အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

‌နိုင်ငံရေးအကျင့်သီလထက် ကိုယ်ကျိုးစီးပွားကို ဦးစားပေးသော မြန်မာ့အိမ်နီးချင်းများ 

လူလိမ်မင်းအောင်လှိုင်က ဟန်ပြရွေးကောက်ပွဲပြုလုပ်ပြီး ပြည်သူတင်မြှောက်သည့်သမ္မတ အသွင်ယူ လိုက်ချိန်တွင် သိက္ခာမရှိသည့်နိုင်ငံများက ကြိုဆိုကြသည်၊ ၎င်းတို့၏ အဆင့်အတန်းကို ဖော်ပြလိုက်ခြင်းလည်း ဖြစ်သည်။

မြန်မာတို့သည် နိုင်ငံတကာဆက်ဆံရေးကို လေ့လာကြသည့်အခါ အခါအားလျော်စွာ ကိုယ့်နိုင်ငံနှင့်ယှဉ်တွဲလေ့လာရန် မေ့လျော့နေတတ်ကြသည်။ နိုင်ငံတကာဆက်ဆံရေးဆိုသည်နှင့် ကမ္ဘာ့အရေးအခင်းကြီးများကို ပြေးမြင်မိတတ်ကြသည်။ မြန်မာနှင့် နိုင်ငံတကာ ဆက်ဆံရေးသည် အခါခပ်သိမ်း ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကောင်းမနေခြင်းက မြန်မာအများစုကို ကိုယ့်နိုင်ငံနှင့်ဆက်စပ်ပြီး လေ့လာရန် မေ့လျော့နေတတ်ခြင်း၏ အကြောင်းတရား ဖြစ်နိုင်ပါသည်။

စင်စစ် မြန်မာနှင့်ယှဉ်တွဲဖြစ်ပေါ်နေသော နိုင်ငံတကာဆက်ဆံရေးသည် မြန်မာတို့အတွက် အဓိပ္ပာယ်ရှိသော၊ ဦးစားပေး လေ့လာထိုက်သော ဘာသာရပ် ဖြစ်သင့်သည်။ အထူးသဖြင့် လွန်ခဲ့သော ငါးနှစ်လုံးလုံး နေ့စဉ်မပြတ် ပြည်သူကို စိတ်တိုင်းကျသတ်ဖြတ်၊ အကြမ်းဖက်ခဲ့သော စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ဧပြီလ ၁၀ ရက်နေ့ ဘောင်းဘီချွတ် အရေခွံလဲပွဲကို အိမ်နီးချင်းနိုင်ငံများနှင့် နိုင်ငံတကာအသိုက်အဝန်းက တုံ့ပြန်မှုများသည် မြန်မာနှင့် နိုင်ငံတကာဆက်ဆံရေးတွင် အရေးကြီးဆုံးကာလ၊ သမိုင်းမှတ်တမ်းတင်မည့်ကာလ ဖြစ်သည်။ 

ဤနေရာတွင် မင်းအောင်လှိုင်၏ ဘောင်းဘီချွတ် အရေခွံလဲပွဲကို မြန်မာ့အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံအသင်းနှင့် ကုလသမဂ္ဂတို့ တုံ့ပြန်ကြရာတွင် နိုင်ငံရေး အကျင့်သီလကို အခြေခံသလား၊ ကိုယ်ကျိုးစီးပွားကို အခြေခံသလား ဆိုသည့် သမိုင်းမှတ်တမ်းတင်မည့် မေးခွန်းတစ်ခု ရှိပါသည်။ ထိုမေးခွန်းနှင့်အတူ မြန်မာပြည်သူများ၏ မိတ်ဆွေစစ်နိုင်ငံများ၊ မြန်မာပြည်သူတို့၏ဆန္ဒကို လျစ်လျူရှုပြီး၊ ၎င်းတို့၏ ကိုယ်ကျိုးစီးပွားအရ ဘယ်သူအာဏာရရ ဆက်ဆံမည်ဆိုသော နိုင်ငံများဟူ၍ ခွဲခြားတွေ့မြင်ရမည် ဖြစ်သည်။  

မြန်မာအပေါ် နိုင်ငံရေးအကျင့်သီလကင်းမဲ့သော အိမ်နီးချင်းများနှင့် ဥရောပအာဏာရှင်များ  

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းခြင်း၏ အဓိက ရည်ရွယ်ချက်ဖြစ်သော သမ္မတဖြစ်ရေး ရည်မှန်းချက်အတိုင်း       စနစ်တကျ ကြံစည်ကြိုးပမ်းခဲ့သော မင်းအောင်လှိုင်သည် ဧပြီလ ၃ ရက်နေ့တွင် ထိုရည်မှန်းချက် ပြည့်မြောက်ခဲ့ပြီး နာရီပိုင်းအတွင်း ၎င်းကို ပထမဆုံးချီးမွမ်းထောပနာပြု ကြိုဆိုခဲ့ကြသူများမှာ ဥရောပ အာဏာရှင်များဖြစ်သော ရုရှား သမ္မတ ဗလာဒီမာပူတင်နှင့် ဘယ်လာရုစ်သမ္မတ လူကာရှန်ကိုတို့ပဲ ဖြစ်သည်။ 

ထိုဥရောပ အာဏာရှင်နှစ်ဦးက မင်းအောင်လှိုင်ကို ဦးစွာအသိအမှတ်ပြုကြသည်မှာ မထူးဆန်းပါ။ ၎င်းတို့ နှစ်ဦးသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းချိန်ကတည်းက မင်းအောင်လှိုင်ကို နိုင်ငံတကာအသိုက်အဝန်းအကြား သံတမန်ရေးအရ ရပ်တည်ကာကွယ်ပေးခဲ့ကြပြီး၊ ပြည်သူတို့၏ လက်နက်ကိုင်တော်လှန်ရေးကြောင့် စစ်အုပ်စု ပြိုလဲမတတ်ဖြစ်နေချိန် စစ်လက်နက်ပစ္စည်းများ အဓိက ရောင်းချကူညီခဲ့ကြသူများ ဖြစ်သည်။ 

ထို့ကြောင့် ပြည်သူများကို အကြမ်းဖက်သတ်ဖြတ်နေသည့် မင်းအောင်လှိုင်ကို အကူအညီပေးခဲ့ကြသော၊ မြန်မာပြည်သူများ၏ဆန္ဒကို လုံးဝလျစ်လျူရှုခဲ့ကြသော ဥရောပအာဏာရှင်နှစ်ဦးကို မြန်မာနှင့် နိုင်ငံတကာဆက်ဆံရေးတွင် ပြည်သူများက မှတ်တမ်းတင်ထားကြပါလိမ့်မည်။ အမျိုးသားညီညွတ်ရေး အစိုးရနှင့် တော်လှန်ရေးအင်အားစုများသည် ပြည်သူ့ဆန္ဒကို ဆန့်ကျင်သော ထိုအာဏာရှင် နှစ်နိုင်ငံနှင့်ပတ်သက်သော နိုင်ငံခြားရေးမူဝါဒကို ပြတ်သားစွာ ချမှတ်ကျင့်သုံးသင့်သည်။ 

အကြမ်းဖက် စစ်ခေါင်းဆောင်ကို ကြိုဆိုအသိအမှတ်ပြုခဲ့ကြသော နိုင်ငံခေါင်းဆောင်များထဲ မြန်မာ့အိမ်နီးချင်း များလည်းဖြစ်၊ မြန်မာနိုင်ငံတွင် ၎င်းတို့၏ အကျိုးစီးပွားများ အမြောက်အများလည်း ရှိနေသော တရုတ်၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့ ပါဝင်သည်။ တရုတ်သမ္မတ ရှီကျင့်ဖျင်က ဧပြီလ ၃ ရက်နေ့တွင် မင်းအောင်လှိုင်ကို အစောဆုံး အသိအမှတ်ပြုခဲ့သူ ဖြစ်ပြီး၊ ထိုင်းဝန်ကြီးချုပ် အနုတင်ချာဝီရာကွန်က ၇ ရက်နေ့၊ အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာ မိုဒီနှင့် လာအိုသမ္မတ ထောင်လွန်း ဆီဆုလစ် တို့က ၁၀ ရက်နေ့တွင် အသီးသီး အသိအမှတ်ပြုခဲ့သည်။ 

အိမ်နီးချင်းနိုင်ငံများသည် အတုအယောင်ရွေးကောက်ပွဲ ဖြစ်လင့်ကစား မင်းအောင်လှိုင်ကို အသိအမှတ်ပြုခြင်းဖြင့် မြန်မာနိုင်ငံနှင့် ဆက်ဆံရေးကို ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိရန် ကြိုးပမ်းလာခြင်း ဖြစ်သည်။ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း အကြမ်းဖက်စစ်ခေါင်းဆောင်ကို လူသိရှင်ကြား မျက်နှာပြောင်တိုက် အသိအမှတ်ပြုလာခြင်း ဖြစ်သည်။ သို့သော် မင်းအောင်လှိုင်ကို တရားဝင်အသိအမှတ်ပြုလိုက်ခြင်းဖြင့် မြန်မာနိုင်ငံ၏ နိုင်ငံရေး အခြေအနေ ပြောင်းလဲသွားမည် မဟုတ်ပါ။ ထို့အတူ ၎င်းတို့နိုင်ငံများနှင့် ထိစပ်နေသော နယ်စပ်ဒေသများ၏ စစ်အာဏာရှင်စနစ် တော်လှန်ရေး အခြေအနေလည်း ပြောင်းလဲသွားမည် မဟုတ်ပါ။ 

လွန်ခဲ့သော ငါးနှစ်အတွင်း ဆိုးယုတ်သော စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်လျက်ရှိသော တော်လှန်ရေးအင်အားစု၏ ထိုးစစ်များကြောင့် အထူးသဖြင့် တရုတ်၊ အိန္ဒိယ၊ ထိုင်းတို့နှင့် ကီလိုမီတာ ထောင်နှင့်ချီ ထိစပ်နေသော မြန်မာနိုင်ငံဘက်အခြမ်း နယ်စပ်ဒေသများကို မင်းအောင်လှိုင်နှင့် အကြမ်းဖက်စစ်တပ် လက်လွှတ်ဆုံးရှုံးခဲ့ရသည်။ ထိုကာလများမှ ယနေ့အချိန်ထိ မင်းအောင်လှိုင်၏ ပြည်သူများအပေါ် ရက်စက်စွာ ဗုံးကြဲသတ်ဖြတ်မှုများကို သမ္မတရှီကျင့်ဖျင်၊ ဝန်ကြီးချုပ် မိုဒီနှင့် အနုတင်တို့ မသိ၍ မဟုတ်ပါ။ ၎င်းတို့ နိုင်ငံရေးအကျင့်သီလ ကင်းမဲ့ကြောင်း၊ ကိုယ်ကျိုးစီးပွားတစ်ခုတည်းကြည့်ကြောင်း မြန်မာပြည်သူများကို ရှင်းလင်းစွာ အသိပေးလိုက်ခြင်း ဖြစ်သည်။ 

မြန်မာနယ်စပ်ဒေသများကို မင်းအောင်လှိုင် လက်လွှတ်ဆုံးရှုံးခဲ့ရသော အခြေအနေတွင်၊ ထိုအိမ်နီးချင်း သုံးနိုင်ငံသည် မြန်မာနှင့် နယ်စပ်ကုန်သွယ်ရေးမှ နှစ်စဉ် အကျိုးအမြတ် အမေရိကန်ဒေါ်လာ ဘီလီယံပေါင်းများစွာ ဆုံးရှုံးလျက်ရှိသည်။ ထိုအခြေအနေကို ပြောင်းပြန်လှန်၍ မြန်မာနှင့် နယ်စပ်ကုန်သွယ်ရေး ပြန်လည်စတင်ခြင်းဖြင့် ရရှိမည့် ဒေါ်လာ ဘီလီယံချီ အကျိုးအမြတ်အတွက် မြန်မာပြည်သူများ၏ဆန္ဒကို လျစ်လျူရှုလျက် မင်းအောင်လှိုင်ကို မျက်နှာပြောင်တိုက် အသိအမှတ်ပြုခဲ့ကြခြင်း ဖြစ်သည်။ 

မြန်မာပြည်သူများသည် နိုင်ငံရေးအကျင့်သီလ ကင်းမဲ့ကြသော အိမ်နီးချင်းခေါင်းဆောင်များကို မှတ်တမ်းတင်ထား ကြပါလိမ့်မည်။ မြန်မာ့အိမ်နီးချင်းများဖြစ်၍ ရှောင်လွှဲမရသော်ငြားလည်း၊ ထိုနိုင်ငံခေါင်းဆောင်များ၏ ကိုယ်ကျိုးကြည့်ဝါဒကို မြန်မာပြည်သူများက လက်မခံကြောင်း၊ ပြတ်ပြတ်သားသား ရှုတ်ချကြောင်း အိမ်နီးချင်း ပြည်သူများကို မြန်မာ့တော်လှန်ရေးအင်အားစုများအနေဖြင့် ရှင်းလင်းစွာ သတင်းစကား ပေးပို့သင့်သည်။

ကုလသမဂ္ဂနှင့် အာဆီယံ၏ ရပ်တည်ချက် ခိုင်မာပါစေ

မင်းအောင်လှိုင်၏ ဘောင်းဘီချွတ် အရေခွံလဲပွဲကို နိုင်ငံတကာအသိုက်အဝန်း ကိုယ်စားပြုသော ကုလသမဂ္ဂ အကြီးအကဲ အထွေထွေအတွင်းရေးမှူးချုပ်နှင့် အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံတို့က အသိအမှတ် ပြုခြင်း မရှိပါ၊ မင်းအောင်လှိုင်၏ အတုအယောင် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ် မပြုခဲ့ပါ။ မေလဆန်းတွင် ကျင်းပရန် စီစဉ်ထားသော အာဆီယံထိပ်သီးအစည်းအဝေးကို မင်းအောင်လှိုင်အား မြန်မာနိုင်ငံ၏ တရားဝင် နိုင်ငံအကြီးအကဲအဖြစ် ဖိတ်ကြားမည်မဟုတ်ကြောင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး က အတိအလင်း ထုတ်ဖော်ပြောကြားခဲ့ပြီး ဖြစ်သည်။ 

ကုလသမဂ္ဂနှင့် အာဆီယံအသင်းကြီးကို ဦးဆောင်ကြသူများသည် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းကတည်းက မြန်မာပြည်သူများ၏ဆန္ဒနှင့်အညီ ရပ်တည်ခဲ့ကြသည်။ ဤဆောင်းပါး ရေးသားချိန်အထိ နိုင်ငံတကာအသိုက်အဝန်းကို ကိုယ်စားပြုသော အဆိုပါအဖွဲ့ကြီးနှစ်ဖွဲ့၏ ရပ်တည်ချက်အပေါ် မြန်မာပြည်သူများ ကျေးဇူးတင်ဝမ်းမြောက်ကြပါသည်။ သို့သော် ကုလသမဂ္ဂနှင့် အာဆီယံတို့လည်း မြန်မာ့အိမ်နီးချင်းနိုင်ငံများ အတိုင်း မိုးခါးရေသောက်ကြလေမည်လားဟု ပြည်သူလူထုအကြား စိုးရိမ်နေသည်က အမှန်ပင် ဖြစ်သည်။

မြန်မာ့ပြဿနာကိုဖြေရှင်းရာတွင် ဦးဆောင်ရန် အာဆီယံအဖွဲ့ကြီးက တာဝန်ယူထားပြီး၊ အာဆီယံတူညီဆန္ဒ        ငါးရပ်ကို ချမှတ်ထားသော်လည်း၊ ကိုယ့်ပြည်သူအပေါ် ရက်စက်စွာသတ်ဖြတ်နေသော စစ်ခေါင်းဆောင် မင်းအောင်လှိုင်က လိုက်နာခြင်းမရှိခဲ့ပါ။ ယခုအခါ မင်းအောင်လှိုင်သည် အာဆီယံ၏ အသိအမှတ်ပြုမှုကို ယခင်အချိန်ကာလများထက် ပို၍လိုအပ်နေပြီ ဖြစ်သည်။ 

ဧပြီလ ၁၀ ရက်နေ့ ၎င်း၏ ဘောင်းဘီချွတ် အရေခွံလဲပွဲတွင် ပြောကြားချက်များအရ အာဆီယံနှင့် ဆက်ဆံရေး တိုးမြှင့်မည်ဟု ဆိုသည်။ ထို့အတွက် အာဆီယံခေါင်းဆောင်များ သဘောထားပြောင်းလာစေရန် မင်းအောင်လှိုင် ထပ်မံလှည့်ဖြားရန် ကြိုးပမ်းပေလိမ့်မည်။ လွန်ခဲ့သော ငါးနှစ်လုံးလုံး အမျိုးမျိုးကြိုးပမ်းခဲ့သော်လည်း မအောင်မြင်သော တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) လမ်းကြောင်းကို မဖြစ်မနေ ဆက်လက်အကောင်အထည်ဖော်မည်ဟု ထပ်မံကြွေးကြော်ခဲ့သည်။  တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို ငြိမ်းချမ်းရေးကမ်းလှမ်းသည့် နည်းလမ်းဖြင့်လည်း ကုလသမဂ္ဂနှင့် အာဆီယံခေါင်းဆောင်များ ၎င်းကိုထောက်ခံ လာစေရန် လှည့်စားပေလိမ့်မည်။ 

မြန်မာပြည်သူနှင့်အတူ အမြဲရပ်တည်ခဲ့ကြသော ကမ္ဘာ့နိုင်ငံများ

မြန်မာပြည်သူများ၏ ဒီမိုကရေစီ လိုလားတောင့်တမှု၊ စစ်အာဏာရှင်စနစ် မုန်းတီးရွံရှာမှုတို့ကို ကောင်းစွာ စာနာနားလည်ကြသော အမေရိကန်၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂစသည့် ဒီမိုကရေစီအစိုးရများသည် ၁၉၈၈ ခုနှစ် နှင့် ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုများကို ပြတ်သားစွာ ဆန့်ကျင်ခဲ့ကြသည်။ ယနေ့အချိန်ထိ မြန်မာပြည်သူများ၏ ဆန္ဒနှင့်အညီ ရပ်တည်ခဲ့ကြပြီး၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် အာဏာသိမ်း စစ်အုပ်စုကို သံတမန်ရေးနှင့် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ထားကြသည်။ မင်းအောင်လှိုင်၏ အတုအယောင် ရွေးကောက်ပွဲကိုလည်း လက်ခံခြင်း မပြုကြပါ။ 

၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းစဉ်ကနှင့်မတူ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုတွင် ပြည်သူနှင့်အတူ သိသာစွာ ရပ်တည်ချက်ပြောင်းလဲရပ်တည်လာခဲ့သော၊ ၂၀၁၀-၂၀၂၀ ဆယ်စုနှစ် နိုင်ငံရေးအပြောင်းအလဲကာလတွင် မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့လာစေရန် အဓိကကူညီခဲ့ကြသော ဂျပန်၊ တောင်ကိုရီးယားနှင့် စင်္ကာပူနိုင်ငံ တို့သည် ၎င်းတို့၏ ရပ်တည်ချက်ကို မပြောင်းလဲဘဲ၊ မင်းအောင်လှိုင်၏ ဘောင်းဘီချွတ် အရေခွံလဲပွဲကို အသိအမှတ် မပြုခဲ့ကြပါ။ 

အထူးသဖြင့် စင်္ကာပူနိုင်ငံသည် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော အစိုးရလက်ထက်တွင် တရုတ်နိုင်ငံကို ကျော်လွန်၍ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဘီလီယံပေါင်းများစွာကို ၎င်းတို့၏ ငွေကြေးဈေးကွက်မှတဆင့် မြန်မာနိုင်ငံတွင်းသို့ စီးဆင်းနိုင်ရန် ကူညီခဲ့သည်။ အာဆီယံအသင်းကြီးကို တည်ထောင်သူအဖွဲ့ဝင်နိုင်ငံ ဖြစ်သည်နှင့်အညီ အာဆီယံခေါင်းဆောင်များ ချမှတ်ခဲ့သော တူညီဆန္ဒ ငါးရပ်အပေါ် အလျှော့မပေး စွဲမြဲစွာ ရပ်တည်လျက်ရှိသော နိုင်ငံများထဲ စင်္ကာပူနိုင်ငံလည်း ပါဝင်ပြီး၊ စစ်အာဏာသိမ်းမှုကို လက်မခံကြောင်း ခိုင်မာစွာပြသခဲ့သော အဖွဲ့ဝင်နိုင်ငံ ဖြစ်သည်။  

စင်စစ် အမေရိကန်၊ ဗြိတိန်နှင့် ဥရောပသမဂ္ဂတို့အားလုံးသည် မြန်မာ့အရေးဖြေရှင်းရာတွင် အာဆီယံ၏ ဦးဆောင်မှုကို လက်ခံထားကြခြင်းကြောင့် ယခုလိုအချိန်အခါတွင် အာဆီယံ တူညီဆန္ဒ ငါးရပ်သည် လွန်ခဲ့သော ငါးနှစ်ကျော် အကောင်အထည်မဖော်နိုင်သည့် အခြေအနေမှ၊ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို အသိအမှတ်မပြုသော နိုင်ငံတကာအသိုက်အဝန်း၏ ရှေ့တန်းမဟာတံတိုင်းကြီးသဖွယ် ဖြစ်လာပါသည်။ 

အကြောင်းမှာ အာဆီယံ အနေဖြင့် တူညီဆန္ဒ ငါးရပ်ကို စွန့်လွှတ်ပြီး၊ မင်းအောင်လှိုင်ကို အသိအမှတ်ပြုလိုက်မည် ဆိုပါက အာဆီယံရပ်တည်ချက် အပြောင်းအလဲသည် ကုလသမဂ္ဂအပါအဝင် ကျန်ကမ္ဘာ့နိုင်ငံများ၏ ရပ်တည်ချက် များကိုပါ လှုပ်ခတ်သွားပါလိမ့်မည်။ ထို့ကြောင့် အာဆီယံ၏ရပ်တည်ချက်သည် အရေးကြီးဆုံးကာလကို ရောက်ရှိနေပြီဟု ဆိုနိုင်ပါသည်။ အာဆီယံသည် အဖွဲ့၏ နိုင်ငံရေးအကျင့်သီလကို မည်မျှစောင့်ထိန်းလိုက်နာ နိုင်မည်ဆိုသည့် စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရပြီဟုလည်း ဆိုနိုင်ပါသည်။

နိုင်ငံတကာရာဇဝတ်မှုကြီးများ ကျူးလွန်ထားသူ မင်းအောင်လှိုင်နှင့် ပေါင်းဖက်ခြင်း အန္တရာယ်  

မင်းအောင်လှိုင်သည် မည်သို့ပင် ဘောင်းဘီချွတ် အရေခွံလဲပါစေ၊ အာဆီယံ၏ အသိအမှတ်ပြုမှုကို ပြန်လည်ရရှိရန် လွယ်ကူမည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် အာဆီယံ၏ အသိအမှတ်ပြုမှုသည် မြန်မာ မပါဝင်သော အဖွဲ့ဝင်နိုင်ငံအားလုံး၏ တူညီဆန္ဒအခြေခံပေါ် မူတည်နေ၍ ဖြစ်သည်။ 

ဤနေရာတွင် နိုင်ငံတကာအသိုက်အဝန်းက တပြေးညီ သတ်မှတ်ထားသော အလွန်ကြီးလေးသည့် ရာဇဝတ်မှုကြီးများကို အထင်အရှား ကျူးလွန်ထားသူ မင်းအောင်လှိုင်ကို မြန်မာနိုင်ငံ၏ တရားဝင် နိုင်ငံအကြီးအကဲအဖြစ် လက်ခံရန်မှာ အာဆီယံအဖွဲ့ကြီးအတွက် နိုင်ငံရေးအရ အန္တရာယ်ရှိရုံမျှမကဘဲ၊ နိုင်ငံတကာဥပဒေများအရ အလွန်အန္တရာယ်ကြီးသော ခြေလှမ်းဖြစ်ပါလိမ့်မည်။  

ထိုအခြေအနေတွင် အာဆီယံအဖွဲ့ဝင်နိုင်ငံသစ် အရှေ့တီမောနိုင်ငံ၏ တရားရုံးက မင်းအောင်လှိုင်နှင့်         စစ်ခေါင်းဆောင်တစ်စုကို  ချင်းတိုင်းရင်းသား လူနည်းစုတို့အပေါ် စစ်ရာဇဝတ်မှုများ၊ လူသားမျိုးနွယ်အပေါ် ဆန့်ကျင်သော ရာဇဝတ်မှုများအတွက်  ချင်းလူ့အခွင့်အရေးအဖွဲ့က  တရားစွဲဆိုခဲ့ခြင်းကို လက်ခံခဲ့သည်။  အရှေ့တောင်အာရှဒေသ၏ အကြီးဆုံးအစ္စလာမ်နိုင်ငံကြီးဖြစ်ပြီး အာဆီယံတွင် ဩဇာအကြီးဆုံးဟု သတ်မှတ်ထားကြသော အင်ဒိုနီးရှားနိုင်ငံကလည်း ရိုဟင်ဂျာလူမျိုးများကို လူမျိုးသုဉ်းသတ်ဖြတ်မှုဖြင့် မင်းအောင်လှိုင်နှင့် စစ်ခေါင်းဆောင်များအပေါ် အလားတူ တရားစွဲဆိုမှုကို လက်ခံခဲ့သည်။ 

ထို့ကြောင့် အင်ဒိုနီးရှားနှင့် အရှေ့တီမောနိုင်ငံတို့၏ သဘောထားရပ်တည်ချက်များသည် မင်းအောင်လှိုင်ကို အသိအမှတ်ပြုရေးနှင့် ပတ်သက်ပြီး အာဆီယံ၏ ရပ်တည်ချက်များအပေါ်များစွာ ဩဇာလွှမ်းမိုးနိုင်ပါသည်။ ထို့ကြောင့် အာဆီယံသည် နိုင်ငံရေးအကျင့်သီလရော၊ ဥပဒေလိုက်နာမှုရော ရှင်းလင်းပြတ်သားစွာ ရပ်တည်ပြသရမည့် အချိန်အခါ ဖြစ်သည်။

ထို့ကြောင့် ခြုံငုံသုံးသပ်ရလျှင် မင်းအောင်လှိုင် ဘောင်းဘီချွတ် အရေခွံလဲပွဲကြောင့် ယခင်က မင်းအောင်လှိုင်ကို တိတ်တိတ်ပုန်း ထောက်ခံကူညီခဲ့ကြသော အိမ်နီးချင်းများနှင့် ဥရောပအာဏာရှင်နိုင်ငံများ ပြောင်ပြောင်တင်းတင်း အသိအမှတ်ပြု ဆက်ဆံလာသည့် အပြောင်းအလဲကလွဲ၍ ကုလသမဂ္ဂ၊ အာဆီယံနှင့် စစ်အာဏာရှင်စနစ်ဆိုးကို ဆန့်ကျင်မှုတွင် မြန်မာပြည်သူများ၏ ဆန္ဒနှင့်အညီ ရပ်တည်လျက်ရှိကြသော နိုင်ငံတကာအသိုက်အဝန်းသည် ပြည်သူ့ဆန္ဒအစစ်အမှန်ကို ကျောခိုင်းသွားလိမ့်မည် မဟုတ်ကြောင်း လေ့လာတွေ့ရှိရသည်။ 

နိုင်ငံတကာ အသိုက်အဝန်း၏ ရပ်တည်ချက်အပြောင်းအလဲသည် မြန်မာနိုင်ငံတွင် စစ်မှန်သော ငြိမ်းချမ်းရေးကို ရိုးသားစွာ အကောင်အထည်ဖော်နိုင်ခြင်း ရှိမရှိပေါ်တွင် မူတည်ပါသည်။ မင်းအောင်လှိုင်စစ်အုပ်စုက အာဏာကို ချုပ်ကိုင်ထားပြီး၊ စစ်တပ်က နိုင်ငံရေးကို ကြီးစိုးခြယ်လှယ်နေသရွေ့ စစ်မှန်သော ငြိမ်းချမ်းရေးဖြစ်စဉ်ကို တွေ့နိုင်မည် မဟုတ်ပါ။ မင်းအောင်လှိုင်စစ်အုပ်စု၏ ပကတိလိမ်ညာလှည့်ဖြားခဲ့မှု မှတ်တမ်းများကို သက်သေများစွာဖြင့် ကောင်းစွာနားလည်နေပြီဖြစ်သော နိုင်ငံတကာအသိုက်အဝန်းသည် လူလိမ်ကို လူရာသွင်းမည် မဟုတ်ပါ။ ထို့အတူ အိမ်နီးချင်း တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ လာအို နိုင်ငံများနှင့် ဥရောပ အာဏာရှင် ရုရှားနှင့် ဘယ်လာရုစ်နိုင်ငံတို့၏ ခေါင်းဆောင်များ၏ လူလိမ်ကို လူရာသွင်းရန် ကြိုးပမ်းနေမှုသည် ၎င်းတို့၏ နိုင်ငံရေးအကျင့်သီလ ကင်းမဲ့မှုကို ဖော်ပြရုံမျှမက၊ ထိုနိုင်ငံများ၏ ဂုဏ်သိက္ခာကို မည်မျှကျဆင်းနိုင်ကြောင်း ပြန်လည်စဉ်းစားသုံးသပ် သင့်ပါသည်။ လူလိမ်နှင့်ပေါင်းဖက်၍ အကျိုးပျက်စီးရန်သာ ရှိပေလိမ့်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ပါသည်။  

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button