အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဖလမ်းကိုဦးတည်သည့် စစ်တပ်စစ်ကြောင်း ဗားရ်တံတားအထိရောက်လာ

ချင်းပြည်နယ်၏ ဒုတိယမြို့တော်အဖြစ်တင်စားသည့် ဖလမ်းမြို့ကို ပြီးခဲ့သည့်နှစ် ဧပြီလတွင် ချင်းညီနောင်အဖွဲ့က သိမ်းပိုက်ထိန်းချုပ်ထားသည်။

ချင်းပြည်နယ်တောင်ပိုင်း ဖလမ်းမြို့ကို ချင်းတော်လှန်ရေးတပ်များ၏ လက်ထဲမှပြန်သိမ်းရန် ထိုးစစ်ဆင်လာသည့် စစ်တပ်သည် မြို့အနီး ဗားရ်တံတားအထိ ရောက်ရှိလာကြောင်း သိရသည်။ 

ဒုတိယမြို့တော်အဖြစ်တင်စားသည့် ဖလမ်းမြို့ကို ပြီးခဲ့သည့်နှစ် ဧပြီလတွင် ချင်းညီနောင်အဖွဲ့က သိမ်းပိုက်ထိန်းချုပ်ထားခဲ့ပြီး မြို့ကို ပြန်ရရန် စစ်တပ်က ယမန်နှစ် စက်တင်ဘာလကုန်ပိုင်းတွင် အင်အား အလုံးအရင်းဖြင့် ထိုးစစ်ဆင်လာခြင်းဖြစ်သည်။ 

ကလေး မြို့အနောက်ဘက် သိုင်းငင်းမှတဆင့် ဖလမ်းသို့ တစ်ကြောင်း၊ ကလေးမြို့ တောင်ဘက် ကလေး – ဂန့်ဂေါလမ်းမှတဆင့် ဝေဘူလမြို့ကိုဖြတ်၍ စစ်ကြောင်း တစ်ကြောင်းဖြင့် ထိုးစစ်ဆင်လာရာ ချင်းတော်လှန်ရေးအင်အားစုများဖြစ်သည့် ချင်းညီနောင်(CB)နှင့် ချင်းပြည်ကောင်စီ (CC) တို့က ပူးပေါင်းပြီး ခုခံတိုက်ခိုက်နေခြင်းဖြစ်သည်။ 

၂၀၂၅ ခုနှစ် ဧပြီလတွင် ဖလမ်းမြို့သိမ်းအပြီး တော်လှန်ရေးအင်အားစုများ။ (ဓာတ်ပုံ – CB) 

စစ်တပ်ဘက်ကအကျအဆုံးများသည့် ဖလမ်းစစ်မျက်နှာကို ကလေး ဒကစဘက်မှတဆင့် မြေပြင်စစ်ကူအင်အားအလုံးအရင်းဖြည့်တင်းခဲ့သလို လေကြောင်းမှလည်း အပြင်းအထန်ဖိအားပေး တိုက်ခိုက်နေကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။ 

ခြောက်လကျော် ကြာမြင့်လာချိန်တွင် သိုင်းငင်းဘက်မှတက်လာသည့် စစ်ကြောင်းသည် မြို့နှင့် ၁၁ မိုင်ခန့်အကွာ ဗားရ်တံတားအကျော်သို့ ရောက်ရှိနေပြီး နောက်ထပ်စစ်ကြောင်းတစ်ခုမှာလည်း ဆူရ်ဘုန်လေယာဉ်ကွင်းဘက်သို့ နီးကပ်နေပြီဖြစ်ကြောင်း တော်လှန်ရေးအင်အားစုများထံက သိရသည်။ 

“သိုင်းငင်းဘက်ကရှေ့တိုးပြီးတော့ ဗားရ်တံတားကျော်သွားပြီဆိုတော့ ဖလမ်းမြို့နဲ့တော်တော်နီးသွားပြီ။ ဒီဘက်မှာလည်း ခွန်းလီရွာရောက်ပြီဆိုတော့ ဆူရ်ဘူန်လေဆိပ်နားတော်တော်နီးသွားပြီ။ ဆိုတော့ တော်တော် စိုးရိမ်စရာအခြေအနေတော့ရောက်နေတယ်”ဟု ချင်းညီနောင်အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းယောမန်ကပြောသည်။  

၂၀၂၅ ဒီဇင်ဘာလကုန်ပိုင်းက ဖလမ်းမြို့ကို ဦးတည်ထိုးစစ်ဆင်သည့် စစ်ကြောင်းကို တိုက်ခိုက်မှုအပြီး သိမ်းဆည်းရမိသည့် လက်နက်ခဲယမ်း

ဖလမ်းမြို့အနောက်ဘက် ၁၃ ကီလိုမီတာအကွာရှိ ဆူရ်ဘုန်လေဆိပ်သည် ချင်းပြည်နယ်၏ ပထမဆုံး လေဆိပ်ဖြစ်ပြီး အရပ်သားအစိုးရလက်ထက် ၂၀၁၃ ခုနှစ်တွင် တည်ဆောက်ခဲ့ပြီး အာဏာမသိမ်းမီ  ၂၀၂၀ နှစ်ကုန်ပိုင်းတွင် ခရီးသည်တင်လေယာဉ် စမ်းသပ်ဆင်းသက်နိုင်ခဲ့သည်။ 

ဆူရ်ဘုန်လေယာဉ်ကွင်းကို စစ်တပ်က ပြန်လည်ထိန်းချုပ်နိုင်ပါက စစ်ဆင်ရေးအတွက် အသုံးပြုလာနိုင်ကြောင်း CDM စစ်သားများက သုံးသပ်သည်။ 

ဆလိုင်းယောမန်ကလည်း “ အဲ့ဒီမှာကို ဟိုက်စကီးကောင်းကောင်းဆင်းနိုင်တယ်။ Y 12 က အထုပ်ချပေးနိုင်တယ်ဆိုရင်ကို သူတို့မှာ air traffic control တွေနဲ့ ကောင်းကောင်းမလည်ပတ်နိုင်ဘူး။ ဒါပေမဲ့ MI 17 လောက်ကို လွတ်လွတ်လပ်လပ်လုံလုံခြုံခြုံကောင်းကောင်းဆင်းနိုင်တယ်ဆိုရင် သူတို့အတွက် စားနပ်ရိက္ခာထောက်ပို့၊ ခဲယမ်းထောက်ပို့အတွက်အဆင်ပြေသွားနိုင်တဲ့ အခြေအနေမျိုးရှိတယ်”ဟု လည်း သုံးသပ်သည်။ 

ဖလမ်းမြို့သည် စစ်တပ်အခြေစိုက်ရာ ပြည်နယ်မြို့တော် ဟားခါးကို ထိန်းချုပ်နိုင်ရန်အတွက် အရေးပါ သည့်နည်းတူ အိန္ဒိယနယ်စပ်ကုန်သွယ်ရေးအတွက်လည်း အချက်အချာကျသည့်မြို့ဖြစ်ပြီး စစ်တပ်အပြင် တော်လှန်ရေးအင်အားစုများအတွက်ပါ အချက်အချာကျသည့်မြို့ဖြစ်သည်။ 

ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်ခဲ့ပါက ချင်းပြည်နယ်ကို ပြန်လည်ထိုးစစ်ဆင်နိုင်ရေးအတွက် အားသာချက်ဖြစ်လာနိုင်ကြောင်း ဗိုလ်ကြီးဇင်ယော်က သုံးသပ်သည်။ 

“ ဆူရ်ဘုန်လေဆိပ်သာ ရသွားရင် အဲ့ဒီလေကြောင်းကနေ ခဲယမ်း၊ ရိက္ခာ အင်အားဖြည့်တင်းပြီးတော့ ချင်းပြည်နယ် တစ်ခုလုံးကို ပြန်ပြီးတော့ ထိုးစစ်ဆင်လာနိုင်တဲ့အနေအထားမျိုးရှိတယ်။ ဖလမ်းသာ ကျသွားမယ်ဆိုရင် စစ်ကောင်စီဘက်က ချင်းပြည်နယ်တိုက်စစ်အတွက် တော်တော်လေးအရေးသာ သွားမယ့်အနေအထားမျိုးရှိတယ်”ဟု ၎င်းကဆိုသည်။ 

ဖလမ်းမြို့ကို စစ်တပ်ပြန်ရသွားပါက ပြည်နယ်မြောက်ပိုင်းကို ထိုးစစ်ဆင်လာနိုင်သလို  ချင်းပြည်နယ် တောင်ပိုင်းဘက်ထိလည်း ဆက်လက်ထိုးစစ်ဆင်လာနိုင်ကြောင်း ဆလိုင်းယောမန်က မှတ်ချက်ပြုသည်။ 

“ ဖလမ်းကိုပြန်စိုးမိုးရင် ထန်တလန်၊ ဟားခါး ဖလမ်း၊ တီးတိန်ဆိုတဲ့ စိုးမိုးနယ်မြေတွေ တောက်လျှောက်အချိတ်အဆက်ပြန်ရသွားရင် တော်လှန်ရေးအဖွဲ့တွေအတွက်တော့ တော်တော် စိုးရိမ်စရာဖြစ်သွားမယ်။ အထူးသဖြင့် ချင်းပြည်မြောက်ပိုင်းမှာရှိတဲ့ အခြေချတဲ့အဖွဲ့တွေကို အင်အားသုံးပြီးထိုးစစ်ဆင်လာနိုင်တယ်”

“ ဆက်လက်ပြီးတော့ ချင်းပြည်တောင်ပိုင်းဘက်ကိုလည်း ပြန်ထိုးလာနိုင်တာပဲ။ ဆိုလိုချင်တာက ထန်တလန်၊ ဟားခါး၊ တီးတိန်၊ ဖလမ်း ကောင်းကောင်းရပြီဆိုရင် ဟားခါးဘက်ကနေ ရေဇွာဘက်ကိုဆင်းလာလို့ရတယ်။ ရေဇွာဆင်းလာပြီးရင် ရေဇွာကနေ မတူပီဘက်ကို ထိုးစစ်ဆင်လာနိုင်တာပဲ။ အဲ့ဒါမျိုးတွေကအစ အဲ့ဒီလိုမျိုးတွေတော့ ဖြစ်လာနိုင်ခြေရှိတယ်။ စစ်ရေးတွေရဲ့ နောက်ဆက်တွဲ ဒိုမီနိုတွေလာနိုင်တယ်”ဟု ဆလိုင်းယောမန်က ဆိုသည်။ 

ချင်းပြည်နယ်မြောက်ပိုင်းရှိတွန်းဇံမြို့နယ်ကို ချင်းပြည်ကောင်စီက ထိန်းချုပ်ထားပြီး ဟားခါး၊ တီးတိန်မြို့တို့ကို စစ်တပ်က ထိန်းချုပ်ထားသလို ထန်တလန်ကိုလည်း တစ်စိတ်တစ်ပိုင်းထိန်းချုပ်ထားသည်။ ပြည်နယ်တောင်ပိုင်းကို တော်လှန်ရေးအင်အားစုများက အပြည့်အဝထိန်းချုပ်ထားသည်။ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်တို့ကို ချင်းညီနောင်က ထိန်းချုပ်ပြီး ၎င်းတို့၏ မဟာမိတ် အေအေက ပလက်ဝကို နယ်မြေစိုးမိုးထားသည်။ 

ပြီးခဲ့သည့် သီတင်းပတ်တွင် ဖလမ်းမြို့နယ်၊ ရှေ့တန်းစစ်မျက်နှာရှိ အရေးပါသော စခန်းတစ်ခုဖြစ်သည့် ခွန်းလီရွာအနီးရှိ စစ်တပ်ခြေကုပ်ယူထားရာ နေရာကို ချင်းတော်လှန်ရေးအင်အားစုများက ရုတ်တရက် ထိုးစစ်ဆင်တိုက်ခိုက်ပြီး လက်နက်ခဲယမ်းအများအပြား သိမ်းပိုက်ရရှိခဲ့သည်။ 

ဖလမ်းမြို့နယ်အတွင်း တိုက်ပွဲများကြောင့် ချင်းတော်လှန်ရေးအင်အားစုများဘက်မှ ၄၂ ဦးထက်မနည်း သေဆုံးပြီး ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ချင်းရေးရာအဖွဲ့က မတ်လဆန်းတွင် ထုတ်ပြန်သည့် ဖလမ်းမြို့နယ် အတွင်းရှိ တိုက်ပွဲများသုံးသပ်ချက်အစီရင်ခံစာ၌ ဖော်ပြထားသည်။ ထိုအဖွဲ့သည် ၂၀၂၁ စစ်တပ်အာဏာသိမ်းပြီး နောက် ပေါ်ပေါက်လာသည့်အဖွဲ့ဖြစ်ပြီး စစ်ဘေးရှောင်နှင့် ဒေသခံများအတွက် ပညာရေး၊ ကျန်းမာရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူညီပေးရေးလုပ်ငန်းများဆောင်ရွက်နေပြီး အစီရင်ခံစာများလည်းထုတ်ပြန်သည်။ 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button