အာဏာသိမ်းစစ်တပ်နှင့်ရုရှားတို့အကြား ပူးပေါင်းအကောင်အထည်ဖော်ရန် သဘောတူခဲ့ကြသည့် နိုင်ငံတောင်ပိုင်း ထားဝယ်ရေနက်ဆိပ်ကမ်းအနီးရှိ ကျေးရွာများသို့ ဧပြီလ ၁၇ ရက်တွင်စတင်ပြီး စစ်တပ်ကစစ်ကြောင်းထိုးနေရာ ကျေးရွာ ၁၀ ရွာခန့်မှ ဒေသခံ ထောင်နှင့်ချီ စစ်ရှောင်နေရသည်ဟု ဒေသခံများထံက သိရသည်။
စစ်တပ်သည် ထားဝယ်ရေနက်ဆိပ်ကမ်းတည်ရှိရာ တနင်္သာရီတိုင်း ရေဖြူမြို့နယ် နဘုလယ်ဒေသရှိ ထိန်ကြီး၊ လဲရှောင်၊ ဘဝါ၊ ရားဖူး၊ ကျောက်ကုတင်၊ ကျောက်လုံးကြီး စသည့်ကျေးရွာများသို့ ဝင်ရောက်နေပြီး၊ ဒေသတွင်းတွင်လည်း စစ်လေယာဉ်များဖြင့် နေ့စဉ်ကင်းလှည့်နေသည်ဟု ဒေသ အခြေစိုက် ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် တာဝန်ရှိသူက Myanmar Now ကို ပြောသည်။
“တနင်္သာရီတိုင်း ထားဝယ်ခရိုင်မှာဆိုရင် အခုဆို မြို့နယ်အားလုံးနီးပါးကို စစ်ကြောင်းတွေ ဝင်နေတယ်” ဟု ၎င်းက ပြောသည်။
အင်အား ၇၀ ပါဝင်သည့် ထားဝယ်ရေနက်ဆိပ်ကမ်း လုံခြုံရေးတပ်ဖွဲ့၊ ရေဖြူ အခြေစိုက် တပ်မ ၄၀၆၊ တပ်မ ၄၀၇ မှ အင်အား ၁၀၀ ခန့်ပါဝင်သည့် စစ်ကြောင်းနှင့် အင်အား ၂၀၀ ခန့်ပါဝင်သည့် စစ်ကြောင်းများအသုံးပြုနေသည်၊ တိုက်ပွဲများဖြစ်ပွားခြင်း မရှိသေးသော်လည်း နှစ်ဖက်တပ်များ နီးကပ်နေပြီဟုလည်း ၎င်းကဆိုသည်။
“စစ်ဆိုင်ထားတဲ့ အနေအထားမှာတော့ ရှိတယ်” ဟု ၎င်းက ဆက်ပြောသည်။
ထားဝယ်ရေနက်ဆိပ်ကမ်းနှင့်အထူးစီးပွားရေးဇုန်ကို ပူးတွဲ အကောင်အထည်ဖော်ရန် ရုရှားသံတမန်များ၊ ရုရှားနိုင်ငံ ပုဂ္ဂလိကကုမ္ပဏီများက ဆက်သွယ်လာပြီးနောက် နှစ်ဖက် ဆွေးနွေးနေသည်ဟု စစ်ကောင်စီ၏ ထားဝယ် အထူးစီးပွားရေး ဇုန်စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ဦးအောင်စိုးက Myanmar Now ကို ပြီးခဲ့သည့် ၂၀၂၄ ခုနှစ်တွင် အတည်ပြုထားသည်။
ထိုသို့ ဆွေးနွေးပြီးနောက် ထားဝယ်ရေနက်ဆိပ်ကမ်းတည်ရှိရာ ရေဖြူနှင့် လောင်းလုံမြို့နယ်များရှိ ကျေးရွာများကို စစ်တပ်က နေ့စဉ် စစ်ကြောင်း ထိုးနေခြင်းဖြစ်သည်။
ဧပြီလ ၁၇ ရက်တွင် စစ်ကြောင်းထိုးလာသည့် ရေနက်ဆိပ်ကမ်း လုံခြုံရေးယူထားသည့် အင်အား ၇၀ ပါ တပ်က ဧပြီလ ၂၀ ရက်တွင် ထိန်ကြီးကျေးရွာတွင် ကျင်းပနေသည့် မင်္ဂလာဆောင် အခမ်းအနားကို ဝင်ရောက် စီးနင်းခဲ့ပြီး မင်္ဂလာဆောင်ပွဲ လာရောက်သည့် ဒေသခံ ၂၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီး ခဲ့သည်။
“အဲဒီမင်္ဂလာဆောင်မှာ သတို့သား၊ သတို့သမီးကတော့ အဖမ်းခံမထိဘူးပေါ့။ မင်္ဂလာပွဲကိုလာတဲ့ ရွာသား ၂၀ ကျော်ကတော့ ဖမ်းထားပြီးတော့ နေပူတွေဘာတွေ လှန်းထားတယ်။ မနေ့က (ဧပြီလ ၂၂ ရက်) က သတင်းရ တာကတော့ အကုန်လုံး ပြန်လွှတ်ပေးလိုက်ပြီလို့ သိရတယ်” ဟု ဒေသခံ တစ်ဦးက Myanmar Now ကို ပြောသည်။
ထို့အပြင် လောင်းလုံးမြို့တွင် တပ်စွဲထားသည့် စစ်တပ်အင်အား ၁၀၀ ကျော် ပါဝင်သော စစ်ကြောင်းသည် မြို့နှင့် တစ်မိုင်အကွာရှိ ညှင်းမော်ကျေးရွာကို ဝင်ရောက်စီးနင်းခဲ့ပြီး ရွာအနောက်ဘက် ပင်လယ်ပြင်တွင် လည်း စစ်သင်္ဘောနှစ်စီးဖြင့် နေရာယူထားသည်ဟု လောင်းလုံး ဒေသခံများထံကသိရသည်။
ထားဝယ်အထူးစီးပွားရေးဇုန်သည် မြန်မာနိုင်ငံတောင်ဘက်စွန်း တနင်္သာရီတိုင်း၊ ထားဝယ်မြို့၏ မြောက်ဘက်တွင် အကောင်အထည်ဖော်မည့် ၁၉၅ စတုရန်း ကီလိုမီတာ ကျယ်ဝန်းသည့် စီမံကိန်းကြီးဖြစ်ပြီး ရေနက်ဆိပ်ကမ်း၊ စက်မှုဇုန်၊ လျှပ်စစ်စွမ်းအင်နှင့် အခြားစီမံကိန်းများပါဝင်သည်။
တနင်္သာရီတိုင်းအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ခဲ့ရသူ အနည်းဆုံး ၇၉,၇၀၀ ခန့်ရှိပြီး ထားဝယ်ခရိုင် ထားဝယ်၊ လောင်းလုံး၊ ရေဖြူ၊ သရက်ချောင်းမြို့နယ်များတွင် အရေအတွက် ၂၆,၅၀၀ ကျော်ရှိသည်ဟု တနင်္သာရီတိုင်း အခြေစိုက် FE5 Tanintharyi အဖွဲ့က ဧပြီ ၂၁ က ထုတ်ပြန်ထားသည်။
ထို့အပြင် တိုက်ပွဲနှင့် ပဋိပက္ခများအကြား အရပ်သား အသတ်ခံရမှုလည်း ရှိခဲ့ပြီး မတ်လအတွင်း အရပ်သားအသတ်ခံရမှုမှာ ၂၂ ဦးအထိရှိသည်၊ ၂၀ ဦး မှာ စစ်တပ်က သတ်ဖြတ်ခဲ့ခြင်းဖြစ်ပြီး ကျန်နှစ်ဦးမှာ လက်သည်မပေါ်ဘဲ အသတ်ခံရသူ များဖြစ်သည်ဟု ထိုထုတ်ပြန်ချက်က ဆိုသည်။



