အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

ဖလမ်းမြို့ကို စစ်တပ် ပြန်လည်ထိန်းချုပ်၊ ချင်းပြည်နယ်တွင် စစ်ရေးဖိအားတိုးလာ

လေကြောင်းနှင့် မြေပြင်အင်အားများ အသုံးပြု၍ ဖလမ်းမြို့ကို ပြန်လည်ထိန်းချုပ်ခဲ့သည့် စစ်တပ်၏ ထိုးစစ်သည် ချင်းပြည်မြောက်ပိုင်းတွင် တော်လှန်ရေးအင်အားစုများအပေါ် စစ်ရေးဖိအားတိုးလာစေနိုင်ပြီး စစ်ရေးချိန်ခွင်လျှာ ပြောင်းလဲနိုင်သည့် အချက်များ ပေါ်ပေါက်လာနေသည်။

ချင်းပြည်နယ်၏ ဒုတိယမြို့တော်ဖြစ်သည့် ဖလမ်းမြို့ကို စစ်တပ်က လေကြောင်းနှင့် မြေပြင် အင်အားများ အသုံးပြု ထိုးစစ်ဆင်ပြီး ၂၀၂၆ ခုနှစ် ဧပြီလ ၂၅ ရက်တွင် ပြန်လည်ထိန်းချုပ်သွားခြင်းသည် ချင်းပြည်မြောက်ပိုင်း စစ်ရေးအခြေအနေများကို ပြောင်းလဲသွားစေနိုင်သည့် အခြေအနေများ ပေါ်ပေါက်လာနေသည်။

ဖလမ်းကို ချင်းတော်လှန်ရေးအင်အားစုများက ယခင်နှစ် ဧပြီလတွင် သိမ်းပိုက်ထားနိုင်ခဲ့သော်လည်း စစ်တပ်က ၂၀၂၅ ခုနှစ် အောက်တိုဘာလမှ စတင်ထိုးစစ်ဆင်လာပြီး ခြောက်လကျော်ကြာ တိုက်ပွဲများအပြီး ပြန်လည်ရယူခဲ့ခြင်းဖြစ်သည်။

ချင်းပြည်နယ်နှင့်ထိစပ်နေသည့် စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မှ အင်အားရာနှင့်ချီပါဝင်သည့် စစ်ကြောင်း နှစ်ခုသည် ကလေးမြို့ အနောက်ဘက် ကလေး – သိုင်းငင်း – တီးတိန်လမ်းကြောင်းနှင့် ကလေးမြို့ တောင်ဘက် ကလေး – ဂန့်ဂေါ ကားလမ်းမှတဆင့် ချင်းပြည်နယ်ကို စစ်တပ်က ထိုးစစ်ဆင်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင်စစ်တပ်ထိန်းချုပ်ထားရာ တီးတိန်မြို့ အခြေစိုက် အမှတ်၂၆၉ ခြေလျင်တပ်ရင်းတွင်လည်း လေကြောင်းမှတဆင့် အင်အား ၅၀၀ ခန့်ဖြည့်တင်းခဲ့ကြောင်း ချင်းညီနောင်အဖွဲ့ဝင်ဖြစ်သည့် PDF Zoland က ထုတ်ပြန်သည်။  

တီးတိန်တွင် အင်အားဖြည့်ပြီး ဆင်းလာသည့် စစ်ကြောင်းနှင့် ကလေးမြောက်ပိုင်းမှ တက်လာသည့် စစ်ကြောင်းတို့ သိုင်းငင်းတွင်ဆုံစည်းကာ ဖလမ်းမြို့ကို ဖိအားပေးတိုက်ခိုက်ခဲ့ပြီး တော်လှန်ရေးတပ်များက ဖလမ်းကို လက်လွှတ်လိုက်ရခြင်း ဖြစ်သည်။

“စစ်တပ်က လေကြောင်းလည်းအားသာတယ်။ သူတို့ပစ်အားကိုလည်း လိုအပ်တာ ထက်ပိုပြီး အလွန် အကျွံသုံးလာနိုင်တယ်။ ခဲယမ်းပြတ်တောက်သွားတဲ့ အနေထားမျိုးမရှိဘူး။ ကလေး- သိုင်းငင်း- ဖလမ်း LOC (ထောက်ပံ့ရေး) လမ်းကြောင်းကိုသေချာရပြီဆိုမှ အချိန်ယူပြီးမှ တိုက်စစ်ဆင်တယ်။ ပြီးရင်ပစ်အားကို သုံးသွားတဲ့အတွက် ချင်းတော်လှန်ရေးတပ်တွေက ပစ်အားချင်းမယှဉ်နိုင်လို့ လက်လွှတ်လိုက်ရတယ်လို့ သုံးသပ်ပါတယ်”ဟု ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းအပြီး CDM လှုပ်ရှားမှုတွင် ပါဝင်လာသူ ဗိုလ်ကြီးဇင်ယော် ကသုံးသပ်သည်။ 

ချင်းပြည်နယ်၏ ပထမဆုံးလေဆိပ်ဖြစ်သည့် ဆူရ်ဘုန်လေဆိပ်ရှိရာ ဖလမ်းမြို့ကို ပြန်လည်ရရှိရန် ယမန်နှစ် အောက်တိုဘာလတွင် စစ်တပ်က စတင်ထိုးစစ်ဆင်လာရာ ချင်းညီနောင်နှင့် ချင်းပြည်ကောင်စီတို့ ပူးပေါင်းထားသည့် ချင်းတော်လှန်ရေးအင်အားစုများက ခြောက်လကျော်ကြာအောင် ခုခံခဲ့ကြသော်လည်း လက်လွှတ်ခဲ့ရသည်။

စစ်တပ်သည် မြေပြင်တွင် အင်အားရာနှင့်ချီစစ်ကြောင်းထိုးသလို လေကြောင်းအသာစီးဖြင့် ဖိအားပေးတိုက်ခိုက် ထိုးဖောက်ခဲ့ကြောင်း ချင်းတော်လှန်ရေး အင်အားစုများကဆိုသည်။ 

“လေယာဉ်ကို တပြိုင်တည်းကို သုံးစီး လောက်သုံးတယ်။ အရင်ကအဲ့ဒီလိုမျိုး မသုံးဖူးဘူး။ လေကြောင်းက မနားတမ်းပဲ။ ည၊ မနက်မိုးလင်း၊ မနက် ၄နာရီ၊ ၅ နာရီလောက်ဆို သူတို့ တိုးလာတယ်။ တိုးလာရင် တောက်လျှောက် မိုးလင်းတာနဲ့လေယာဉ်ကဝဲတော့တာ”ဟု ချင်းတော် လှန်ရေးအင်အားစုတစ်ခုဖြစ်သည့် CDF (Civic Defense Militia – CDM) စီးယင်းအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။ 

စစ်တပ်၏ ဖလမ်းထိုးစစ်တွင် တော်လှန်ရေးအင်အားစုများဘက်မှ တပ်ဖွဲ့ဝင် အနည်းဆုံး ၄၂ ဦးသေဆုံးသည့် အပြင် ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လေကြောင်းနှင့်ဒရုန်းကြောင့် ထိခိုက်မှုအများဆုံးဖြစ်ခဲ့ကြောင်း  ချင်းရေးရာအဖွဲ့ (Institute of Chin Affairs) က မတ်လတွင်ထုတ်ပြန်သည့် ဖလမ်းမြို့နယ်ရှိ တိုက်ပွဲများ သုံးသပ်ချက်တွင် ဖော်ပြထားသည်။ 

ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်းမြို့ကို ဧပြီလနောက်ဆုံးပတ်တွင် စစ်တပ်ဝင်ရောက်ထိန်းချုပ်ပြီးနောက် တွေ့ရစဉ်။ (ဓာတ်ပုံ- Telegram Channel)

စစ်တပ်၏ ဖလမ်းထိုးစစ်ကို ချင်းညီနောင် နှင့် ချင်းပြည်ကောင်စီတို့က စုပေါင်းခုခံခဲ့ကြသော်လည်း မဟာဗျူဟာအရစုဖွဲ့မှုတွင် အားနည်းချက်များရှိခဲ့ကြောင်း တော်လှန်ရေးအင်အားစုများက‌ ထောက်ပြ သုံးသပ်သည်။ 

ဖလမ်းမြို့သည် ပြည်နယ်မြောက်နှင့်တောင်ကို ချိတ်ဆက်ပေးသော မဟာဗျူဟာအရေးပါသည့် နေရာတစ်ခု ဖြစ်ပြီး ဟားခါး၊ တီးတိန်တို့မှတဆင့် မကွေးတိုင်း ဂန့်ဂေါဒေသနှင့် ဆက်သွယ်နိုင်သည်။ ထို့အပြင် အိန္ဒိယနယ်စပ် ကုန်သွယ်ရေးအချက်အချာဖြစ်သည့် ရိခေါဒါရ်မြို့နှင့်လည်း နီးကပ်ခြင်းကြောင့် အရေးပါသည့်မြို့ဖြစ်သည်။

ချင်းပြည်နယ်တောင်ပိုင်းနှင့်မြောက်ပိုင်း ဆုံချက်လည်းဖြစ်သော ထိုမြို့ကို စစ်တပ်က ထိန်းချုပ်လိုက်နိုင် ခြင်းကြောင့် ချင်းပြည်နယ်အတွင်း တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် မြို့နယ်များအတွက် စစ်ရေးဖိအားတိုး လာခဲ့သည်။

ပြည်နယ်မြောက်ပိုင်းရှိ တော်လှန်ရေးအင်အားစုများ ထိန်းချုပ်ထားသည့် အိန္ဒိယ မြန်မာနယ်စပ်ရှိ ရိခေါဒါရ်မြို့၊ ထန်တလန်မြို့နယ်နှင့် တွန်းဇံမြို့နယ်တို့ကို ဦးတည်လာနိုင်သည်ဟု ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းအပြီး CDM လှုပ်ရှားမှုတွင် ပါဝင်လာသူ ဗိုလ်ကြီးဇင်ယော် ကသုံးသပ်သည်။ 

“ဖလမ်းကိုခြေကုပ်ရပြီးဆိုတော့ သူတို့ အနားမပေးတာကိုတွေ့ရတယ် ဆက်ပြီးတော့ အောင်မြေချဲ့ အမြတ်ထုတ်နေတယ်။ ဖလမ်း – ဟားခါးလမ်းပိုင်းကို အရင်ထိန်းချုပ်မယ်။ ပြီးရင် ရိခေါဒါရ် နယ်စပ်မြို့ကို တိုက်ခိုက်မယ့် အနေအထားမျိုးရှိတယ်။ အဲ့ဒါပြီးရင် ထန်တလန်မြို့မှာရှိနေပြီးသား ဖြစ်တဲ့စစ်ကြောင်းတွေနဲ့ လက်ချင်းချိတ်ဖို့ ကြိုးစားလာမယ့်အနေထားမျိုးရှိတယ်။ တွန်းဇံက နောက်ဆုံးမှဖြစ်နိုင်တယ်”ဟု ဗိုလ်ကြီးဇင်ယော်က ဆိုသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီလအတွင်း တွေ့ရသည့် ဖလမ်းမြို့။ (ဓာတ်ပုံ − စစ်တပ်ထိန်းချုပ် ပြန်ကြားရေး)

အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်နှင့် ထိစပ်နေသော ရိခေါဒါရ်မြို့သည် နယ်စပ်ကုန်သွယ်ရေးအတွက် အချက်ချာကျပြီး ချင်းပြည်ကောင်စီက ၂၀၂၃ နှစ်ကုန်ပိုင်းတွင် တိုက်ခိုက်သိမ်းပိုက်ပြီး အုပ်ချုပ်ရေးလုပ်ငန်းများ လည်ပတ်နေသည်။ 

“(စစ်တပ်က) နယ်စပ်ကိုထိန်းချုပ်ချင်မှာပဲ အဲ့ဒီက မဟာဗျူဟာကျတာပေါ့။ သိုင်းငင်း၊ ရိဒ်တို့၊ ဖလမ်းတို့ဆိုရင် သူတို့က ချင်းပြည်မြောက်ပိုင်းကို သုံးပုံနှစ်ပုံလောက် ထိန်းချုပ်နိုင်သွားပြီ”ဟု ဒေသအခြေစိုက် တော်လှန်ရေးတပ် CDF စီးယင်း တာဝန်ရှိသူကပြောသည်။ 

ချင်းပြည်နယ်တောင်ပိုင်းရှိ မတူပီ၊ မင်းတပ်၊ ကန်ပက်လက်ကို ချင်းညီနောင်ကထိန်းချုပ်ထားပြီး ၎င်းတို့၏ မဟာမိတ်ဖြစ်သည့် အာရက္ခတပ်တော် AA က ပလက်ဝကိုထိန်းချုပ်ထားသည်။

ပြည်နယ် မြောက်ပိုင်းရှိ ဟားခါးနှင့်တီးတိန်မြို့တို့တွင် စစ်တပ်ကမြို့ပေါ်တွင်ခြေကုပ်ယူထားပြီး တွန်းဇံမြို့နယ်ကို ချင်းပြည်ကောင်စီက သိမ်းပိုက်ထားသည်။ မြို့လုံးကျွတ်စစ်ဘေးရှောင်နေရသည့် ထန်တလန်မြို့ပေါ်တွင် ချင်းပြည်ကောင်စီနှင့် စစ်တပ်က မြို့ကိုတစ်ဝက်စီ နေရာယူထားသည်။ 

ချင်းပြည်နယ်အတွင် တော်လှန်ရေးအင်အားစုများတွင် နွေဦးတော်လှန်ရေးတွင် ပေါ်ပေါက်လာသည့် ချင်းအမျိုးသား ကာကွယ်ရေးတပ်ဖွဲ့၊ ချင်းအမျိုးသားကောင်စီ (CDF မင်းတပ်)၊ CDF ကန်ပက်လက်၊ CDF မတူပီ (တပ်မဟာ ၁) ၊ PDF Zoland နှင့် မရာနယ်မြေကောင်စီ (MTC/ MDF) တို့ဖြင့် ချင်းညီနောင်ကို စုဖွဲ့ထားသည်။ 

ချင်းပြည်ကောင်စီကို ချင်းအမျိုးသားတပ်မတော် (CNF/CNA )က ဦးဆောင်ပြီး ချင်းဒေသကာကွယ်ရေး အဖွဲ့များဖြင့် စုဖွဲ့ထားသည်။ ချင်းတော်လှန်ရေး အင်အားစုများဖြစ်သည့် CC နှင့် CB ကြား ယမန်နှစ်အတွင်း နယ်မြေအငြင်းပွားမှုများနှင့်ပတ်သက်ပြီး ပွတ်တိုက်မှုများရှိခဲ့သည်။

ချင်းပြည်နယ်အတွင်း စစ်တပ်နှင့် တော်လှန်ရေး အင်အားစုများ ထိန်းချုပ်ထားသည့် ဒေသများပြ မြေပုံ။

ချင်းပြည်နယ်တွင် လက်လွှတ်စိုးမိုးနယ်မြေများ ပြန်လည်ရယူနိုင်ရေး ထိုးစစ်အရှိန်မြှင့်လာနိုင်သည့် အတွက် တော်လှန်ရေးအင်အားစုများအနေဖြင့် ညီညွတ်မှု၊ မဟာဗျူဟာစုဖွဲ့နိုင်မှုနှင့် နည်းပညာပိုင်းဆိုင်ရာ မြှင့်တင်မှုများ လုပ်ဆောင်ရန် လိုအပ်ကြောင်း CDF စီးယင်းတာဝန်ရှိသူက အကြံပြုသည်။ 

တော်လှန်ရေးဘက်ကတော့ စုဖွဲ့မှုမဟာဗျူဟာအားနည်းချက်ကို ပြင်ရမယ်။ ဒုတိယအချက်က ခေတ်မီ နည်းပညာ စစ်သုံးပစ္စည်းတွေ မြှင့်တင်လာတဲ့စစ်ကော်မရှင်ကို ဘယ်လိုခုခံနိုင်မလဲဆိုတဲ့ နည်းပညာပိုင်း မြှင့်တင်ဖို့လိုတယ်။ အဲ့ဒါအဓိကပါပဲ။ ကျန်တာကတော့ သူတို့ဘယ်လောက်ပဲ လူအင်အားများများ၊ ကျွန်တော်တို့ စိုးရိမ်စရာတော့မရှိဘူး”ဟု ၎င်းကသုံးသပ်သည်။ 

အာဏာသိမ်းစစ်ခေါင်းဆောင်က သမ္မတအဖြစ် အသွင်ပြောင်းဖွဲ့စည်းခဲ့ပြီးနောက် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင်များ အပါအဝင် လက်မှတ်မထိုးရသေးသည့် EAO များနှင့်လည်း ဇူလိုင်လ ၃၁ ရက်မတိုင်မီ တွေ့ဆုံဆွေးနွေးရန် ဖိတ်ခေါ်ထားသည်။ တစ်ဖက်တွင်လည်း တော်လှန်ရေးအင်အားစုများအားကောင်းရာ နိုင်ငံအလယ်ပိုင်း စစ်ကိုင်း၊ မကွေး၊ ရခိုင်နှင့် ချင်းပြည်နယ်တို့တွင် စစ်ရေးအရှိန်မြှင့်နေသည်။ 

ထို့အပြင် တိုင်းနှင့်ပြည်နယ်ကိုးခုရှိ မြို့နယ်ပေါင်း ၆၀ တွင် အုပ်ချုပ်ရေးနှင့်တရားစီရင်ရေးကို စစ်အုပ်ချုပ်ရေး ကြေညာခဲ့ရာ ချင်းပြည်နယ်မှ ဖလမ်း၊ ကန်ပက်လက်၊ ထန်တလန်၊ ပလက်ဝ၊ တွန်းဇံ၊ မင်းတပ်နှင့် မတူပီမြို့နယ်များကိုပါ ထည့်သွင်းထားသည်။

ချင်းပြည်နယ်အတွင်း မြို့နယ်များကို စစ်အုပ်ချုပ်ရေး ဆက်လက်ကျင့်သုံးခြင်း၊ ဖလမ်းမြို့ကို စစ်တပ်က ပြန်လည်ထိန်းချုပ်လိုက်နိုင်ခြင်းသည် ချင်းပြည်နယ်အတွင်း စစ်ရေးအပြောင်းအလဲများ ဆက်လက် ဖြစ်ပေါ်နိုင်သည့်အချက်များလည်းဖြစ်သည်။

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button