အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

နတ်မောက်တွင် အရပ်သား ၃ ဦးကို စစ်တပ် သတ်ဖြတ်

သတ်ဖြတ်ခံရသူများထဲတွင် ရွာထိပ်၌ နွားကျောင်းနေသည့် ဆွံ့အနားမကြား ညီအစ်ကိုနှစ်ဦးလည်း ပါဝင်သည်။

မကွေးတိုင်း၊နတ်မောက်မြို့နယ်ကို စစ်တပ်က နယ်မြေရှင်းလင်းရေးစစ်ကြောင်းထိုးနေပြီး ဆွံ့အ နားမကြား ညီအစ်ကိုနှစ်ဦးအပါအဝင် ပြည်သူ သုံးဦးသတ်ဖြတ်ခံခဲ့ရကြောင်း မြို့နယ် ပြည်သူ့ ကာကွယ်ရေးအဖွဲ့က သိရသည်။

သင်္ကြန်မတိုင်မီတွင် ပျော်ဘွယ်မြို့နယ်ဘက်မှ အင်အား ၁၀၀ ကျော်ဖြင့်ဝင်လာသည့်စစ်ကြောင်းသည် ကျီးကန်၊ ရုံးပင်ကွက်၊ ကန်ဦးကုန်းတို့တွင် ဆယ်ရက်နီးပါးကြာတပ်စွဲပြီး နှစ်ဆန်းနှစ်ရက်နေ့တွင် ပြန်လည်ဆုတ်ခွာ              သွားပြီးနောက် အင်အားဖြည့်တင်းကာ ဧပြီလ ၂၁ ရက်နေ့တွင် ပေပင်ရှည် ရွာဘက်မှတဆင့် တကျော့ပြန်စစ်ကြောင်းထိုးလာခြင်းဖြစ်သည်။ 

ဧပြီလ ၂၂ ရက်တွင် ကျီးကန်ရွာထိပ်၌ နွားကျောင်းနေသည့် ဆွံ့အနားမကြား ညီအစ်ကိုနှစ်ဦးမှာ ထိုစစ်ကြောင်းနှင့်တွေ့ကာ ဖမ်းဆီးသတ်ဖြတ်ခံခဲ့ရပြီး ရုပ်အလောင်းများကို မီးရှို့သွားကြောင်း နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သိရသည်။ 

“တစ်ယောက်က နားလုံးလုံးမကြားဘူး။ တစ်ယောက်က လုံးလုံးစကားမပြောတတ်ဘူး။ အဲ့ဒီလိုမျိုး ဖြစ်ပြီးတော့ မရှောင်ကြဘူးပေါ့။ နွားကျောင်းရင်းနဲ့ သူတို့စစ်ကြောင်းနဲ့တွေ့ပြီးတော့ ပစ်သတ်ခဲ့တာ။ ခေါင်းတွေကိုပစ်သတ်ခဲ့တာ”ဟု နတ်မောက် ပကဖ တာဝန်ခံ ကိုအဆိပ်သီးကပြောသည်။ 

သေဆုံးသည့်ညီအစ်ကိုနှစ်ဦးမှာ ကျီးကန်ရွာ‌မှ အသက် ၄၀ နှစ်အရွယ် ကိုဟန်မြင့်နှင့် အသက် ၃၈ နှစ် အရွယ် ကိုဝင်းမြင့်တို့ဖြစ်သည်။ Myanmar Now မှ ကြည့်ရှုခွင့်ရသည့် ဓာတ်ပုံများအရ ခန္ဓာကိုယ် ထက်ဝက်ခန့်မှာ မီးလောင်ကျွမ်းနေပြီး ရုပ်အလောင်းတစ်ခုမှာ ခေါင်းတစ်ဝက်ပွင့်နေသည်ကိုတွေ့ရသည်။ 

စစ်ကြောင်းပြန်ဝင်လာသည့် ဧပြီလ ၂၁ ရက်နေ့တွင် နတ်မောက်နှင့်ပျော်ဘွယ်နယ်စပ်ရှိ ပေပင်ရှည်ရွာ ဘုန်းကြီးကျောင်းကို ဒရုန်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်း၌ ရှိနေသည့် ကိုမောင်လွင် သေဆုံးခဲ့ပြီး ကိုရင်တစ်ပါးလည်း ခြေထောက်ထိမှန် ပြတ်သွားကြောင်း ကိုအဆိပ်သီးကပြောသည်။ 

ထိုစစ်ကြောင်းသည် သင်္ကြန်ကာလအတွင်း ကန်ဦးကုန်းကျေးရွာတွင် အထိုင်ချထားစဉ် ရွာထဲခေတ္တပြန်ဝင်ပြီး ဝက်စာကျွေးသည့် ရွာခံ ကိုရဲမင်းကို စစ်တပ်က ဖမ်းဆီးသွားပြီးနောက် ယနေ့အထိပျောက် ဆုံးနေကြောင်း သိရသည်။ 

သင်္ကြန်ကာလအတွင်း ကျီးကန်၊ ကန်ဦးကုန်း၊ ရုံးပင်ကွက်တို့တွင် စစ်တပ်က ဖြန့်ခွဲတပ်စွဲထားစဉ် နေအိမ်များကို မွှေနှောက်ပြီး ရွှေ၊ငွေ၊ ဆန်အိတ်၊ ဆိုလာမီးအိမ်မှသည် ထွန်စက်၊ ဆိုင်ကယ်များပါ ခိုးယူသွားကြောင်း သိရသည်။

စက်သုံးဆီ ဈေးနှုန်းကြီးမြင့်မှုကြောင့် ဒေသခံအချို့ စစ်ဘေးရှောင်ချိန် ဆိုင်ကယ်များကို နေအိမ်တွင် ထားခဲ့ရာ ဆိုင်ကယ်အများအပြား ပါသွားခြင်းဖြစ်ကြောင်း သိရသည်။  

“ကျွန်တော်တို့ဒီဘက်မှာ ဓာတ်ဆီတစ်လီတာတစ်ဘူးကို တစ်သောင်းနှစ်ထောင်လောက်ဖြစ်နေတော့ တော်ရုံတန်ရုံက ဆိုင်ကယ်တွေသိပ်မစီးတော့ဘူး။ ဆီကလည်းဝယ်လို့ရှားသွားပြီဖြစ်တဲ့အတွက် ရှောင်တဲ့အချိန်မှာ အိမ်တွေမှာ ဒီအတိုင်းထားသွားတာပေါ့။ အဲ့ဒီအချိန်မှာ စီးလို့ရတဲ့ဘီးကို စီးယူတယ်။ စီးလို့မရတဲ့ဘီးကို ကားပေါ်တင်ပြီးယူသွားတယ်။ ဒီဘက်က ကားတွေကိုလည်း ပေါ်တာဆွဲတယ်။ ဆွဲပြီးတော့ ခိုးရတဲ့ပစ္စည်းတွေကို အဲ့ဒီကားတွေနဲ့သယ်ထုတ်သွားတယ်”ဟု ကိုအဆိပ်သီးက ဆိုသည်။ 

စစ်တပ်စစ်ကြောင်းက ကျီးကန်၊ ကန်ဦးကုန်း၊ ရုန်းပင်ကွက်တို့တွင် မီးရှို့ခဲ့ရာ နေအိမ် ၃၀ ကျော် ပြာကျပျက်စီးခဲ့ရကြောင်းသိရသည်။ 

လက်ရှိတကျော့ပြန်ဝင်လာသည့် ထိုစစ်ကြောင်းသည် ကျီးကန်ရွာမှ သုံးမိုင်ခန့်အကွာ ကန်လေးကုန်းရွာတွင် ယမန်နေ့ (ဧပြီလ ၂၃ ရက်)တွင် ရောက်ရှိနေကြောင်းအထက်ပါ ပကဖတာဝန်ခံကပြောသည်။ 

နတ်မောက်မြို့နယ် အရှေ့တောင်ဘက်ခြမ်းတွင်လည်း မြို့သစ်မြို့နယ်ဘက်မှတဆင့် အင်အား ၈၀ ပါသည့် စစ်ကြောင်းသည် သင်္ကြန်မတိုင်ခင်ကပင် စစ်ကြောင်းထိုးနေပြီး သမုန်းကုန်းကြီးရွာမှ ဝက်ခြံတစ်ခြံနှင့် နေအိမ် နှစ်လုံးကို မီးရှို့ဖျက်ဆီးခဲ့သည်။ လက်ရှိတွင် ထိုစစ်ကြောင်းသည် မြင်းတဲရွာတွင် ရောက်ရှိနေကြောင်းသိရသည်။ 

ဗိုလ်ချုပ်အောင်ဆန်းမွေးရပ်ဇာတိ နတ်မောက်မြို့နယ်သည် စစ်ဗိုလ်ချုပ်များ အခြေစိုက်ရာ နေပြည်တော်နှင့် မိုင် ၈၀ ကျော်သာဝေးပြီး တော်လှန်ရေးအင်အားစုများ နယ်မြေစိုးမိုးမှုအားကောင်းရာ ဒေသဖြစ်သည်။

နှစ်ဖက်ညှပ်နေသည့် စစ်တပ်စစ်ကြောင်းများကြောင့် နတ်မောက် အရှေ့ဘက်မှ ကျီးကန်၊ ကန်ဦးကုန်း၊ ရုံးပင်ကွက်၊ ကန်လေးကုန်းနှင့် မြင်းတဲရွာတို့မှဒေသခံများ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရသည်။ 

မကွေးတိုင်းတွင်စစ်တပ်နှင့် တော်လှန်ရေးအင်အားစုများကြား စစ်ရေးအရှိန်မြှင့်နေရာ မတ်လအတွင်းတွင် မြို့နယ် ၁၃ ခုတွင် ထိတွေ့ တိုက်ပွဲများဖြစ်ခဲ့ပြီး လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂၉ ဦးသေဆုံး၊ ၃၅ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း မကွေးတိုင်းမြေပြင်အခြေအနေများကို လစဉ်ထုတ် ပြန်နေသည့် တမာအင်စတီကျူ၏ အချက်အလက်များအရ သိရသည်။ 

မတ်လအတွင်း စစ်တပ်စစ်ကြောင်းထိုးမီးရှို့မှု၊ လက်နက်ကြီး၊ လေကြောင်းတိုက်ခိုက်မှုတို့ကြောင့် နေအိမ် ၂၇၀ နီးပါး ပျက်စီးခဲ့ပြီးဒေသခံ အရပ်သား နှစ်သောင်းကျော် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရသည်။  

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button