတွက် တွက်ချက်မှု ပြောင်းသွားတတ်တယ်။ လူယုံတစ်ယောက်ဟာ နောင်တချိန်မှာ အာဏာဗဟိုအသစ် ဖြစ်သွားနိုင်တယ်။ အဲဒီမှာ စစ်တပ် လက်ကိုင်မရှိတဲ့ အာဏရှင်ဟောင်းတွေရဲ့ အာမခံသက်တမ်း ကုန်တော့တာပါပဲ။
မြန်မာစစ်တပ် အကြောင်း စာအုပ်တွေရေးတဲ့ Andrew Selth ကတော့ သူ့ရဲ့ Interpreting Myanmar (2020) စာအုပ်မှာ စစ်တပ်ရဲ့ ဆရာမွေး-တပည့်မွေး (patron-client) ဆက်ဆံရေး အကြောင်းကို ထည့်ရေးပါတယ်။ တစ်ဖက်မှာလည်း အကြွင်းမဲ့ အာဏာအတွက် နိုင်ငံရေးကစားပွဲတွေမှာတော့ “ငါနိုင်ဖို့ သူရှုံး” ဆိုတဲ့ အကြွင်းသုည (zero-sum) အပြုတ်တိုက်စိတ်ဓာတ်အပေါ် သုံးသပ်ပါတယ်။ ဒါတွေက ဂိုဏ်းဂဏကွဲပြားမှုနဲ့ မတည်ငြိမ်မှုတွေ ကို အားပေးတတ်ကြောင်း မြင်နိုင်ပါတယ်။
မူလ လက်ဟောင်း အာဏာရှင် ဗိုလ်နေဝင်းခေတ်က စပြီး ဒီပုံစံကို မြင်နိုင်ပါတယ်။ ၁၉၅၈ နဲ့ ၁၉၆၂ အာဏာသိမ်းပွဲတွေ အပြီးမှာ အကြောင်းအမျိုးမျိုးနဲ့ သူ့လူယုံတွေ ဖြစ်ကြတဲ့ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီး အစရှိတဲ့ သူ့လက်ထောက်အရာရှိကြီးတွေကို တဖြည်းဖြည်း ဘေးဖယ်ထုတ်ပစ်တဲ့ ပုံစံကို စမြင်ရတယ်။ နောက်ပိုင်းမှာ နံပါတ် (၁) ဗိုလ်နေဝင်းနဲ့ နံပါတ် (၂) ဗိုလ်စန်းယုကြားမှာ ရှိသူ၊ “one and half” လို့တောင် ခေါ်ခံရတဲ့ ထောက်လှမ်းရေး ဗိုလ်တင်ဦး (မျက်မှန်ကြီး) ဖြစ်စဥ် အပါအဝင် တပ်တွင်းမှာ ဖြုတ်ထုတ်သတ်တွေ အမြဲ ဖြစ်ခဲ့ပါတယ်။
ဗိုလ်နေဝင်းကိုယ်တိုင်လည်း သူမြေတောင်မြှောက်ပေးခဲ့တဲ့ ဗိုလ်သန်းရွှေရဲ့ ဇာတ်တူသား စားခြင်းကို ခံခဲ့ရပါတယ်။ ဗိုလ်သန်းရွှေဟာ ဒုချုပ်ဘဝနဲ့ တပ်ချုပ် ဗိုလ်စောမောင်ကို ဖယ်ရှားကာ အကြွင်းမဲ့ အာဏာရယူပြီး ၁၀ နှစ် အကြာ ၂၀၀၂ ခုနှစ်မှာ ဗိုလ်နေဝင်းမိသားစုက အာဏာသိမ်းဖို့ ကြံစည်တယ် ဆိုပြီး မိသားစုဝင်တချို့ကို ထောင်ချခဲ့၊ ဗိုလ်နေဝင်းကိုတော့ နေအိမ် အကျယ်ချုပ်သဘောနဲ့ အာဏာကင်းမဲ့စေခဲ့တယ်။ သေဆုံးချိန်မှာ အသုဘ အခမ်းအနားတောင် ဖြစ်ဖြစ်မြောက်မြောက် မလုပ်လိုက်ရဘူး။ ဒါဟာ ဗိုလ်နေဝင်းတည်ဆောက်ခဲ့တဲ့ စစ်တပ်နိုင်ငံရေးက သူ့အပေါ် တိုက်ရိုက် ပြန်ထိခဲ့တာပါ။ မြန်မာ့စစ်အာဏာရှင်စနစ်ဟာ သူ့ကို ဖန်တီးသူကိုတောင် နောက်ဆုံး မကာကွယ်ပေးဘူးဆိုတဲ့ သင်ခန်းစာပါ။
ဒါ့အပြင် ဗိုလ်သန်းရွှေခေတ်မှာ လက်စောင်းထက် တန်ခိုးကြီးလှချည်ရဲ့ “state within the state” ဆိုပြီး တိုင်းပြည်ထဲ တစ်ထီးတစ်နန်း သီးခြားရပ်တည်ခွင့် ရှိကာ ဘယ်သူမှ ထိလို့မရခဲ့တဲ့ ထောက်လှမ်းရေး ယန္တရားကြီး တစ်ခုလုံးနဲ့ ဗိုလ်ခင်ညွန့် (ဗိုလ်နေဝင်း မြှောက်စားခဲ့သူ) ကိုလည်း ၂၀၀၄ ခုနှစ်မှာ ကြက်လေး၊ ငှက်လေးလို ဖမ်းဆီး ချေမှုန်းခဲ့တဲ့ သာဓကရှိပါတယ်။
ဒီလို လုပ်ခဲ့သူ ဗိုလ်သန်းရွှေကိုယ်တိုင်လည်း ပြန်ဝဋ်လည်ပါတယ်။ သူ ၁၉ နှစ်ကြာ စိတ်တိုင်းကျ တည်ဆောက်ပြီး သူ့လက်နဲ့ရေးခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ၂၀၁၀ ရွေးကောက်ပွဲ လမ်းကြောင်းကို ဗိုလ်မင်းအောင်လှိုင်က တပ်ချုပ် ရာထူးရအပြီး ၁၀ နှစ် အကြာမှာ အာဏာသိမ်းကာ စစ်ဖိနပ်နဲ့ ချေဖျက်ခဲ့ပါတယ်။ ၂၀၂၁ နောက်ပိုင်းမှာ ဆိုရင် ဗိုလ်သန်းရွှေနဲ့ မိသားစုဟာ လိုမှ ခေါ်ထုတ် အသုံးတော်ခံရပြီး နေပြည်တော် ခြောက်လုံးတန်း နေအိမ်မှာ အကျယ်ချုပ်သဖွယ်ပဲ နေရပါတယ်။ ဗိုလ်သန်းရွှေရဲ့ သားမက်ဟောင်း၊ သူ့ အချစ်ဆုံးမြေးရဲ့ ဖခင် ဖြစ်သူကိုတောင် ထောင်ထဲထည့်ပြတဲ့အထိ ဗိုလ်မင်းအောင်လှိုင်ရဲ့ မထီမဲ့မြင်လုပ်ခြင်း ခံရပါတယ်။
အဓိပ္ပာယ်က ရှင်းပါတယ်။ စစ်အာဏာရှင် စနစ်မှာ အာဏာပြိုင် ရှိလို့မရပါဘူး။ အဆင်ပြေချိန်မှာ နိုင်ငံရဲ့ အရင်းအမြစ် အကျိုးစီးပွားကို မျှဝေ စားသောက်ခွင့်ပေးကောင်းပေးမယ်။ အာဏာဗဟိုချက်မကို ယှဉ်ပြိုင်လာပြီဆိုရင် ဖြုတ်ထုတ်ရှင်းတာက သဘာဝပါပဲ။
ဒီလို သမိုင်းနဲ့ လာတဲ့ စစ်တပ်ဓလေ့ကြောင့် ဗိုလ်မင်းအောင်လှိုင် သမ္မတ ခေတ်မှာလည်း အလားတူ ကြုံလာရဖို့ များပါတယ်။ သူ့ခေတ်မှာ သမ္မတလုပ်ပိုင်ခွင့်ကို ဘောင်ချဲ့တဲ့ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ ဖွဲ့စည်းခွင့်ကို စစ်အုပ်ချုပ်ရေးကာလမှာပဲ ကြိုတင် ပြဋ္ဌာန်းခဲ့တာ ရှိတယ်။ ဒါပေမဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ဖို့ စနစ်တကျ ဖန်တီးထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေမှာတော့ အရေးကြီးတဲ့ ဌာနတွေကို လက်ကိုင်ထားနိုင်သူ၊ အရေးပေါ် အခြေအနေ ကြေညာခွင့်၊ လက်နက်အားကိုး အာဏာသိမ်းနိုင်တဲ့ အခွင့်အရေး အပြည့်ရှိနေသူ၊ စစ်တပ်ကိုချုပ်ထားတဲ့ တပ်ချုပ်ကသာ လက်တွေ့ကျတဲ့ အမြင့်ဆုံး အာဏာကို ပိုင်သူ ဖြစ်လာပါမယ်။ ဒါကိုဖျက်ချင်ရင် သူတို့ရဲ့ အသက်သဖွယ် စောင့်ရှောက်ရတဲ့၊ သစ္စာစောင့်သိရတဲ့ အခြေခံဥပဒေကို လာမယ့်ငါးနှစ်အတွင်း ပြင်မှ၊ ဖျက်မှ ရမှာပါ။ ဒါကိုလည်း အာဏာလက်မလွှတ်ချင်တဲ့ စစ်ခေါင်းဆောင်တွေ စဥ်းစားမှာ မဟုတ်ပါ။
ဒါကြောင့် လာမယ့် ငါးနှစ် နဲ့ ၁၀ နှစ် အတွင်းမှာ တော်လှန်ရေးအင်အားစုတွေရဲ့ တွန်းလှန်မှုကနေ ဗိုလ်မင်းအောင်လှိုင် သမ္မတလမ်းကြောင်း အသက်ဆက်နေသေးတယ် ဆိုရင်၊ တပ်ချုပ်သစ် ဗိုလ်ရဲဝင်းဦးရဲ့ အာဏာပြိုင် လွန်ဆွဲမှုနဲ့ တနည်းမဟုတ် တနည်း ကြုံလာရမှာ မလွဲပါပဲ။ ဒါက စစ်အာဏာရှင်စနစ်ကိုယ်တိုင်က မွေးထုတ်ပေးတဲ့ အဆိုးသံသရာစက်ဝန်းဖြစ်လို့ပါပဲ။
ဒါကြောင့် ဗိုလ်နေဝင်း၊ ဗိုလ်သန်းရွှေ၊ ဗိုလ်မင်းအောင်လှိုင်၊ ဗိုလ်ရဲဝင်းဦး ဆိုပြီး နာမည်တွေ ပြောင်းသွားပေမယ့် နောက်က စစ်စနစ်ယန္တရားက နိုင်ငံရဲ့ အကြွင်းမဲ့ အာဏာကို တည်ဆောက်ခွင့် ရနေသမျှ မြန်မာနိုင်ငံရေးဟာ စစ်အာဏာသိမ်းမှု၊ အာဏာလွန်ဆွဲမှု၊ အချင်းချင်း ဇာတ်တူသားစား ချနင်းမှု၊ ပြည်သူကို ရန်သူလို မြင်တဲ့ စစ်ဓလေ့ထဲကိုပဲ ပြန်လည်ကျဆင်းနေဦးပါမှာပဲ။ စစ်ခေါင်းဆောင်တွေဟာ ရှေ့လူနဲ့ နောက်လူ အပေါ်ယံစရိုက် လက္ခဏာချင်း မတူချင် မတူနိုင်ပေမယ့် သမိုင်းတူ၊ ဓလေ့တူ၊ အကျင့်တူ စစ်အာဏာရှင်အဆောက်အဦ တစ်ခုတည်းရဲ့ မျက်နှာမျိုးစုံသာ ဖြစ်လို့ပါပဲ။



