မကွေးတိုင်း၊ ချောက်မြို့နယ်အတွင်းရှိ ကျေးရွာလေးရွာတွင် သင်္ကြန်ရေကစားရာမှတဆင့် ဒေသခံများနှင့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တို့အကြား အငြင်းပွားခိုက်ရန်ဖြစ်မှုတွင် ရွာခံအချို့ဒဏ်ရာရပြီး လူ ၄၀ ခန့် ဖမ်းဆီးခံခဲ့ရသည်။
အဆိုပါနှစ်ဖက် ဖြစ်စဉ်တွင် တော်လှန်ရေးတပ်များဘက်မှ အင်အားသုံးဖြေရှင်းမှုများကြောင့် ဒေသခံအချို့ ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး ဖမ်းဆီးခံထားရသည့် လူ ၄၀ တွင် ၁၁ ဦး ကနဦးလွတ်မြောက်ခဲ့ပြီး ကျန်ရှိသည့် ၂၉ ဦးသည် ယမန်နေ့ (ဧပြီလ ၂၃ ရက်)တွင် ပြန်လည် လွတ်မြောက်လာသည်ဟု စုံစမ်းသိရှိရသည်။
ယခုဖြစ်စဉ်သည် ဧပြီလ ၁၅ နှင့် ၁၆ ရက် (သင်္ကြန်ကာလ) အတွင်း နရွဲတော၊ ကူဖြူ၊ ကံတိုင် (မြောက်) နှင့် ပုပ္ပကန် ကျေးရွာများတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး၊ လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့ဝင်များက ဒေသခံများကို၊ ကိုယ်ထိလက်ရောက် ရိုက်နှက်မှုများ၊ လက်နက်ဖြင့် ခြိမ်းခြောက်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံ မျက်မြင်သက်သေများက Myanmar Now ကို ပြောသည်။
ဧပြီလ ၁၅ ရက် ညနေတွင် နရွဲတောကျေးရွာ မဏ္ဍပ်၌ ချောက်မြိုနယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ချောက် – ပကဖ)၊ ကားတစ်စီး ရေကစားရန် ဝင်ခွင့်တောင်းရာမှ အငြင်းပွားမှု အနည်းငယ် ဖြစ်ပွားခဲ့သော်လည်း ရန်ပွဲအဆင့်သို့ မရောက်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။
သို့သော် နာရီဝက်ခန့်အကြာတွင် ချောက်မြို့နယ် ပကဖ တပ်ခွဲ (၁) မှ တပ်ခွဲမှူး ကိုပေတိုးနှင့် ထုတ်လုပ်ရေးတာဝန်ခံ ကိုထက်မြက်တို့ ဦးဆောင်သည့် အဖွဲ့က ကားသုံးစီးဖြင့် ပြန်လည် ရောက်ရှိလာပြီး သေနတ်နှင့် ပုလင်းများအသုံးပြု၍ ရွာသားများကို ရိုက်နှက်ခဲ့ကြောင်း မျက်မြင်သက်သေများက ပြောသည်။
“ဘာမှပြောခွင့်မရဘဲ ဝင်ရိုက်သွားတယ်” ဟု ဒဏ်ရာကြောင့် ကုသမှုခံယူရသူတစ်ဦးက ပြောသည်။
အဆိုပါဖြစ်စဉ်၌ လူအချို့ ဦးခေါင်းဒဏ်ရာများ ရရှိခဲ့ကြောင်း တိုင်ကြားစာတစ်စောင်တွင် ဖော်ပြထားသည်။
ဒေသခံများအဆိုအရ ပကဖ အဖွဲ့ဝင်များသည် သေနတ်ပစ်ဖောက်မှုများ ပြုလုပ်ပြီး ရွာသားများကို လက်နက်ဖြင့် ခြိမ်းခြောက်ခဲ့ကြောင်း ဆိုသော်လည်း၊ တပ်ခွဲမှူး ကိုပေတိုးက သေနတ်ပစ်ဖောက်မှု ရှိသည်ကို ဝန်ခံပြီး ခြိမ်းခြောက်မှုမရှိကြောင်းနှင့် သေနတ်ပစ်ဖောက်သူအား အရေးယူပြီးဖြစ်ကြောင်း ပြောသော်လည်း မည်ကဲ့သို့ အရေးယူထားသည်ကိုမူ ၎င်းက တိတိကျကျ ဖြေကြားခြင်း မရှိပေ။
ဒေသခံများဘက်မှ ပထမဦးဆုံး ရန်ပြုခဲ့ကြောင်းနှင့် ထို့ကြောင့် ၎င်းအပါအဝင် တပ်ဖွဲ့ဝင်အချို့လည်း ဒဏ်ရာရရှိခဲ့ကြောင်း ကိုပေတိုးက ဆိုသည်။
တစ်နေ့တည်းတွင် ကူဖြူကျေးရွာ၌ ရေကစားနေစဉ် ဒေသခံများနှင့် PDF အဖွဲ့ဝင်များအကြား ခိုက်ရန်ဖြစ်ပွားခဲ့ပြီး ဧပြီလ ၁၅ ရက် ည ၁၁ နာရီခန့်တွင် မကွေးခရိုင် တပ်ရင်း (၂) မှ လက်နက်ကိုင်အင်အားဖြင့် ရွာအတွင်း ဝင်ရောက်လာကာ လူ ၄၀ ခန့်ကို ဖမ်းဆီးခဲ့သည်။
ဒေသခံများအဆိုအရ ဖမ်းဆီးခံရသူများအား ထိန်းသိမ်းထားစဉ် ရိုက်နှက်မှုများရှိသည့်အပြင် နောက်နေ့တွင် လူ ၁၁ ဦးကိုသာ ခံဝန်ဖြင့် ပြန်လွှတ်ပေးခဲ့ပြီး ငွေကျပ် ငါးသိန်းစီ ပေးဆောင်ရကြောင်း ဆိုသည်။
သို့သော် တပ်ရင်းဘက်မှ တာဝန်ရှိသူတစ်ဦးက ငွေတောင်းခံမှုနှင့် ညှဉ်းပန်းနှိပ်စက်မှုများကို ငြင်းဆိုပြီး “ကောလာဟလဖြစ်မည်ကို ကြောက်၍ စစ်ဆေးခေါ်ယူခြင်းသာ ဖြစ်သည်” ဟု ပြောသည်။
ဒေသခံများကတော့ ဖမ်းဆီးခံရသူများကို အချိန်အတော်ကြာ ထိန်းသိမ်းထားပြီး သတင်းမီဒီယာများတွင် ဖော်ပြပြီးနောက်မှသာ အပြည့်အဝ ပြန်လွှတ်ပေးခဲ့ကြောင်း ဆိုသည်။
ကံတိုင် (မြောက်) နှင့် ပုပ္ပကန်ရွာများ
ဧပြီလ ၁၆ ရက်တွင် ကံတိုင် (မြောက်) ရွာ၌လည်း အလားတူ ခိုက်ရန်ဖြစ်ပွားပြီး ချောက် – ပကဖ အဖွဲ့ဝင်များက သေနတ်ပစ်ဖောက်ပြီး ဒေသခံ လူငယ်များကို ရိုက်နှက်ခဲ့ကြောင်း၊ အတင်းအကျပ် တောင်းပန်ခိုင်းခဲ့ကြောင်း ဒေသခံများက ပြောသည်။
ပုပ္ပကန်ကျေးရွာတွင်လည်း ချောက် – ပကဖ အဖွဲ့ဝင်များ၏ မော်တော်ဆိုင်ကယ် အရှိန်မြှင့် မောင်းနှင်မှုကို သတိပေးရာမှ စကားများပြီး ခိုက်ရန်ဖြစ်ပွားခဲ့သည်။ ထို့နောက် ချောက် – ပကဖ အဖွဲ့ဝင်များက ရွာထဲ ပြန်လည်ဝင်ရောက်၍ ရိုက်နှက်မှုများ ပြုလုပ်ခဲ့သဖြင့် လူတစ်ဦး ဒဏ်ရာရရှိခဲ့ပြီး ဆိုင်ကယ်တစ်စီး ပျက်စီးခဲ့ကြောင်း သိရသည်။
နောက်တစ်နေ့တွင် တာဝန်ရှိသူများ လာရောက်တောင်းပန်ခဲ့သော်လည်း ပျက်စီးသည့် ပစ္စည်းအတွက် လျော်ကြေးကို အပြည့်အဝ မပေးလိုကြောင်း ဒေသခံများက ပြောသည်။
Myanmar Now က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်မေးမြန်းခဲ့သော်လည်း တုံ့ပြန်ချက် မရရှိသေးပေ။
ဒေသခံများနှင့် နီးစပ်သူများကလည်း NUG ၏ မြေပြင်ထိန်းချုပ်မှု အားနည်းမှုကြောင့် အောက်ခြေတပ်ဖွဲ့များအပေါ် ထိန်းချုပ်နိုင်မှု မလုံလောက်ကြောင်း ထောက်ပြကြသည်။
ချောက်မြို့နယ်ရှိ အဆိုပါကျေးရွာများသည် လက်ရှိတွင် စစ်ကောင်စီ၏ မြေပြင်စစ်ကြောင်းများ မဝင်ရောက်သည့် နယ်မြေများဖြစ်ပြီး စစ်ရေးတင်းမာမှု နည်းပါးသည့် ဒေသများဖြစ်သည်။ သို့သော် မြို့နယ်အတွင်းရှိ ခလရ (၄၁၆) တပ်ရင်းမှ ရံဖန်ရံခါ လက်နက်ကြီးပစ်ခတ်မှုများ ရှိနေဆဲဖြစ်ကြောင်း သိရသည်။
ပြင်ဆင်ချက် – ကနဦးသတင်းတွင် PDF များနှင့် ဒေသခံများအကြား ပြဿနာဖြစ်ပွားခဲ့သည်ဟုပါရှိပါသည်။ နောက်ဆက်တွဲသတင်းများအရ နရွဲတော၊ ၊ ကံတိုင် (မြောက်) နှင့် ပုပ္ပကန် တို့တွင် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များနှင့်ဖြစ်ပွားခဲ့ခြင်း၊ ကူဖြူတွင် ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) များနှင့်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသဖြင့် ၂၀၂၆ ဧပြီ ၂၄ တွင်ပြန်လည်တည်းဖြတ် ပြင်ဆင်ထားပါသည်။



