အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ယင်းမာပင်တွင် ရွာစဉ်လှည့် ပစ္စည်းများယူသည့် စစ်တပ် ဒေသခံများကို စည်းရုံးနေ

စစ်တပ်က အင်အား ၆၀၀ ဝန်းကျင်ဖြင့် ဝင်ရောက်စစ်ကြောင်း ထိုးနေစဉ် ဒေသခံများ၏ ပစ္စည်းများကို ကားဖြင့်တင်ကာ ယူဆောင်ကြသလို ဒေသခံများ ရွာအတွင်း ပြန်ဝင်ရန်၊ ရက် ၁၀၀ အတွင်း PDF များ လက်နက်ချရန် ပြောဆိုခဲ့သည်ဟု သိရသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင်း ရွာစဉ်လှည့် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ရောက်ရှိသည့် ကျေးရွာများမှ ပစ္စည်းများ ယူဆောင်နေကြသလို ရွာအတွင်း ပိတ်မိကျန်နေခဲ့သည့် ဒေသခံရွာသားများအား  စည်းရုံးရေးလုပ်နေသည်ဟု ဒေသခံစစ်ရေးသတင်းရင်းမြစ်များနှင့် ရွာခံအချို့ထံက သိရသည်။

ပုလဲနယ်အခြေစိုက် ဗိုလ်နဂါး စစ်တပ်ထံ ဘက်ပြောင်းသွားပြီးနောက် ပြီးခဲ့သည့် ဖေဖော်ဝါရီလပိုင်းမှ စတင်ကာ ယင်းမာပင်နှင့် ပုလဲမြို့နယ်အတွင်း ကျေးရွာများကို စစ်တပ်က ဆက်တိုက် စစ်ကြောင်းထိုးနေခြင်းဖြစ်သည်။ 

လက်ရှိတွင် ယင်းမာပင်မြို့နယ်အတွင်း စစ်ကြောင်း သုံးကြောင်းထိုးနေပြီး ယင်းမာပင်မြို့ပေါ် အထိုင် စစ်ကြောင်း ၊ ပုလဲနယ်မှ လာသောစစ်ကြောင်းနှင့် မုံရွာမြို့အနောက်မြောက်တိုင်းစစ်ဌာချုပ်(နမခ) မှလာသောစစ်ကြောင်းတို့ ပူးပေါင်းထားခြင်းဖြစ်ပြီး စုစုပေါင်း အင်အား ၆၀၀ ထက်မနည်း ရှိကြောင်း ဒေသခံ စစ်ရေးသတင်းရင်းမြစ်များက ဆိုကြသည်။

စစ်တပ်စစ်ကြောင်းများသည် နယ်မြေထိစပ်နေသော အထက်ပါနှစ်မြို့နယ်မှ ကျေးရွာများသို့ ရွာစဉ်လှည့် စစ်ကြောင်းထိုးခဲ့ပြီး ထွက်ပြေးတိမ်းရှောင်နေရသော ဒေသခံများ၏ ပစ္စည်းများကိုယူကာ ကားများဖြင့် ယင်းမာပင်မြို့သို့ ပို့ဆောင်ကြောင်း သိရသည်။

“စစ်ကြောင်းတွေက လာကတည်းက စစ်ကြောင်းတိုင်း Jammer ကား နဲ့ လက်နက်ခဲယမ်း တင်တဲ့ကား နှစ်စီးပါတယ်။ ရွာတွေလှည့်ရင်း ဖမ်းမိတဲ့ကားတွေ ခေါ်ခေါ်သွားတာ နောက်ပိုင်းကျ ကားတွေ အများကြီး ဖြစ်သွားတယ်” ဟု ဒေသခံ ကင်းထောက်ရဲဘော်တစ်ဦးကပြောသည်။ 

ဒေသခံများ၏ ကားများအပြင် လှည်းများကိုလည်း ယူဆောင်ကာ ပစ္စည်းများသယ်ဆောင်ကြောင်း ယင်းမာပင်မြို့နယ်မှ ဒေသခံတစ်ဦးကပြောသည်။

“လှည်းခြောက်စီးပါသွားတာမှာ လူကိုမခေါ်ဘူး။ လှည်းတွေချည်းယူသွားတယ်။ ပြီးမှ လှည်းကို ပြန်လာ ယူခိုင်းတယ်။ သူတို့ နားတဲ့ရွာထိ လိုက်ယူရတာပေါ့” ဟု ၎င်းက ဆိုသည်။ 

လက်ရှိတွင် ထိုစစ်ကြောင်းများမှ အင်အား ၄၀၀ ဝန်းကျင်ခန့်သည် ယင်းမာပင်မြို့အနောက်မြောက်ဘက် ၁၂ မိုင် ခန့်အကွာ ဆင်စွယ်ကျေးရွာတွင် ဧပြီလ ၁၉ ရက်နေ့မှ စတင်အထိုင်ချလိုက်သဖြင့် ပုလဲနှင့် ယင်းမာပင်မြို့နယ် မြို့နယ်နှစ်ခုအစပ်မှ ကျေးရွာ ၂၀ ထက်မနည်းမှ ဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရသည်။

စစ်တပ်က စစ်ကြောင်းထိုးရာတွင် ၎င်းတို့နှင့် တိုးသော ဒေသခံများကို PDF ဆက်စပ်သံသယဖြင့် သက်ကြီးရွယ်အိုပါမချန် နှိပ်စက်၊ သတ်ဖြတ်မှုများ ပြုလုပ်တတ်သဖြင့် စစ်ကြောင်းဝင်ပြီဆိုပါက ဒေသခံအများစုသည်  အိုးပစ်အိမ်ပစ် ထွက်ပြေးကြရလေ့ရှိသည်။ 

 ယင်းမာပင်နှင့်ပုလဲ စစ်ရေးအခြေအနေပြ မြေပုံ။

ဆင်စွယ်ရွာအထိုင်ချ စစ်သားများက အနီးကျေးရွာများသို့ စစ်ကြောင်းထိုးရာတွင် ရွာထဲပိတ်မိသူများကို ရွာပြင်ထွက်ပြေးသွားသော ဒေသခံများအား ရွာတွင်းပြန်ဝင်ကြရန် ပြောဆိုခိုင်းကြောင်းလည်း ဒေသခံ နောက်တစ်ဦးက ပြောသည်။

“ရွာထဲ မိတဲ့သူတစ်ယောက်ကို ဖုန်းသိမ်းထားပြီး အနီးအနား ရွာပြင်ကလူတွေကို လိုက်ခေါ်တယ်။ စစ်သားတွေက ဘာမှမလုပ်ဘူး။ ငါတို့တောင် သူတို့နဲ့ အတူရှိနေတာ ရွာထဲပြန်ဝင်ကြလို့ ပြောတယ်” ဟု အဆိုပါ ဒေသခံ အမျိုးသားက ဆိုသည်။

အထက်ပါစစ်ကြောင်းသည် ယနေ့ (ဧပြီလ ၂၄ ရက်) တွင် ဆင်စွယ်ရွာမှ ဆုတ်ခွာတော့မည့် အခြေအနေ ရှိနေသော်လည်း  အနီးကျေးရွာများသို့ အထွက်ပြ၍ ကျေးရွာအတွင်းပြန်လည်ဝင်ရောက်သည့် ဖြစ်စဉ်များရှိသည့်အတွက် ဒေသခံများအနေဖြင့် ရွာထဲအလျင်စလို မဝင်ကြရန် ဒေသကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားကြသည်။ 

ဆုံရွာဒေသခံတစ်ဦးက “မနေ့ (ဧပြီ ၂၃ရက်) မှာ ယင်းမာပင်နယ်ထဲ မင်းမကုန်းနဲ့ ဆုံရွာကို ဝင်လာတယ်။ အရပ်သားတွေ ပိတ်မိတော့ ဘုန်းကြီးကျောင်းကို လူစုခိုင်းပြီး တရားဟောတယ်။ အဓိကကတော့ PDF တွေကို ရက် ၁၀၀ အတွင်း အလင်းဝင်ကြဖို့ ပြောပေးခိုင်းတာ” ဟု ဆိုသည်။

မင်းမကုန်းနဲ့ ဆုံရွာတို့သည် စစ်တပ်အထိုင်ချနေသော ဆင်စွယ်ရွာ၏ အနောက်တောင်ဘက် လေးမိုင် ကျော်အကွာတွင်ရှိသော ကပ်လျက်ကျေးရွာများဖြစ်ကြသည်။ 

ယင်းမာပင်မြို့နယ်တွင်း စစ်ကြောင်းသည် ယင်းမာပင်-ပုလဲလမ်းပိုင်းရှိ ယင်းမာပင်မြို့တောင်ဘက် သုံးမိုင်ကျော်အကွာရှိ လည်ငေါက်ကျေးရွာကို ရွာလုံးကျွတ် နီးပါး မီးရှို့ခဲ့ပြီး အေးကုန်းရွာတွင်လည်း နေအိမ်အချို့ကို မီးရှို့သွားသည်။ ပုလဲမြို့နယ်စစ်ကြောင်းသည် ပုလဲမြို့နယ် သင်တီးကန်ရွာကိုလည်း မီးရှို့သွားသည်။ 

ပြီးခဲ့သည့် ဧပြီလ ၁၂ ရက်တွင် လည်ငေါက်ရွာအနီး စစ်တပ်နှင့် ဒေသခံကာကွယ်ရေးတပ်များ ထိတွေ့ တိုက်ပွဲဖြစ်ခဲ့ပြီး ဧပြီလ ၁၆ ရက်နေ့တွင်လည်း ပုလဲမြို့နယ်  ပုပ္ပါရွာနှင့် ကျေးသများရွာအနီးတွင်လည်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။

လည်ငေါက်ရွာအနီး တိုက်ပွဲတွင် နှစ်ဖက် အကျအဆုံးများ ရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်တစ်ဦး က ပြောသော်လည်း ဒေသခံကာကွယ်ရေးတပ်များက သတင်းထုတ်ပြန်ချက်မရှိသေးပေ။

အလားတူ အဆိုပါဒေသအတွင်း တိုက်ပွဲများနှင့် စစ်ကြောင်းထိုးနေမှုအခြေအနေများအား စစ်တပ်က တစ်စုံတစ်ရာ မထုတ်ပြန်ထားသေးပေ။ 

မုံရွာနမခနှင့် အလှမ်းမဝေးသော ယင်းမာပင်မြို့နယ်နှင့် ပုလဲမြို့နယ်သည် ဒေသခံ ကာကွယ်ရေးအဖွဲ့များ အားကောင်းသလို  အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ခရိုင်တပ်ရင်းတပ်ဖွဲ့များ အားကောင်းသော ဒေသဖြစ် သည်။

အရပ်သားအစိုးရအဖြစ် အသွင်ပြောင်းထားသည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် က PDF များ ရက် ၁၀၀ အတွင်း လက်နက်ချရန် ဧပြီလ ၂၀ ရက်နေ့တွင် ပြုလုပ်သည့် အစည်းအဝေး၌ ပြောထားသည်။

စစ်တပ်ဝင်ရောက်သွားပြီးနောက်တွေ့ရသော ယင်းမာပင်နယ်ကျေးရွာတစ်ရွာမြင်ကွင်းများနှင့် စစ်တပ်ကရေးသားသွားသည့် စာများ။ (ဓာတ်ပုံ-ပေးပို့) 

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button