အီရန်စစ်ပွဲကြောင့် လောင်စာဆီအကျပ်အတည်းအပြင် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းများအတွက် ဓာတ်မြေဩဇာများရှားပါးဈေးတက်နေပြီး ဆန်နှင့် စားနပ်ရိက္ခာထုတ်လုပ်မှုကို ရိုက်ခတ်နိုင်ကြောင်း သိရသည်။
မြန်မာသည် ပြည်တွင်းဓာတ်မြေဩဇာလိုအပ်ချက်ကို အိမ်နီးချင်းတရုတ်၊ အရှေ့အလယ်ပိုင်းနှင့် အခြားပြည်ပနိုင်ငံများမှ တင်သွင်းအသုံးပြုနေပြီး အီရန်စစ်ပွဲကြောင့် ကုန်သွယ်ရေးတွင် အရေးပါသည့် ဟော်မုဇ်ရေလက်ကြားပိတ်ဆို့သွားသဖြင့် ဓာတ်မြေဩဇာတင်သွင်းမှုကျဆင်းကာ ဈေးနှုန်းမြင့်တက်လာကြောင်း ဓာတ်မြေဩဇာဖြန့်ဖြူးသူများနှင့် လယ်သမားများက ပြောသည်။
အီရန်၊ အာရပ်စော်ဘွားများပြည်ထောင်စုအပါဝင် ပါရှန်ပင်လယ်ကွေ့ရှိ အခြားရေနံထုတ်လုပ်သော နိုင်ငံများမှ ဓာတ်မြေဩဇာတင်သွင်းမှုသည် ယခုအခါ လုံးဝရပ်တန့်သွားကြောင်း ရန်ကုန်အခြေစိုက် ဓာတ်မြေဩဇာပွဲရုံတစ်ခုမှ အမည်မဖော်လိုသူ အမျိုးသမီးတစ်ဦးက Myanmar Now ကို ပြောသည်။
“သင်္ဘောမထွက်လာနိုင်တော့ဘူး။ သူတို့လည်းမရောင်းလာနိုင်တော့ဘူးလေ။ ရေနံမရှိရင် ဒီမြေဩဇာ run(ထုတ်လုပ်) ဖို့ဆိုတာ သူတို့ဆီမှာ ခက်သွားမှာလေ။ ပြီးတော့ သင်္ဘောလိုင်းလုံးဝမရတဲ့အတွက် ဒီဘက်ကို ရောက်ဖို့ဆိုတာ ရက် ၅၀ လား၊ ၄၀ လားလိုတယ်။ တခြားကုမ္ပဏီကြီးတွေ တင်သွင်းနေတဲ့ သူတွေက ဈေးကောင်းပေးရင်တော့ မရတဲ့နိုင်ငံမရှိပါဘူး။ ရတာတော့ရတယ်။ ဒါပေမဲ့ အရင်လို မလွယ်ကူမချောမွေ့ဘူး” ဟု ၎င်းက ဆိုသည်။
အရှေ့အလယ်ပိုင်းထွက် ဓာတ်မြေဩဇာသည် အိမ်နီးချင်း တရုတ်ထုတ်ထက် အရည်အသွေးကောင်းပြီး ဈေးသက်သာကြောင်း၊ ယခင်တင်သွင်းထားသည့် ကုန်လက်ကျန်များ ရှိနေသေးသော်လည်း နောက်ထပ် တင်သွင်းရန် မရေရာမှုများကြောင့် တစ်နှစ်ပတ်လုံးစာအတွက် ဓာတ်မြေဩဇာလုံလောက်မှုမှာလည်း မသေချာတော့ကြောင်း ၎င်းက ဆိုသည်။
“စာချုပ်တွေက ကြိုချုပ်ကြရတာချည်းပဲ။ ကြိုချုပ်ပြီး သင်္ဘောတွေဘာတွေက ဘယ်လဆိုပြီး စီစဉ်ကြတာကို။ အဲ့ဒီအပေါ်မှာ အရင်ဈေးနဲ့ရမှာလားမသိနိုင်ဘူး။ မိုးစပါး၊ ဆောင်းစပါးရှိတာကို။ မိုးတွင်းအတွက်က လောက်ငလောက်သေးတယ်။ ဆောင်းတွင်းအတွက်လောက်ငမှုရှိမရှိကို မပြောတတ်ဘူး” ဟု ထိုအမျိုးသမီးက ဆက်ပြောသည်။
တစ်နှစ်လျှင် သီးနှံစုံဧက ၃၅ သန်းကျော်စိုက်ပျိုးထုတ်လုပ်သည့် မြန်မာသည် ပြီးခဲ့သည့် ၂၀၂၅-၂၆ ဘဏ္ဍာနှစ်တွင် ယူရီးယားနှင့် ကွန်ပေါင်းဓာတ်မြေဩဇာ ၁ ဒသမ ၆ သန်း တင်သွင်းရန်လျာထားခဲ့သည်။ ယခုနှစ် ဖေဖော်ဝါရီလထိ တန်ချိန်တစ်သန်းကျော်တင်သွင်းခဲ့ပြီးဖြစ်ကြောင်း အာဏာရှင်စစ်အစိုးရ လက်အောက်ခံ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ထုတ်ပြန်ချက်များတွင် တွေ့ရသည်။
ထို့ကြောင့် ဓာတ်မြေဩဇာတင်သွင်းဖြန့်ဖြူးရေးဈေးကွက်သည် အမေရိကန်ဒေါ်လာဘီလီယံချီတန်ဖိုးရှိပြီး စိုက်ပျိုးရေးဖြင့် အသက်မွေးသည့် ကျေးလက်နေလူထု ဝယ်ယူအသုံးပြုသော ဈေးကွက်တစ်ခုလည်း ဖြစ်သည်။
စွမ်းအင်ဝန်ကြီးဌာနလက်အောက်တွင် ဓာတ်မြေဩဇာစက်ရုံ ငါးရုံရှိသော်လည်း နှစ်ရုံသာလည်ပတ်နိုင်ပြီး တစ်နှစ်ပတ်လုံး တန်ချိန် ၄၀,၀၀၀ သာ ထုတ်လုပ်သဖြင့် ပြည်ပတင်ပို့မှုကို အဓိကအားထားနေရသည်ဟု ထိုထုတ်ပြန်ချက်များတွင် ဖော်ပြသည်။
လက်ရှိတွင် နွေစပါးရိတ်သိမ်းနေပြီ မိုးစပါးစိုက်ပျိုးရန် လယ်ယာမြေထွန်ယက်သည့်ရာသီဖြစ်၍ ဓာတ်မြေဩဇာအသုံးပြုရခြင်းမရှိသေးသော်လည်း ဝယ်ရခက်သလို ဈေးလည်းတက်လာနေကြောင်း ပဲခူးတိုင်း လက်ပံတန်းမြို့နယ်မှ အမည်မဖော်လိုသည့် ဆန်စက်လုပ်ငန်းရှင် အမျိုးသားတစ်ဦးက Myanmar Now ကို ပြောသည်။
အီရန်စစ်ပွဲမဖြစ်မီက လူသုံးများသည့် ယူရီယားတစ်အိတ်လျှင် ၉၀,၀၀၀ ကျပ်သာရှိရာမှ ယခုအခါ ၁၇၀,၀၀၀ ကျပ်ကျော်၊ ကွန်ပေါင်းဓာတ်မြေဩဇာတစ်အိတ်လျှင် ယခင်က တစ်သိန်းကျော်သာရှိရာမှ နှစ်သိန်းကျော်အထိ မြင့်တက်သွားကြောင်း ၎င်းက ဆိုသည်။
အီရန်စစ်ပွဲကြောင့် လောင်စာခက်ခဲမှုနှင့် မြေဩဇာဈေးကြီးလာမှုသည် တောင်သူများ အကြီးမားဆုံး ရင်ဆိုင်ရသည့် အခက်အခဲဖြစ်ပြီး ယခုနှစ်တွင် စိုက်ပျိုးဧကများလျော့ကျသွားနိုင်ကြောင်း ၎င်းက သုံးသပ်သည်။
“စိုက်ပျိုးစရိတ် တစ်ဧကရဲ့ ကုန်ကျမယ့်စရိတ်ကို တွက်တဲ့အခါမှာ စက်သုံးဆီနဲ့ မြေဩဇာက အဓိကကျနေတဲ့အခါကြတော့ ဒီဟာတွေ ဈေးကြီးပြီး ဝယ်ရတာခက်ရင် အချို့လယ်သမားတွေ အရင်လောက် ရာနှုန်းပြည့်စိုက်ဖို့ဆိုတာ သိပ်ပြီးတော့မလွယ်လောက်တော့ဘူး” ဟု ၎င်းက ထင်မြင်ချက်ပေးသည်။
ဓာတ်မြေဩဇာကို ရည်ညွှန်းဈေးသတ်မှတ်၍ ထိန်းချုပ်နေသော်လည်း ဈေးကွက်ထဲတွင် ထိုဈေးနှုန်းဖြင့် ရောင်းဝယ်မှုမရှိကြောင်း ၎င်းက ဆိုသည်။
ဓာတ်မြေဩဇာတင်သွင်းရန် လိုအပ်သည့် နိုင်ငံခြားငွေကို ကုမ္ပဏီများထံ ဗဟိုဘဏ်က ရောင်းချပေးပြီး ရည်ညွှန်းဈေးသတ်မှတ်ကာ ပြည်တွင်းဈေးကွက်တွင် ဖြန့်ဖြူးရောင်းချရန် သတ်မှတ်ထားသည်ဟု သိရသည်။
သို့သော် နိုင်ငံခြားငွေကို ပြည့်ပြည်ဝဝ မရောင်းနိုင်သလို သွင်းကုန်လိုင်စင်ရရှိရန်ခက်ခဲကြောင်း မြေဩဇာတင်သွင်းသူများက ဆိုသည်။ ယခုနှစ် ဧပြီလအတွက် ရန်ကုန်အထိုင် မြေဩဇာရည်ညွှန်းဈေးမှာ ယူရီယား ၅၀ ကီလိုတစ်အိတ်လျှင် ၉၄,၀၀၀ သတ်မှတ်ထားပြီး ပြင်ပဈေးကွက်တွင် တစ်သိန်းခွဲကျော်ဈေးပေါက်နေသည်ဟု သိရသည်။

ပြင်ပပေါက်ဈေးဖြင့်သာ အဓိကဝယ်ယူသုံးစွဲကြရပြီး ယခုနှစ်တွင် ဈေးနှုန်းအဆမတန်မြင့်တက်လာ၍ မြေဩဇာသုံးစွဲနိုင်မှုကျဆင်းနိုင်ကြောင်း ပဲခူးတိုင်း သနပ်ပင်မြို့နယ်မှ အမည်မဖော်လိုသူ လယ်သမား တစ်ဦးကလည်း ပြောသည်။
၎င်းတို့ဒေသတွင် လယ်တစ်ဧကစိုက်လျှင် ထွန်ယက်ခ၊ မျိုးစေ့၊ မြေဩဇာနှင့် ရိတ်သိမ်းခစုစုပေါင်းမှာ ကျပ် ငါးသိန်းနီးပါးကုန်ကျပြီး စပါးအထွက်နှုန်းမှာမူ တင်း ၅၀ သာထွက်ရှိသဖြင့် လက်ရှိစပါးဈေးဖြင့် ထွက်ရှိပါက ကျပ် ခုနစ်သိန်းသာရနိုင်ကြောင်း၊ ထို့ကြောင့် အကျိုးအမြတ်အနည်းအငယ်သာရှိကြောင်း ၎င်းက ဆိုသည်။
စီပွားရေးကျပ်တည်းမှုကြောင့် တောင်သူများသည် စိုက်စရိတ်အရင်းအနှီးလျှော့ချသုံးစွဲလာကြပြီး ယခုနှစ်မိုးစပါးရာသီတွင် ဈေးနှုန်းကြီးမြင့်မှုကြောင့် မြေဩဇာသုံးစွဲမှုပိုလျော့နည်းသွားနိုင်ကြောင်း ၎င်းက ပြောသည်။
“ကျွန်တော်အတွေးကတော့ အခုမြေဩဇာဈေးကတော့ ဆီဈေးလိုပဲ တွဲပြီးတော့ သုံးစွဲတဲ့အချိန်ကျရင် လိုက်တက်နေမလားပေါ့။ လျှော့သုံးရင် အထွက်နှုန်းတွေထိခိုက်နိုင်တယ်” ဟု ၎င်းက ဆိုသည်။
ပြည်တွင်းဈေးကွက်တွင် စိုက်ပျိုးရေးသွင်းအားစုတင်သွင်းသည့် မြန်မာ့ဩဘာ၊ ဝိဇာရ ကဲ့သို့သော ကုမ္ပဏီကြီးများသည် မြေဩဇာနှင့် ပိုးသတ်ဆေးများကို ဖြန့်ဖြူးရောင်းချနေပြီး တောင်သူအများစုက ဈေးသက်သာသော မြေဩဇာအမျိုးအစားများကို ဦးစားပေးသုံးစွဲလာရကြောင်း နေပြည်တော်မှ အသက် ၄၀ အရွယ် စိုက်ပျိုးရေးသုံးပစ္စည်းအရောင်းဆိုင်ဖွင့်လှစ်ထားသူ တစ်ဦးက ပြောသည်။
“ဈေးကြီးတော့ မသုံးတော့ဘူး၊ မသုံးတော့ မဝယ်တော့ဘူးပေါ့။ တောင်သူတွေကလည်း စပါးဈေးက ဘာမှန်းမသိတော့ သိပ်ပြီးတော့ အင်တိုက်အားတိုက် မလုပ်ရဲကြဘူးဖြစ်နေတယ်။ အခုဓာတ်မြေသြဇာ ဈေးနှုန်းက တောင်သူတွေအတွက် လမ်းလှမ်းမမီတော့ဘူးလေ” ဟု ၎င်းက ပြောသည်။
“တောင်သူတွေကလည်း သီးနှံရှုံးတော့ မနှစ်က နွေစပါး မြေသြဇာ အကြွေးတောင်မရသေးဘူး။ သူတို့လည်း မပေးနိုင်ကြဘူး”
မြေဩဇာနှင့် ပိုးသတ်ဆေးများ ဈေးကြီးခြင်းကြောင့် စိုက်တိုင်းရှုံးရသည့်အခြေအနေဖြစ်လာသဖြင့် တောင်သူတို့က သီးနှံစိုက်ဧကများ လျှော့ချလာကြောင်း ပဲခူးတိုင်း တောင်ငူမှ အသက် ၄၇နှစ်အရွယ် တောင်သူတစ်ဦးကလည်းဆိုသည်။
ကုလသမဂ္ဂစားနပ်ရိက္ခာအစီစဉ်(WFP)၏ ယခုလ ၁၈ ရက်နေ့ ထုတ်ပြန်ချက်အရ လောင်စာဆီနှင့် မြေဩဇာစျေးနှုန်းများမြင့်တက်မှုသည် မြန်မာအတွက် အဆိုးဆုံးအချိန်တွင် အခက်ခဲဆုံးဖြစ်နေသည်ဟု ဖော်ပြထားသည်။
ဈေးနှုန်းမြင့်တက်ပြီး အလွယ်တကူဝယ်မရ၍ တောင်သူများက မြေဩဇာသုံးစွဲမှုလျှော့ချလာကြောင်း စပါးစိုက်ရာသီတွင် မြေသြဇာသုံးစွဲမှု ၅၀ ရာခိုင်နှုန်းအထိ လျော့နည်းသွားလျှင် သီးနှံအတွက်နှုန်း ၁၀ မှ ၁၅ ရာခိုင်နှုန်းအထိ ကျဆင်းသွားနိုင်ကြောင်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။
“ဒါဆိုရင် ဆန်စျေးတွေ ပိုတက်လာပြီး နိုင်ငံရဲ့ စားနပ်ရိက္ခာဖူလုံမှုအတွက် ပိုစိုးရိမ်စရာ ဖြစ်လာနိုင်ပါတယ်။ ဒီအကျပ်အတည်းဟာ စိုက်ပျိုးရေးကဏ္ဍတစ်ခုတည်းတင် မဟုတ်ဘဲ လူတိုင်းအပေါ် သက်ရောက်မှုရှိနေပါတယ်” ဟု ထုတ်ပြန်ချက်က ဆိုသည်။
ထိုသက်ရောက်မှုဒဏ်ကို ဝင်ငွေနည်းမိသားစုများ၊ တစ်ပိုင်တစ်နိုင် စိုက်ပျိုးသော လယ်သမားများ၊ ကျေးလက်ပြည်သူများနှင့် ပဋိပက္ခဖြစ်ပွားရာဒေသများတွင် နေထိုင်နေရသူများ ပိုမိုခံစားရနိုင်ကြောင်း ထုတ်ပြန်ထားသည်။
“စိုက်ပျိုးရေးဟာ မြန်မာနိုင်ငံရဲ့ စားနပ်ရိက္ခာစနစ်အတွက် အသက်သွေးကြောပါ။ တောင်သူတွေ အခက်တွေ့ရင် တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ အကျိုးဆက်ကို ခံစားရမှာဖြစ်ပါတယ်”



