အရပ်သားအစိုးရအဖြစ် အသွင်ပြောင်းထားသည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရက် ၁၀၀ အတွင်းလက်နက်ချရန် ယမန်နေ့တွင် ပြောကြားချက်ကို တော်လှန်ရေးအဖွဲ့များက ပယ်ချလိုက်သည်။
စစ်တပ် ကြိုးကိုင်ခဲ့သည့် ၂၀၂၅ ရွေးကောက်ပွဲမှတဆင့် ဖွဲ့စည်းခဲ့သော စစ်အစိုးရသစ်က နေပြည်တော်၌ ယမန်နေ့ (ဧပြီလ ၂၀ ရက်) တွင်ပြုလုပ်သည့် ပထမဆုံးအစည်းအဝေး၌ သမ္မတရာထူးယူထားသည့် အာဏာသိမ်း စစ်ခေါင်းဆောင်ဟောင်း မင်းအောင်လှိုင်က အတိုက်အခံတပ်များ လက်နက်ချရေး ပြောဆိုခဲ့ခြင်းဖြစ်သည်။
စစ်ခေါင်းဆောင်ဟောင်းက ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF များနှင့် တွေ့ဆုံဆွေးနွေးရေး၊ လက်နက်ချရေး ညှိနှိုင်းမှုအချို့ရှိကြောင်း၊ ထို့အပြင် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ (EAO) များအပါအဝင် လက်မှတ်မထိုးထားရသည့် EAO များနှင့်လည်း ဇူလိုင်လ ၃၁ ရက်မတိုင်မီ ရက် ၁၀၀ အတွင်း တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ကြောင်း အစည်းအဝေးမိန့်ခွန်း၌ ပြောသည်။
ပြီးခဲ့သည့် ငါးနှစ်အတွင်း တွေ့ဆုံခြင်းမပြုသည့် အဖွဲ့များဖြစ်သော ကရင်အမျိုးသားအစည်းအရုံး (KNU) ၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) ကိုလည်း ဖိတ်ခေါ်သည်ဟု စစ်ခေါင်းဆောင်က ဆိုသည်။

အဆိုပါအဖွဲ့ သုံးဖွဲ့သည် NCA စာချုပ်ကို လက်မှတ်ထိုးထားသော်လည်း စစ်တပ်အာဏာသိမ်းခြင်းကြောင့် NCA အသက်မဝင်တော့ဟုဆိုကာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့် ပူးပေါင်း၍ စစ်တပ်ကို တော်လှန်နေသည့် အဖွဲ့များဖြစ်သည်။
ယင်းအဖွဲ့ သုံးဖွဲ့ကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က “ဘာလုပ်ချင်သလဲ။ ဆွေးနွေးဖို့တော့ EAO တွေကို ဖိတ်ခေါ်ပါတယ်” ဟု ဆိုသည်။
NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်ကမူ စစ်ခေါင်းဆောင်၏ ဖိတ်ခေါ်ချက်ကြောင့် ယိမ်းယိုင်သွားမည် မဟုတ်ဘဲ ဆက်လက်တိုက်ပွဲဝင် မည်ဖြစ်ကြောင်း Myanmar Now ကိုပြောသည်။
“သူ့ရဲ့ အတုအယောင်ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုတွေဟာလည်းပဲ ဘာအနှစ်သာရမှမပါဘဲ စစ်ကျွန်သက်ရှည်ရေးလုပ်မယ့်ကိစ္စတွေသာ ဖြစ်တယ်လို့ သမိုင်းနဲ့ချီ နားလည်ထားကြတယ်။ အဲဒီအတွက် ဒီအပေါ်မှာ ဘာမှ ယိမ်းယိုင်ပြောင်းလဲသွားစရာမရှိဘူး” ဟု ၎င်းက ဆိုသည်။
NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံ စစ်ဆင်ရေးနယ်မြေ အမှတ် (၂) စစ်ဒေသခွဲမှူး ရဲဘော်တင်ဦးကလည်း စစ်တပ်အားနည်းနေချိန် အယောင်ပြငြိမ်းချမ်းရေး ကမ်းလှမ်းမှုသာဖြစ်ပြီး အမှန်တကယ်ငြိမ်းချမ်းရေး ရယူလိုစိတ်မရှိဟု ယူဆကြောင်း သူ့အမြင်ကို ပြောသည်။
“ဒီတစ်ခါမှာ ကျွန်တော်တို့က အဆုံးထိသွားမယ်လို့ စိတ်ပိုင်းဖြတ်ထားပြီးသား ဖြစ်တယ်။ နောက်တစ်ကြိမ်တိုင်းပြည်မှာ ဘယ်ကောင်အာဏာသိမ်းရဲသေးလဲလို့ မေးနိုင်အောင် ကျွန်တော်တို့ လုပ်နေတာဖြစ်တယ်။ ဒါကြောင့်မို့ ကျွန်တော်တို့က အဆုံးထိဆက်သွားမှာပဲ။ ဆက်လက်တိုက်ပွဲဝင်နေမှာပါ” ဟု ရဲဘော်တင်ဦးက မှတ်ချက်ပေးသည်။
ချင်းအမျိုးသားတပ်ဦး CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကလည်း စစ်ခေါင်းဆောင်၏ ဆွေးနွေးရန် ဖိတ်ခေါ်မှုသည် စစ်တပ်ရေရှည်ရပ်တည်နိုင်ရေးအတွက် NCA စာချုပ်အား ပြန်အသက်သွင်းရန် လုပ်ဆောင်မှုဖြစ်ပြီး တစ်စုံတစ်ရာထူးခြားလာမည်ဟု မထင်ကြောင်း ပြောသည်။
CNF အနေနှင့် တော်လှန်ရေးအဖွဲ့ ခြောက်ဖွဲ့ဖြင့်ဖွဲ့ထားသော ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကော်မတီ (SCEF) ၏ နိုင်ငံရေးဦးတည်ချက် (၆) ရပ်အတိုင်း ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း မှတ်ချက်ပေးသည်။
ABSDF ပြောရေးဆိုခွင့်ရှိသူ ရဲဘော်ကျော်လင်းကလည်း ဦးမင်းအောင်လှိုင်၏ တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ချက်ကို ABSDF အနေနှင့် လက်ခံနိုင်စရာ မရှိဟု ပြောသည်။
“နေ့စဉ်လူထုကို ဗုံးကြဲသတ်နေတဲ့ စစ်ခေါင်းဆောင်ရဲ့ ဘယ်လိုငြိမ်းချမ်းရေးကမ်းလှမ်းမှုမျိုးကိုမဆို ယုံကြည်လို့မရဘူးလို့ ကျွန်တော်တို့ သုံးသပ်တယ်။ တွေ့ဆုံဆွေးနွေးမှုတစ်ခုဖြစ်ဖို့အတွက် လုံလောက်တဲ့နိုင်ငံရေးအခင်းအကျင်း မရှိသေးဘူး။ ရှိအောင်လည်း သူ့မှာလုပ်လို့တဲ့ ဆန္ဒရှိတယ်လို့ မထင်ဘူး” ဟု ရဲဘော်ကျော်လင်းက မှတ်ချက်ပေးသည်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကမူ တိုင်းပြည်တည်ငြိမ်မှုမရှိပါက ဖွံဖြိုးရေးကိစ္စများ လုပ်ဆောင်၍မရကြောင်း သမင်မွေးရင်း ကျားစားရင်းဆိုသည့် မြန်မာစကားပုံတစ်ခုကို ဥပမာပေး၍ ငြိမ်းချမ်းရေးကို လိုချင်ကြောင်းပြောသည်။
ငြိမ်းချမ်းရေးဆွေးနွေးရာ၌ မဖြစ်နိုင်သည်များ တောင်းဆို၍ အဖွဲ့တည်မြဲရေးလုပ်မည်ဆိုပါက မှားလိမ့်မည်ဟု စစ်ခေါင်းဆောင်က သတိပေးသည်။
“ကျွန်တော်တို့အနေနဲ့လည်း လုပ်သင့်လုပ်ထိုက်တာတွေကိုတော့ နိုင်ငံတော်အနေနဲ့လုပ်ရမှာတွေ ရှိလာပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။



