အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ကရင်နီပြည်နယ်တပ်ဖွဲ့ရေး ကနဦးခြေလှမ်းအဖြစ် မိုးဗြဲတွင် တပ်ပေါင်းစုဖွဲ့

အမှတ် (၁) အယ်လ်ဖာစစ်ဒေသသည် စစ်ဒေသအလိုက်စုဖွဲ့မှုမှတဆင့် ကရင်နီတစ်ပြည်နယ်လုံးလွှမ်းခြုံမည့် ညီညွတ်သောကရင်နီပြည်နယ်တပ် လမ်းကြောင်းကို ဦးတည်သွားမည်ဟု ထုတ်ပြန်ထားသည်။

ကရင်နီပြည်နယ်တွင် တစ်ခုတည်းသော ပြည်နယ်တပ် ပေါ်ထွက်လာရန် ကနဦးခြေလှမ်းအဖြစ် ရှမ်းပြည်နယ်တောင်ပိုင်း မိုးဗြဲနယ်ကို အခြေခံကာ ကရင်နီတော်လှန်ရေးအင်အားစုများစုပေါင်းထားသည့် တပ်ပေါင်းစုတစ်ခုကို ဧပြီလ ၂၁ ရက်တွင် ဖွဲ့စည်းလိုက်သည်။

မိုးဗြဲသည် စစ်တပ်၏ အုပ်ချုပ်ရေးနယ်မြေသတ်မှတ်ချက်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၌ ပါဝင်သော်လည်း ကရင်နီတော်လှန်ရေးတပ်များက သမိုင်းကြောင်းအရ ကရင်နီပြည်နယ် နယ်နိမိတ်တွင် ပါဝင်သည်ဟု ယုံကြည်ကြသည်။

ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ်နှင့် မိုးဗြဲမြို့အနီးလှုပ်ရှားသည့် တော်လှန်ရေးတပ်များကို စုစည်း၍ အမှတ် (၁) အယ်လ်ဖာစစ်ဒေသ (မိုးဗြဲနယ်) အဖြစ်စုစည်းလိုက်ခြင်းဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗဟိုသတင်းနှင့် ပြန်ကြားရေးအဖွဲ့ဝင် တာအယ်စိုးက Myanmar Now ကိုပြောသည်။

အဆိုပါစုဖွဲ့မှုတွင် KNDF ဗျူဟာ (၁)၊ ဗျူဟာ(၈)နှင့် ဒေသကာကွယ်ရေးအဖွဲ့များ၊ ပြည်သူ့ကာကွယ်ရေးတပ် (PDF) ၁၀၀၁ တပ်ရင်းနှင့် ၁၀၀၇ တပ်ရင်းတို့ပါဝင်ကြောင်း တာအယ်စိုးကဆိုသည်။

အဆိုပါအဖွဲ့များသည် ယူနီဖောင်းတစ်ခု၊ အလံတစ်ခုတည်းအောက်တွင် စုစည်းခြင်းဖြစ်ပြီး ကရင်နီပူးတွဲစစ်ဦးစီးကော်မတီ၏ အမိန့်ပေးကွပ်ကဲမှု၊ IEC ကာကွယ်ရေးဝန်ကြီးဌာနနှင့် KNDFတို့၏ စစ်ရေးနိုင်ငံရေးဦးဆောင်မှုအောက်တွင်ရှိမည့် တပ်ဖြစ်ကြောင်း အမှတ် (၁) အယ်လ်ဖာစစ်ဒေသ၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

အမှတ် (၁) အယ်လ်ဖာစစ်ဒေသသည် စစ်ဒေသအလိုက်စုဖွဲ့မှုမှတဆင့် ကရင်နီတစ်ပြည်နယ်လုံးလွှမ်းခြုံမည့် ညီညွတ်သောကရင်နီပြည်နယ်တပ် လမ်းကြောင်းကို ဦးတည်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရသိရသည်။

ထို့အပြင် တော်လှန်ရေးလမ်းကြောင်းပေါ်ရှိ နိုင်ငံရေး၊ စစ်ရေး ညီညွတ်မှုပျက်စေသည့် စည်းရုံးမှုများ၊ လှုံ့ဆော်မှုများ၊ ရန်သူအတွက် အင်အားဖြစ်စေမည့် အစီအမံဆောင်ရွက်နေသော မည်သည့်လူပုဂ္ဂိုလ် အဖွဲ့အစည်းကိုမဆို ပြတ်ပြတ်သားသားဆန့်ကျင်သွားမည်ဖြစ်ကြောင်း၊ အစွန်းရောက်အမျိုးသားရေး လမ်းစဉ်ကျင့်သုံးနေမှုများကိုလည်း တော်လှန်မည်ဖြစ်ကြောင်း အမှတ် (၁) အယ်လ်ဖာစစ်ဒေသကဆိုသည်။

အမှတ် (၁) အယ်လ်ဖာစစ်ဒေသက ထုတ်ပြန်သည့် စစ်ရေးပြဓာတ်ပုံများတွင်မူ တပ်ဖွဲ့ဝင် အင်အား ၃၀၀ ခန့်ရှိသည်ကို တွေ့ရပြီး ဒရုန်းအချို့၊ စက်သေနတ်ကြီး နှစ်လက်နှင့် မောင်းပြန်ရိုင်ဖယ်များ တပ်ဆင်ထားသည်ကိုတွေ့ရသည်။

IEC အတွင်းရေးမှူး (၂) ဦးဗညားခွန်အောင်က အမှတ် (၁) အယ်လ်ဖာစစ်ဒေသသည် ဒေသခံလူထု၏ တောင်းဆိုမှုကြောင့် ပေါ်ပေါက်လာသည့် စုဖွဲ့မှုဖြစ်သည်ဟု Myanmar Now ကိုပြောသည်။

“ဒါက ကျွန်တော်တို့လိုချင်တဲ့ သွားနေတဲ့ Frame ဖြစ်တယ်။ KNDF က တပ်နယ် ငါးခုနဲ့ စုဖွဲ့မယ်ဆိုတာကြားမိမှာပါ။ ဒါက တပ်နယ် ငါးနယ်ထဲက တစ်နယ်ဖြစ်တယ်ပေါ့။ ကနဦးဆုံးဖြတ်ချက်ချနိုင်တဲ့ အဆင်သင့်ဖြစ်တဲ့တပ်နယ်ကို ထုတ်ပြန်လိုက်တဲ့ပုံစံဖြစ်ပါတယ်။ ကရင်နီပြည်နယ်တပ်မတော် နောင်တစ်ချိန်ထူထောင်တဲ့အခါကျရင် ကနဦးခြေလှမ်းအစဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

KNDF ဗဟိုသတင်းနှင့် ပြန်ကြားရေးအဖွဲ့ဝင် တာအယ်စိုးက ယခင်ကာလတွင် ကရင်နီ၌ တိုက်ပွဲတစ်ခုဖော်ဆောင်လျှင် သက်ဆိုင်ရာတော်လှန်ရေးအင်အားစုအသီးသီးက စစ်အင်အားများပူးပေါင်းပါဝင်သော်လည်း အမိန့်ပေးရာတွင် သက်ဆိုင်ရာအင်အားစု အသီးသီးကသာ အမိန့်ပေးနေကြောင်း၊ အမိန့်ပေးကွပ်ကဲမှုတစ်ခုတည်းအောက် မဟုတ်ခဲ့ကြောင်းပြောသည်။

“ဒီတစ်ခေါက်က စစ်ဒေသတစ်ခုတည်း နာမည်တစ်ခုတည်းအောက်မှာ အမိန့်ပေးစီးဆင်းမှုတစ်ခုတည်းအောက်မှာ တပ်ဖွဲ့အားလုံး ပေါင်းထားတဲ့ တပ်ပေါင်းစုဖြစ်တယ်။ စစ်ရေးဖော်ဆောင်တဲ့အခါမှာ အရင်တုန်းကလိုမျိုး ပူးပေါင်းဖော်ဆောင်တာ မဟုတ်ဘဲ ဗျူဟာကျကျ ထိထိရောက်ရောက် တစ်သွေး၊ တစ်သံ၊ တစ်မိန့်နဲ့ စစ်ရေးဖော်ဆောင်သွားနိုင်မယ့်အခြေအနေဖြစ်ပါတယ်” ဟု တာအယ်စိုးက ပြောသည်။

အမှတ် (၁) အယ်ဖာစစ်ဒေသတွင် ၂၀၂၁ အာဏာသိမ်းမှုမတိုင်ခင်ကတည်းက ကရင်နီပြည်နယ်တွင် အခြေစိုက်သော အင်အားကြီး တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များ ပါဝင်လာနိုင်ခြင်း လတ်တလောတွင် မရှိသေးပေ။

ကရင်နီတွင် ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းမှု မတိုင်ခင်ကတည်းကရှိခဲ့သည့် အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီး သုံးဖွဲ့ရှိသည်။

၎င်းတို့မှာ ရှားတောမြို့နယ်တွင် အင်အားကောင်းသည့် ကရင်နီတပ်မတော် (KA) ၊ မယ်စဲ့မြို့နယ်တွင် အားကောင်းသည့် ကရင်နီပြည် လူမျိုးပေါင်းစုံ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး (ကလလတ) နှင့် ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံမြို့နယ် ဆီးဘူးဒေသတွင် အင်အားကောင်းသည့် ကယန်းပြည်သစ်ပါတီ တို့ဖြစ်သည်။

အဆိုပါအဖွဲ့ကြီး သုံးဖွဲ့အနက် KA နှင့် ကလလတ သည် စစ်တပ်အာဏာသိမ်းပြီးနောက် ပေါ်ပေါက်လာသည့် ကရင်နီအခြေစိုက် တော်လှန်ရေးတပ်များနှင့် ပူးပေါင်း၍ စစ်တပ်ကို တိုက်ခိုက်မှုများ ပြုလုပ်နေသည်။

ကယန်းပြည်သစ်ပါတီကမူ စစ်တပ်နှင့် ပစ်ခတ်တိုက်ခိုက်မှုများ မပြုလုပ်သလို ကရင်နီတော်လှန်ရေးတပ်များနှင့်လည်း ထိပ်တိုက် ပဋိပက္ခမဖြစ်စေဘဲ ကြားနေပုံစံသာ ရပ်တည်နေသည်။

ထို့အပြင် ကရင်နီပြည်နယ်တွင်တပ်ပေါင်းစု စုဖွဲ့မှုအတွင်း မပါဝင်နိုင်သေးသည့် ပြည်သူ့ကာကွယ်ရေးတပ်- ဒီးမော့ဆို (DMO-Local PDF) ၊ ကယန်းအမျိုးသားတပ် (KNA) နှင့် လွိုင်ကော်- PDF ကဲ့သို့ စစ်တပ်ကိုဆန့်ကျင်တိုက်ခိုက်နေသည့် အဖွဲ့များလည်းရှိသေးသည်။

တပ်ပေါင်းစုံတွင် အဓိက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ကြီးသုံးဖွဲ့နှင့် အခြားတော်လှန်ရေးတပ်များ လတ်တလော မပါဝင်လာသေးသည့် အခြေအနေနှင့်ပတ်သက်၍မူ IEC အပါအဝင် KNDF ဘက်က တစ်စုံတစ်ရာ ထုတ်ပြောခြင်းမရှိသေးပေ။

ကရင်နီပြည်နယ်တွင် ယခုစုဖွဲ့လိုက်သည့် အမှတ် (၁) အယ်လ်ဖာစစ်ဒေသ (မိုးဗြဲနယ်) ကဲ့သို့ အခြားစစ်ဒေသများလည်း ပေါ်ပေါက်လာနိုင်ဖွယ်ရှိကြောင်း ကရင်နီပြည်နယ်အခြေစိုက် သတင်းရင်းမြစ်အချို့က ပြောသည်။

ကရင်နီတွင် စစ်ကော်မရှင်တပ်သည် ရန်နိုင်မင်းစစ်ဆင်ရေးဖြင့် မိုးဗြဲမြို့အပါအဝင် လွိုင်ကော်၊ ဒီးမော့ဆို၊ ဖရူဆို၊ ဘော်လခဲ ၊ ဖားဆောင်းအထိ ကားလမ်းမတစ်လျှောက် ထိုးစစ်ဆင်ထိန်းချုပ်ထားပြီး ကရင်နီတော်လှန်ရေးတပ်များ ထိန်းချုပ်ထားသည့် ခဲသတ္တုတွင်းများထွက်ရာ မော်ချီးကို ဦးတည်စစ်ဆင်နေရန် ပြင်ဆင်နေကြောင်း ကရင်နီပြည်နယ်အခြေစိုက် တော်လှန်ရေးတပ်အချို့က ပြောသည်။

IEC အတွင်းရေးမှူး (၂) ဦးဗညားခွန်အောင်ကတိုက်ပွဲက ငြိမ်တယ်လို့တော့ပြောလို့မရဘူး။ စစ်ကောင်စီ တပ်တွေလှုပ်ရှားသွားလာမှုကလည်းရှိနေတုန်းပဲ မနေ့ကတောင် ဖရူဆိုတကြောမှာ စစ်ရှောင်တွေနေတဲ့နေရာအထိ တချို့ရွာတွေဆီ စစ်ကော်မရှင်တပ် တိုးလာတာရှိပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုက နေ့စဉ်တော့ရှိတယ်” ဟုဆိုသည်။

ထို့အပြင် စစ်တပ်ပြန်လည်ထိန်းချုပ်ထားသည့် မိုးဗြဲမြို့ဘက်မှလည်း ကရင်နီတော်လှန်ရေးတပ်များ စိုးမိုးထားသည့် နန်းမယ်ခုံမြို့ဘက်သို့ ဦးတည်စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်လာကြောင်း KNDF ထံမှသိရသည်။

ကရင်နီပြည်နယ်တွင် ကရင်နီတော်လှန်ရေးတပ်များသည် မယ်စဲ့ ၊ ရှားတော ၊ ရွာသစ် ၊ မော်ချီး ၊ နန်းမယ်ခုံမြို့နှင့် ကျေးလက်ဒေသများကို ဆက်လက်ထိန်းချုပ်ထားသည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button