ထိုင်းနယ်စပ်အနီး သံလွင်မြစ်ကမ်းဘေး၊ ကရင်ပြည်နယ်မြောက်ပိုင်း ဖာပွန်မြို့နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ဆေးရုံကို အာဏာသိမ်းစစ်တပ်က ယမန်နေ့(ဧပြီ ၂၀ ရက်) နံနက် ၁၀ နာရီခွဲတွင် တိုက်ခိုက်ရေးရဟတ်ယာဉ်နှစ်စီးဖြင့် ဗုံးသီး ၁၀ လုံး ကြဲချကာ အပြင်းအထန် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဦးမယ်ထာရွာရှိ ထိုဆေးရုံကို မြန်မာနှစ်သစ်ကူးပွဲတော်မတိုင်မီ ဧပြီလ ၁၁ ရက်နေ့တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ယမန်နေ့တွင် ဒုတိယအကြိမ် ဗုံးကြဲခြင်းဖြစ်သည်။ ဗုံးသီးရှစ်လုံး မြန်မာဘက်ခြမ်းတွင် ကျရောက်ပေါက်ကွဲပြီး ကျန်နှစ်လုံးသည် ထိုင်းနိုင်ငံဘက်ခြမ်း၌ ကျရောက်ပေါက်ကွဲခဲ့ကြောင်း KNU တပ်မဟာ (၅) ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စောကလယ်ဒိုက Myanmar Now ကို ပြောသည်။
ထိုတိုက်ခိုက်မှုအတွင်း ဦးမယ်ထာရွာ ဆေးရုံ၊ ဘုရားရှိခိုးကျောင်းနှင့် လူနေအိမ်များထိခိုက်ပျက်စီးသွားပြီး လူထိခိုက်သေဆုံးမှုအခြေအနေကို အတိအကျမသိရသေးကြောင်း ၎င်းက ဆိုသည်။
“(KNU တပ်မဟာ ၅ ထိန်းချုပ်နယ်မြေအတွင်း) မြေပြင်စစ်ရေးအခြေအနေ ထူးခြားမှုမရှိပေမယ့် စစ်အာဏာရှင်အုပ်စုကနေပြီးတော့မှ လေကြောင်းစစ်ဆင်ရေးကတော့ နေ့စဉ်ဆက်တိုက်ပဲ။ အရှိန်မြှင့်ပြီးတော့မှ တိုက်ခိုက်လာတယ်လေ။ နေ့ရာညရောပဲ။ အဲ့ဒီမှာလာပြီးတော့ တစ်နေရာမပစ်ရင် တစ်နေရာပစ်တာပဲ။ တောက်လျှောက်ပဲ။ သင်္ကြန်ကာလကနေ အခုထက်ထိပေါ့” ဟု ၎င်းက ပြောသည်။
၁၉၆၂ တွင်စတင်၍ အာဏာရှင်စစ်တပ်ကို အပြင်းအထန်တော်လှန်ဆန့်ကျင်သည့် ဖာပွန်ဒေသကို စစ်ဘက်အရပ်ဘက်မခွဲခြားဘဲ အားလုံးကို ရန်သူဟုသတ်မှတ်၍ တိုက်ခိုက်ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။
ဖာပွန်မြို့ကို KNU တပ်မဟာ(၅) နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထိန်းချုပ်ထားပြီး မြို့တောင်ဘက်ရှိ ဖာပွန်ဗျူဟာစခန်းကို ဝိုင်းပတ်ပိတ်ဆို့ထားသည်။ အာဏာသိမ်းစစ်တပ်က တန်ပြန်ထိုးစစ်ဆင်နေသော်လည်း ရှေ့မတိုးနိုင်ဖြစ်နေသည်။
KNU ဆေးရုံးကို ပထမတစ်ကြိမ်လေကြောင်းတိုက်ခိုက်စဉ်က အဆောက်အအုံနှစ်လုံးပျက်စီးခဲ့ပြီး ယခုတစ်ကြိမ်တွင် အားလုံးပျက်စီးသွားကြောင်း၊ လူနာနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူတို့ကို အရေးပေါ် ကြိုတင်ပြောင်းရွှေ့ထားနိုင်သဖြင့် အသက်ဆုံးရှုံးမှုမရှိခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက်(KPSN) သတင်းမီဒီယာဆက်ဆံရေးတာဝန်ရှိသူ စောအယ်ဒိုဝါးက Myanmar Now ကို ပြောသည်။
“လက်နက်ကိုင်အချင်းချင်းတိုက်ခိုက်ရမယ့်အစား ပြည်သူလူထုတွေရဲ့အဆောက်အအုံတွေ၊ ကျန်းမာရေးအဆောက်အအုံတွေ၊ ဘာသာရေးအဆောက်အအုံတွေ လိုက်ပြီးတိုက်ခိုက်တာ” ဟု ၎င်းက ဆိုသည်။
ထိုဆေးရုံကို ဒေသခံများလည်း အလေးထားအားကိုးကြကြောင်း ၎င်းက ပြောသည်။
အာဏာသိမ်းခေါင်းဆောင်က ဗိုလ်ချုပ်ကြီးရဲဝင်းဦးထံ တပ်ချုပ်ရာထူးလွှဲပြောင်း၍ ကိုယ်တိုင် သမ္မတဘွဲ့ခံ၊ အသွင်ပြောင်းစစ်အစိုးရဖွဲ့စည်းပြီးနောက် ဆေးရုံ၊ ဆေးခန်း၊ ဘုန်းကြီးကျောင်း၊ ဘုရားရှိခိုးကျောင်း စသည်တို့ကို ခပ်စိပ်စိပ်ပစ်မှတ်ထားတိုက်ခိုက်လာကြောင်း စောအယ်ဒိုဝါး ကဆိုသည်။
ဖာပွန်မြို့နယ်အတွင်း ဧပြီလ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားလေးဦး အနည်းဆုံးသေဆုံးပြီး ၁၄ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ကရင်ငြိမ်းချမ်းရေး အထောက်အကူပြုကွန်ရက် (KPSN) က ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။
ထိုင်းနိုင်ငံဘက်အခြမ်း၌ ဗုံးသီးအချို့ကျရောက်ခဲ့သဖြင့် မြန်မာနှင့်ထိဆက်နေသည့် မယ်ဟောင်ဆောင်၊ ချင်းမိုင်၊ ချင်းရိုင်နှင့် တာ့ခ်ခရိုင်တို့တွင် လုံခြုံရေးတိုးမြှင့်ချထားပြီး အရေးပေါ်ကူညီရေးလုပ်ငန်းစဉ်များ ချမှတ်ခဲ့ကြောင်း ထိုင်းအခြေစိုက် သတင်းများတွင် ဖော်ပြထားသည်။
ထိုင်းနိုင်ငံ တာ့ခ်ခရိုင်နှင့်ထိစပ်နေသော ကရင်ပြည်နယ် မြဝတီမြို့နယ်အတွင်းရှိ KNU ထိန်းချုပ်ထားသော မင်းလက်ပံကျေးရွာအနီးတွင်လည်း တိုက်ပွဲများ မကြာခဏဖြစ်နေပြီး ထိုင်းစစ်တပ်က အင်အားတိုးမြှင့်ထားကြောင်း နယ်စပ်ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။



